မောင်ဥက္ကလာ ● ခီလေသမျှ ဟိုဟာကွဲရ

မောင်ဥက္ကလာ ● ခီလေသမျှ ဟိုဟာကွဲရ
(မိုးမခ) မတ်လ ၃၀၊ ၂၀၁၈

ဒီရက်အတွင်း ရွှေပြည်ဖွဘုတ် နံရံပေါ်မှာ ရွှေပြည်သားတွေ တခီခီ ဖြစ်နေတာနဲ့ မေတ္တာတရားလွှမ်းခြုံ၊ အလွန်အေးချမ်းသာ ယာတဲ့ ရွှေပြည်ကြီးမှာ  ဘာတွေဖြစ်ပြန်ပြီလဲလို့ အလန့်ထညက် ခေါင်းထောင်ကြည့်လိုက်သည်အခါ …

ရွှေပြည်ရဲ့   အားလုံးအထက်မှာရှိတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင် မင်းပြောင်းမင်းလွှဲ မအားမလပ်ကြားမှ ရွှေပြည်သမိုင်းအတွက် အထူး အရေးကြီးတဲ့ နေ့ကြီးနေ့မြတ်တရက်ဖြစ်တဲ့ ရွှေပြည်ရုပ်သေ ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို အချိန်ပေး တက်ရောက် ပြီး၊ ရွှေပြည်သမိုင်း အပြောင်းအလဲကို ရှေ့တန်းမှ ရဲရဲဝံ့ဝံ့၊ မားမားမတ်မတ် စပွန်ဆာယူပြီး  ရပ်တည်နေကြတဲ့ ရုပ်သေလောက သားတွေကို ကျေးဇူးတင်စကား တက်ရောက်ပြောကြတာကို တွေ့မြင်ပြီး ရုပ်သေလောကသားတွေနဲ့ထပ်တူ ဝမ်းမြောက်မဆုံး ခင်မှာ…

အားလုံးအထက်ကပုဂ္ဂိုလ်ရဲ့  မိန့်စကားကို ရုပ်သေလောကသားများ မြေဝယ်မကျ နာခံပြီးနောက် Soft Power အသုံးအနှုန်းကိုေ-ာက်ပေါ လို့ အသံထွက်၊ နားလည်သလားမသိ ထို့ညတွင် ရုပ်သေလောကသားတို့မှာ မတော်ရာမှာ ပျော်စရာရှာ နေကြတဲ့ ရွှေပြည်သားတွေ တခီခီ ဖြစ်နေတာနဲ့ ပတ်သက်ပြီး၊ မအောင့်နိုင်မအီနိုင် အုပ်စုဖွဲ့ကာ သူတို့ရဲ့  ခနော်ခနဲ့ ရွာခြံစည်းနား ကပ်လာသူ၊ ရွာခြံစည်းကို ကျော်ခွထွက်ချင်သူများကို တချိန်တခါက ရွှေပြည်ကြီးမှာ ဗိုလ်ကျသောင်းကျန်းသွားခဲ့(နေ)တဲ့ ငြိမ်ဝပ်ပိပြားရေး လက်နက်ကိုင်အဖွဲ့ရဲ့  ကြွေးကြော်သံများ … အမေကျော် ဒွေးတော်မလွမ်းနဲ့၊ ပြည်ပအားကို ပုဆိန်ရိုး၊ အချုပ်အခြာ အာဏာ မထိပါးနဲ့ … ကိုင်ဆွဲကာ ဖွဘုတ်နံရံကြီး ပေါက်ထွက်မတတ် အစွယ်တဝင်းဝင်း၊ ဒေါသအမြောင်းမြောင်းနဲ့ ဂျေဒိုးနတ်တွေစားကာ ကုတ်ခြစ် … အဲ … ရေးခြစ်ကြလေသည်။

