မောင်စွမ်းရည် ● ရွာလွမ်းချင်း


မောင်စွမ်းရည် ● ရွာလွမ်းချင်း
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၈

ဘာပဲသောက်သောက်
သောက်တတ်မှ ကောင်းတာကလား
ထန်းရေသောက်တာတော့
ထန်းပင်အောက်မှာ အကောင်းဆုံးပဲ။

ထန်းပင်ရင်းက မြက်ခင်းပေါ်မှာ
ပဲကြီးလှော်ကြဲ၊
ဆေးလိပ်ကြိုက်ရင် ဆေးလိပ်ခဲ
ခြေဆင်းလဲလူ၊ အပူအပင်မရှိ။

ပဲစိကို တစိစီကောက်
အလျားမှောက်ပြီး
သောက်တာကို လက်ချော်ပြီး၊ ခွက်မကျော်ရင်
ပျော်ရွှင်ဖွယ်အတိ
အလွန်စည်းစိမ်ရှိတာကလား။

မိုးဦးကျစ
ပုတတ်က တကောင်နှစ်ကောင်
ရအောင်အရင်ရှာရမယ်
ပုတတ်ကလေး နီကျင်ကျင်
နွယ်ကြိုးရှည်နဲ့ မဝင်လေနဲ့
ခွေးမြင်ရင် ခုန်ဟပ်မယ်၊ ဖုန်ကပ်မယ်
ခါးပုံစမှာ အသာခွေထည့်ပါ
ရွာအခြေထန်းတဲကိုရောက်ရင်
ထတ်းလျက်ဖိုမှာကင်
ကင်ပြီးတော့ ထောင်း၊ ထောင်းပြီးတော့ ကြော်၊
ကြက်သွန်နီနဲ့ ၊ ကြက်သွန်မြိတ်နဲ့
ငရုတ်သီးပွ၊ လေးစိတ်စိတ်
အိုးအဖုံးမပိတ်ဘဲ
မီးဖိုလေး မပူတပူမှာ
ဆီပူလေး တလှိမ့်၊ နှစ်လှိမ့် လှိမ့်လိုက်ရင်ကွယ်
ဆိမ့်လိုက်မယ့် ဖြစ်ခြင်း။

ပုတတ်လိုက်ရင်း
မပျင်းသေးလို့အချိန်ရရင်
ပိန်မတို့ရှားတောအစ
နဘူးချုံ ဆူးချုံဖွသွား
ပျားအုံလေး၊ ဘာလေးရှာပေါ့
ပျားလပို့မမက်နဲ့ ပျားသလက်ကိုညှစ်
ပျားနို့ရည် ဖြူပျစ်ပျစ်နဲ့
ပြောင်းဖူးနုရည်အနှစ်ကို
နှမ်းဆီစစ်စစ်န့ကြော်ရင်
တဲပေါ်က တိုက်ပေါ်ရောက်သလိုပဲ
သောက်တာက ယစ်၊ စားတာက အစ်နဲ့
အယစ်တွေ ရှည်လေရော့။

ထန်းသမားကြီးက ဦးခတဲ့
ဒူးကျအောင် ထိုးကွင်းဟာ
ကြောင်းအဆင်း၊ ကြောင်အတက်နဲ့
ထန်းတက်ရင် အရက်မသောက်
ထန်းရေလောက်လဲမမက်
ဆေးရွက်ကြီးပဲ ငုံတယ်
မြုံစိစိနဲ့ စကားမပြောဘူး
ဦးခက လူထူးပဲ။

ထူးပုံကို ကြုံလို့ပြောရဦးမယ်
တခါတုန်းကပေါ့
ထန်းတက်တာ ကိုယ်တုံးလုံးနဲ့
ထန်းတက်နေတုန်း မိုးမရော
မိုးမိတော့ အအေးပတ်ရော
ထန်တက်တာရပ်ပြီး ဖိနပ်မပါဘဲ
ရွာထဲကို အမြန်သုတ်ပြီး
ကျားဘမ်းပရုတ်ဆီ
အဖေ့ညီကျောင်းဆရာဆီမှာ
တောင်းပြီး မျိုသတဲ့

ပရုတ်ဆီမရှိရင်၊ ဘုန်းကြီးဆီပြေး
ရေနံချေးတကလော်ကို
မျိုသော်ပျောက်၏တဲ့။

ဆံပင်စုတ်ဖွား တင်တုတ်ကားနဲ့
ထန်းသမားကတော်က၊ ရှင်ဂွက်ထော်တဲ့။
မနော်နွယ် နို့တွဲလောင်းနဲ့
ထန်းရေအိုးကို ခေါင်းမှာရွက်
ခါးထစ်ခွင် ကလေးတကောင်။
ထန်းပလပ် နွးရုပ်ဆွဲ
နှပ်တွဲလဲ ဂျိုးတန်းလန်းနဲ့
ထန်းမျိုးဆက်သစ်ချစ်စရာလေးတွေက
တကောင်၊ နှစ်ကောင်။

