မောင်လူရေး - ထမင်းဝဝ စားထားရုံမှတပါး


 မောင်လူရေး - ထမင်းဝဝ စားထားရုံမှတပါး
(မိုးမခ) မတ် ၆၊ ၂၀၁၈

မင်းတို့ ထမင်းဝအောင် စားထားဟူသောစကားသည် နိုင်ငံရေးပြဿနာများကြားက ပေါ်ပေါက်လာသော နိုင်ငံရေးတဘောင်ပင်။

ယင်း နိုင်ငံရေးတဘောင်သည် မြန်မာ့နိုင်ငံရေးအခြေအနေကို ပုံဖော်ပြသည်။ မငဲ့မကွက် ဒဲ့အနက်ကောက်ရလျှင် "ပြည်သူအားလုံးကို အဝှာထင်တယ်" ဟု အဓိပ္ပါယ်ရသည်။

ယင်းအချက်တွင် လက်နက်မပါသည့်အခြမ်း တနည်း လူထုဆက်ဆံရေးမျက်နှာစာအခြမ်းမှာ သူ့ဘက် ကိုယ့်ဘက် ဘက်တိုက်ပွဲကို ရှင်းရှင်းလင်းလင်းမြင်ရသလို လက်နက်ကိုင်သည့်အခြမ်း၌ ရင်ကြားစေ့ရေးကိုလည်း ပြက်ပြက်ထင်ထင် တွေ့မြင်ရသည်။

ယင်းတဘောင်၏ဆိုလိုရင်းမှာ မြန်မာ့နိုင်ငံရေးတွင် ရှင်းလင်းပြခြင်းငှာ မစွမ်းသာသော အခြေအနေများကို အသာတကြည်လက်ခံရန် ဖြစ်သည်။

ဥပမာ ဖြူးပြည်သူများ။ သူတို့ မဲထည့်လိုက်၍ အမတ်ဖြစ်သွားသောသူသည် ဘယ်အခန်းကဏ္ဍတွင် ဘယ်အဝတ်ကို ဝတ်ဆင်၍ ဘယ်ကကွက်ကို ပြင်နေသည်မသိပေမယ့် သူတို့ ရွံ၍ မဲမထည့်လိုက်လို့ အမတ်မဖြစ်လိုက်ရသော ကိုရွှေမန်းသည် နိုင်ငံတော်၏ အရေးကြီးကဏ္ဍတွင် ပဏ္ဍိတကြီးအဖြစ် တင်ဆက်ကပြနေပေပြီ။

ထို့အတူ ကန်ပက်လက်ပြည်သူတွေ။ သူတို့မဲမထည့်လိုက်လို့ ရှုံးနိမ့်သူသူရအောင်ကိုက ဝန်ကြီးဖြစ်ပြီး သူတို့မဲထည့်လို့ နိုင်သွားသူက ဘာဖြစ်သွားသည်မသိပေ။ မြန်မာတို့၏ အသဲကြားက မဲတပြားသည် သို့ကလို ဝဲစားခံရကောင်း ခံရနိုင်သည်ဟု ဆိုလိုပြန်ချေသည်။

 နောက် ဘာရွေးကောက်ပွဲမှမဝင်ရဘဲ အမတ်ဖြစ်သူများ။ ကာချုပ်ဖြစ်ရုံမျှဖြင့် သမတအထက်တက်ပြီး ဝန်ကြီးရာထူးခန့်ခွင့်ရတာများကို တတိုင်းပြည်လုံးက အသာတကြည် လက်ခံပေးရသည့် အခြေအနေဆိုးကိုလည်း ပြဆိုသည်။

မင်းတို့ ထမင်းဝအောင်စားထားတဘောင်၏ပဓာနဆိုလိုချက်ကတော့ ဘယ်သူရေးထားမှန်း ဘယ်လိုရေးထားမှန်း ဘာတွေရေးထားမှန်းမသိသည့် အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနှင့် ဘယ်မျှပင် ဆန့်ကျင်နေပါစေ၊ တပ်မတော်သားများအဖို့ သားစဉ်မြေးဆက် ဖက်တွယ် ကာကွယ်စောင့်ရှောက်ရန်ပင်ဖြစ်သည်။

 ယင်းအတွက် ပြည်သူဘဲဖြစ်ဖြစ် စစ်တွေသူဘဲဖြစ်ဖြစ် ရဲရွာကဘဲဖြစ်ဖြစ် မကျေနပ်လို့ ဆန္ဒပြဖို့ မကျိုးစားနှင့်။ ယခုအခါ ပြည်သူ့အစိုးရက ထောင်သုံးနှစ်ချဖို့ စီစဉ်နေလေပြီ။

မင်းတို့ ပြည်သူတွေ အဲ ကျွန်တော်တို့ပြည်သူတွေ ထမင်းဝအောင် စားထားရုံမှအပ အခြားမရှိပါခညာ။

Comments