ဖွဘုတ်ကို သူတို့ ရုပ်သေလောကသားတွေ ကိုယ်ပိုင်ရိုက်ကွင်းအထင်နဲ့ စည်းလွတ်ဝါးလွတ် ဖွလိုက်ကြတာ သူတို့ရဲ့  မဟာလျှို့ ဝှက် အတင်းချက် (chat) တွေကို ထပ်ဆင့်ဖွချင်သူ အဖွဲ့ဝင်တဦး (ဝါ) နီးစပ်သူတဦးက မောင်ဥက္ကလာထံ ပေးပို့ လာလို့ စာရှုသူများလည်း သိစေဖို့ ပြန်လည်စာစီကုံးကာ ဖွဝေလိုက်ပါသည်။ မှန်၏မမှန်၏ကို စာရှုသူတို့ နှလုံးသားပိတ်ပြီး ဦးနှောက်နဲ့ ဖတ်ရှု့ ကြပါ။

‘ဟယ်လို … ဒီည ဖွဘုတ်ဂရုပ်ချက် (Group Chat) ပေါ်မှာ ဘယ်သူတွေ ရှိကြလဲ။ ရက်နဲ့ချီ ရင်ထဲစို့နေတဲ့ ဂျေလုံးတွေကို အန်ထုတ်ပြောကြဖို့ ဖိတ်ခေါ်ပါတယ်။’

‘ဟေ့ ငါ ရှိတယ်။ ပြောချင်လို့ စောင့်နေတာ ကြာပြီ။ ကဲ … အစဉ်အလာမပြတ် ငါပဲ စပြောမယ် … မင်းတို့မြင်တယ် မဟုတ် လား။ အဖွားကြီး* က အသက်ကြီးပေမယ့် မပျက်ဆီးသေးဘူးနော်။ ငါတို့ မင်းသမီးတွေထက် အများကြီးမိုက်တယ်။ အဖွား ကြီးသာ တစ်နာရီလောက် အချိန်ပေးနိုင်ရင် ငါတို့ နှစ်ရက်ထဲနဲ့ အပြတ်ရိုက်နေတဲ့  ပေါကား၊ ဂျင်းကားတွေ$ ထဲ ဖြတ်လျှောက် လောက် ထည့်ရိုက်လိုက်ရင်တောင် ငါတို့တွေ ဝက်ဝက်ကွဲ ထောကြမှာနော်။’ (*လူရှေ့ သူရှေ့ မှာတော့ အမေလို့ ချွဲချွဲပြစ်ပြစ် ခေါ်လေ့ရှိကြ။ $- နိုင်ငံတကာအဆင့်မမီနိုင်တော့ နိုင်ငံတကာ အဆင့်မီ ဇာတ်ကား၊ ဇာတ်လမ်းကို ရိုက်ကွင်းမှာ လက်တမ်းပြောဆို ပုံတူးကူးချရိုက်။)

ကိုယ်ပြောတာ အကုန်မှန်ပြီး သူများပြောတာ တချက်နားမထောင်တတ်တဲ့ ဆရာ့ဆရာကြီး ကိုကြီးကတုံး ပြုတ်တူရဲ့အ ပြောဆုံးတာနဲ့ … ‘ကျနော်တို့ အကိုကြီး ပြေးချက်က အမိုက်လန်းတယ်။ ဘာမှမရှိတဲ့ ကျနော့်ခေါင်းထဲ ဝုန်းကနဲ့ ဆောင့်ဝင် လာတဲ့အတွေးက … ဇာတ်ကားအမည်ကို “အမေ့ရဲ့ ခေါ်သံ” ပေးပြီး၊ ဇာတ်လမ်းထဲမှာ … အမေ့မျက်နှာကြီးကို မိုးကောင်ကင် ပေါ်အပြည့်၊ တိမ်တွေနောက်ကွယ်က ပေါ်လိုက်ပျောက်လိုက် တဖြတ်ဖြတ် ရိုက်ပြလိုက်၊ ပင်လယ်ရေပြင်ပေါ်မှာ လှိုင်းတွေ တဝုန်းဝုန်းနဲ့ ပေါ်လာလိုက် မြုပ်သွားလိုက်၊ တောတန်းတောင်တန်းကြီးတွေပေါ်မှာ မှုန်လိုက်ဝါးလိုက် ပြပြီး၊ ဇာတ်သိမ်းက တော့ ရုတ်တရက် မိုးကုပ်စက်ဝိုင်းတခုလုံး အုံ့မှိုင်းလာပြီး တိမ်တိုက်တွေ လေနဲ့အတူ တရိပ်ရိပ်လွှင့်မျှော၊ မိုးကြိုးလျှပ်စီးတွေ အောက်မှာ အစောပိုင်းက ထွန်းလင်းနေတဲ့ သက်တံကြီးလည်း မိုးသက်မုန်တိုင်းအောက် ကြည်လင်တောက်ပနေတဲ့ အမေရုပ် လွှာကြီးလည်း တဖြည်းဖြည်းကွယ်ပျောက်သွား … အဲဒါကို ဇာတ်ရှိန်မြှင့်ပြီး … တကယ်ကို ဟတ်ထိမယ့် တိုက်တန်နစ် (Tatinic) ဇာတ်ကား ဇာတ်သိမ်းပိုင်းကို ဖြတ်တောက်ယူပြီး အဆင့်မြင့်မြင့် ရိုက်မယ်’ လို့ ဒါရိုက်တာကိုဂေါက် က ဆိုင်းမဆင့်ဗုံမဆင့် ဇာတ်လမ်းရေး တင်လိုက်တယ်။