ရန်လုံ၊ အောင်နက်
ကြွက်လိုက်၊ ယုန်လိုက်
ရှဥ့်လိုက်၊ ပွေးတူး
ခွေးဘီးလူးက သုံးလေးကောင်။
"ကောင်လေးတွေ ဘာလိုသေးတုံး" တဲ့
တပြုံးပြုံး မေးလား မေးရဲ့
ထန်းရေဖိုးပေးလည်း မယူဖူးတဲ့
ငါလည်း တခါမှ မပေးဖူးပါဘူး။

တခါတခါ ယုန်သား
တခါတလေ လင်းမြွေသား
သူကြီးသား ငဝက်စားဖို့တဲ့
မြွေသားကို အချဉ်နဲ့နှပ်ပြီး
ချက်တတ်ရင် ကောင်းချက်တော့၊
မချက်တတ်ရင်ကော
မချက်တတ်ရင် အထူးမလုပ်နဲ့
နူးရုံသာပြုတ် အရေဆုတ်ပြီး
ညက်ရုံထောင်း
ဆီစိမ်းလေးလောင်း၊ ကြက်သွန်မြိတ်လေးလှီး
လှီးတာတောင် မစောင့်ချင်ရင်
အပင်လိုက်ကိုက်ပြီး၊ ထန်းရေနဲ့ မြည်းလိုက်ရင်
ရွာသူကြီးဘုရားတကာလဲ
အနားလာပြီး ရောတိရောယောင်နဲ့
ကောင်လေးတွေ ရန်မဖြစ်ကြနဲ့
ရန်ဖြစ်တာ မကောင်းဘူးတဲ့၊
ဒါပြောင်းဖူးကြော်လား
အင်း တော်တော်ကောင်းသားဟဲ့၊ ဘာဟဲ့၊ ညာဟဲ့
တစလောင်း တဖလားငှဲ့ပြီး
သူ့အာခေါင်ထဲ ထည့်သွားမှာပါပဲ။

သာနိုးတို့၊ မိုးသူတို့
လူပျိုသိုးတသိုက်
တို့ရွာကို လိုက်ပြီးလာတော့
တို့စရိုက်၊ တို့သဘာဝ
မြို့သားတွေ လာပကောလို့
ထန်းတောမှာ ဝါးကွပ်ပျစ်ကို
လျှော်အသစ်နဲ့ ကွပ်ထားသတဲ့။

သူတို့လဲ မြို့ပြန်
နို့လှန်ပြီး ကလေးကိုတိုက်ရင်း
ကြိုက်ရာအမည်စဉ်းစားတော့
သူ့သားကို သားနိုးတဲ့၊ မိုးသူတဲ့
ဂုဏ်ယူပြီးပေးခဲ့တာ၊
ခုအခါ သာနိုးလဲ ထန်းတက်လို့
မိုးသူလဲ ထန်းတက်လို့
မျိုးဆက်သစ်လေးတွေလေ
ဒူးတွေတောင် ချောင်လို့
နဖူးတွေတောင် ပြောင်ရောပေါ့။
လွန်ခဲ့တဲ့ နှစ်လေးဆယ်
ကုန်လွယ်လိုက်တာ
မနေ့တနေ့ကလိုသာ ထင်ဆဲ
အဲ ... အဲဒီတုန်းက ငါ့အဖေလည်း ရှိသေးတယ်လေ။

ဒီလိုပေါ့ကွာ၊ တခါတလေပေါ့တဲ့
သောက်တော့သောက်လေ၊ မမူးစေနဲ့
ငါ့အဖေက ငါ့ကောင်တွေကို
ဆုံးမတယ်၊ ပြုံပြတယ်။

ငါ့အဖေရှေ့မှာ ငါထန်းရေမသောက်ခဲ့ဘူး
ငါ့အဖေကွယ်ရာမှတော့
ဆယ်ခါလောက်လား၊ ဆယ့်ငါးခါလောက်လား
မှောက်မှောက်မှားမှားနဲ့
ယောက်ဖငကြွားနဲ့ပေါ့
သောက်သောက်စားစား
နည်းနည်းပါးပါးလုပ်ဖူးရဲ့
သောက်တဲ့အခါ မမူးပါဘူး
မူးတဲ့အခါလည်း မရူးစေရပါဘူး
နတ်ရွာကအဖေ၊ ခွင့်လွှတ်ရှာပေလိမ့်မယ်။

ရွာကိုသွားရင်
မိဘမဲ့သား၊ ခြောက်ဆယ်ကျော် အူကြောင်ကျားကို
သနားကြသတဲ့။

မနှစ်ကတခေါက်
ငါ့ရွာရောက်တယ်။
ရောက်ရင် ရောက်ချင်း ထန်းတောတွင်းကို ဆင်းခဲ့တယ်။
ထန်းပင်အောက်မှာ
ထန်းရေကလေးတငုံလောက်
လေးငါးဆယ်ငုံလောက် သောက်ခဲ့မိတယ် ... ကွယ်
အဖေ့ကို လွမ်းလို့ပါ။

မောင်စွမ်းရည်
ဇန်နဝါရီ ၁၃၊ ၂၀၁၈
0