‘ကိုကြီးဂေါက် ဆေးလ်လိုက်တဲ့ အိုက်ဒီးယားစ် က သိပ်စ်ဂွတ်စ်တယ်ဗျာ။ ဒီလောက်လေး ဟီးရား လိုက်တာနဲ့ သားရဲ့  ဟက်စ်ကို ထိသွားလို့ သားလည်း ဒီကားမှာ မိန်းစ်အက်ထာ ပါချင်တယ်နော်။’ ပါးစောင်ထဲမှာ ကွမ်းသီးငုံထားတဲ့ ရုပ်ကြမ်းကြီးနဲ့ နုနေတဲ့ သားဆိုတဲ့ မင်းသားဆိုသူ နေ့မင်းညမင်းရဲ့  အပြောကို ညိုပြာညှက် အသားအရေ၊  နံပြားမျက်နှာပေါက်နဲ့ ဘုရားတရား ၂၄/၇ လုပ်နေတဲ့ မင်းသမီးဆိုးမိုက်နန့်ဒါ က လက်မထောင် ထောက်ခံလိုက်ပြီ။

‘ဟယ် အမေးဇင်း … ကိုကြီးနေ့မင်းညမင်း က နိုင်ငံတကာအဆင့်မီ ဇာတ်ကားတွေရိုက်ဖို့ စပီကင်တွေ လေ့ကျင့်နေတာ စွန်းမိုက်နေပြီ။ ညလေးတို့ကိုလည်း ပြန်သင်ပေးရမယ်နော်။ ကိုကြီး လေယူလေသိမ်း ပုဇွန်တောင်ဈေးခြင်း က ဟိုတယောက်ထက် ပိုကောင်းတယ်။ အိုခေနော် … ဒါဒါကိုလည်း ဘိုလိုမှုတ်တတ်အောင် သင်ပေးနော်။ သိုင်းကျူး။ ဟိုအတွဲနဲ့ သူတို့ ဖန်တွေကိုတော့ တကယ့်ကို ကလော်တုတ်ချင်စရာ … ဟင်း ဟင်း သိတယ်နော် …’

‘ဟာ … ညလေးကလည်း သစ္စာပန်း နဲ့ သစ္စာပန်း (this man and this man) ပြောစရာ မလိုပါဘူးစ်။ ဟိုဟာတွေတော့ေ-ာက်ဂရုမစိုက်နဲ့ တော်ကြနေ ချီးကားတိုက်ကြမှာ … ဂီ .. ဂီ … ဂီ’

‘နိုး နိုး အဲဒီလို မရဘူးလေ။ အိုင်ကိုလည်း သင်ပေးရမယ်နော်’ လို့ ပေါက်တော့မယ့် ဘောလုံးလို မျက်နှာနဲ့ မင်းသမီးတွန့်စက် က ဝင်ပြောတယ်။  ‘အိုင် က ယူတို့လို စပိတတ်အောင် ကလက်စ်းတွေ တက်နေပြီး၊ ပုဇွန်တောင်ဈေးခြင်းတွေ ကောင်းအောင် ငပိတို့ ငံပြာရည်တို့ မစားတာ အတော်ကြာပေါ့။ အခုဆို ကြက်ဆို ကေအက်ဖ်ဆီ၊ မုန့်ဆို ဂျေဒိုးနတ်၊ ဟမ်ဘာဂါတို့ပဲ စားတော့တယ်။’

ဟေ့… တော်ကြတော့။ အဲဒါတွေ ဘေးခေါက်ထားလိုက် … ရူးမနေ၊ ပူမနေနဲ့ … ဒို့တွေက ရွာကြိုက်ကားပဲ ဆက်ရိုက်မှာ။ ဘိုလိုဘတ်လိုတွေ ပြောစရာမလိုဘူး။ တခုပဲ လုပ်ရမှာက … ဒီက ပေါကားတွေ ဂျင်းကားတွေ ဆက်ကြည့်နေတဲ့ ငပိန်းတွေကို နိုင်ဂံဂျားမှာ သွားပြမယ့်ကားလို ဇာတ်ကားနာမည်ကို အင်္ဂလိပ်လိုရေး၊ စာတန်းထိုး၊ အောက်ကနေ ဘိုစာတွေ ဟိုရေးဒီရေး ထည့်လိုက်ရင်ရပြီ။ ဟို အလကားကျော်စွာ မပျံတတ်တဲ့ငှက်ကြီး လုပ်စားနေသလို … သူ့ကားတွေ နိုင်ဂံဂျားမှာ ပြနေရသလိုလို ကလီကမာလုပ် ဂျာနယ်တချို့ ကနေ ရွှီးလိုက်ရင် အိုခေပြီ။ ဟိုက ဘိုလိုပြောပြီး ပေါက်သွားတာကို လိုက်လုပ်စရာ မလိုဘူး။ ဒို့တွေ ပေါက်နေတာ အတော်ကြာပြီဆိုတာ မင်းတို့အသိ။’ ကိုဂေါက် ခပ်ပြတ်ပြတ် ဖြတ်ပြောလို့ နောက်ရိုက်မယ့် မင်းသား၊ မင်းသမီး တဒါဇင်လောက်ပါမယ့် ပေါကားတွေမှာ ခေါ်မရိုက်မှာစိုးလို့ … လက်မထောင်၊ အသည်းပေးပြီး တိတ်သွားတယ်။

‘ကျနော် ပြောချင်တာက အဲဒီ အင်တာနယ်ရှင်တန်းဝင် မင်းသားကို ကျနော်တို့ ခိုးချရိုက်ထားတဲ့ တာတေကြီး ဇာတ်ကောင်မျိုး လုပ်ခိုင်းကြည့်ရင် ဂွမ်းသွားမယ်။ သူက ပုံတူခိုးချ မလုပ်တတ်ဘူး ပြောနေတယ်။ ဒီလို မလုပ်တတ်ဘဲ ဒီရွာစည်းဝိုင်းထဲ ဝင်လာတာ အံ့သြစရာ… တောက်ချလိုက်မယ်။ ’  ဟိုကားဒီကား ပေါကြောင်ကြောင် အူကြောင်ကြောင် ဇာတ်ရုပ်နဲ့ သူ့ကိုယ်သူ မင်းသားလို့ ထင်နေတဲ့ ဂျော်ဂျော် ဆိုသူက ဝင်ဖွလိုက်တယ်။

‘မီးလည်း ကြိုက်ဖူး သူကို…’ စပွန်ဆာကောင်းလို့ အင်တာနယ်ရှင် အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ဖူးသူ၊ နာမကျန်းဖြစ်နေတဲ့ သနားကမား ကလေးမျက်နှာလေးသူကလည်း လက်မထောင် တချက်မန့်လိုက်တယ်။

‘ဟ ဟ … ဘာပဲပြောပြော လင်းတလောက်တော့ ငှက်တိုင်းလှတဲ့ ယောနသံကြီးရဲ့  ခနဲ့ချက်က စွန်းမိုက်တယ် စင်ပေါ်ကနေ မထွေးနိုင်မအန်နိုင် မျက်နှာကြီးနဲ့ ဒဲ့ကျွေးတာ။ ကျေနပ်တယ်။ ကျနော်တို့ လက်ခေါက်မှုတ်၊ လက်ခုပ်သံကြောင့် ဟိုနှစ်ကောင် တယောက်လက် တယောက်ကိုင်ပြီး ပေကလပ် ပေကလပ် ဖြစ်သွားတယ် တွေ့ရလို့ ကျေနပ်တယ်’။

‘ကဲ စင်ပေါ်တက် မထော်မနန်း ဂွမ်းကျတဲ့ ဂိုးတော့မယ့် ဘဲကြီးတွေကို ထားလိုက်တော့ … ကျနော်တချက် ပြောချင်တယ် … အခုန ကိုဂေါက် ဇာတ်လမ်းကို ခိုက်တယ်။ ကျနော် ဖြည့်ချင်တာက အပြင်အဆင်၊ ဒိုင်ရာလော့တွေ။ သိတဲ့ မဟုတ်လား … ကျနော် ဒိုင်ရာလော့တွေက အပြတ်အမိုက်စားတွေ ... ဒီမှာ တချက်ကြည့်လိုက်…’ ပေါကား၊ ဂျင်းကားတွေနဲ့ သာယာနေတဲ့ ဒါရိုက်တာဆိုသူက ကိုဂေါက်ရဲ့  လက်တမ်းဇာတ်လမ်းကို ဖြည့်စွက်လိုက်ပုံက …

‘တောကားဆိုပေမယ့် မင်းသားမင်းသမီးတွေ စိတ်ကြိုက် ကြိုက်တဲ့ဒီဇိုင်း ဝတ်ချင်တာဝတ်လို့ရတယ်။ ပြီးတော့ စပွန်ဆာပေးတဲ့ ရေစိုခံ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ လိမ်းခြယ်ပြီး အမေ့မျက်နှာကြီးကို တွေ့မြင်လိုက်တဲ့အခါတိုင်း နှပ်တွေအတောင့်လိုက်ထွက်ခိုင်း၊ ဘူးသီးလောက် မျက်ရည်တွေနဲ့ အော်ကာဟစ်ကာ နှာခေါင်းကြီးတရှုံ့ ရှုံ့ နဲ့ ပြောရမယ့် ဒိုင်ရာလော့တွေက

“ဒီ စကြဝဠာ လောကကြီးကို အလင်းပြဖို့ ရောက်ရှိလာခဲ့တဲ့ မဟာမြင်းမိုရ်တောင်ထက် အဆပေါင်းများစွာ ကြီးမား၊ ကမ္ဘာ့သမုဒ္ဒရာကြီးတွေ ပေါင်းစပ်ထားတာထက် ပိုကျယ်ဝန်တဲ့ မဟာကရုဏာရှင်၊ မဟာမေတ္တာရှင်၊ သားတို့သမီးတို့ကို အနိုင်မဲ့အချစ်တွေနဲ့ စောင့်ရှောက်ကျွေးမွေးခဲ့တဲ့ ချစ်မေမေ … သားတို့သမီးတို့ အမေ့ရဲ့ ခေါ်သံကို အမြဲကြားယောင်နေကာ၊ အစဉ်ထာဝရ အနှိုက်ရှိုင်းဆုံး ရင်ထဲအသည်းထဲ၊ နှလုံးသားအိမ်ထဲမှာ အစဉ်ထာဝရ သိမ်းဆည်းထားပြီး၊ ချစ်မေမေနဲ့အတူ ရှိနေပါတယ်။ ချစ်မေမေရဲ့  ချစ်စကားတွေကို ရင်ဝယ်ပိုက်ပြီး အမေရဲ့ ခေါ်သံကြောင့် သားတို့သမီးတို့ အားအင်တွေပြည့်ဝ၊ လူ့လောကကောင်းကျိုးအတွက် ဆက်လက်အသက်ရှင်သွားပါမယ်။” အဲဒီလို အပြင်မှာ မပြောတဲ့ ဇာတ်ဆန်းဆန်း အလုံးကြီးတွေနဲ့ဆို နောက်နှစ် အကယ်ဒမီရမှာ သေချာတယ်။ ဟုတ်တယ်ဟုတ်…’

‘ဟာေ-ာက်ရမ်းမိုက်တယ်။’ ကိုဂေါက် က မဆိုင်းမတွ ပြန်ပြောပြီး ‘အယ် … နောက်ဆုံးအခန်းကိုတော့ အရင် အဆင့်မြင့် ဇာတ်ကားတွေအတိုင်းပဲ  … လယ်ကွင်းအဆုံး တောစပ်တောင်ကွယ်အထက်၊ တိမ်တိုက်တွေကြားကနေ အပြုံးနဲ့ကြည့်နေတဲ့ အမေမျက်နှာကြီးကို နီးလိုက်ဝေးလိုက်ရိုက်ပြပြီး ရွာထဲကနေ စလိုးမိုးရှင်းနဲ့ ရွာသား - မင်းသားမင်းသမီးတွေ ပြေးထွက်လာပြီး၊ ကွင်းအလယ်နားရောက်တော့ ဟေးကနဲ့ ခုန်ပြီး ရပ်လိုက် … ဒါနဲ့ပြီမယ်။’

‘ဆရာတို့ ရိုက်ချက်တွေ ဇာတ်သိမ်းခန်းတွေက တကယ့်အလန်းဇယားတွေ၊ ရှယ်တယ်။ ကမ္ဘာ့အဆင့်မီတယ် …  တကယ်တော့ နိုင်ငံတကာက ကျနော်တို့ကားတွေကို သူတို့ဈေးကွက်ထဲ မသွင်းတာ သူတို့ ဈေးကွက်ပျက်သွားမှာ စိုးလို့ဖြစ်မယ်။ နိုး ပလုံပလုံ … ကိစ္စမရှိဘူး။ ကျနော်တို့ ပြည်တွင်းဈေးကွက်နဲ့ လုပ်စားလို့ရတယ်။ ကျနော်တို့ လောကသားတွေ အင်တာဗျူးတွေမှာ မပျက်မကွက် ပြောရမှာက ပရိသတ်ကြီးက ထမင်းရှင်တွေပါ။ အနုပညာနဲ့ အမြဲကျေးဇူးဆပ်နေပါတယ်။ ညတိုင်း ဘုရားရှစ်ခိုးတိုင်း ဆုတောင်းပေးပါတယ်။ အဲဒီလို ပလီစိချောက်ချက် ပြောလိုက် ရပြီ။ ပြီးရင် လုပ်ချင်ရလုပ်။’ ဖွဝိုင်းကို အသာစောင့်ကြည့်၊ ထိန်းကွပ်ပေးသူဆိုတဲ့ ပုဂ္ဂိုလ်က လက်မထောင်၊ တချက်မန့်လိုက်တယ်။
‘ကဲ … အားလုံး ဒီမှာ ရပ်ကြပြီး နောက်နေ့တွေမှ ဆက်ပွားတာပေါ့။ ဒီည အောင်ပွဲခံပွဲတွေ သွားကဲရအုံးမယ် မဟုတ်လား။ ဒါနဲ့ ပွဲထိန်းကြီး ဒီည ပွဲအလာလမ်းမှာ ဟိုလူကြမ်း၊ ဇာတ်ပို့တွေကား လမ်းမှာပျက်နေတာ တွေ့ခဲ့တယ်ဆို။ ဒီကောင်တွေ ပွဲကိုမရောက်လာဘူး၊ အဲဒီနားမှာ တညလုံး ဂွမ်းနေကြတယ်လို့ ကြားမိတယ်။’ ကိုပြုတ်တူ က တချက်မေးလိုက်တော့။

‘ဟာ … တွေ့လိုက်တယ်။ ဒါပေမဲ့ ဆင်းပြီး ကူတွန်းပေးဖို့ ပွဲတက်အဝတ်အစားတွေ ပေကျံကုန်မှာစိုးလို့၊ ပြီးတော့ ဟဲ.. ဟဲ .. ကျွေးမွေးနေရအုံးမှာ ကြောက်လို့ မျက်နှာလွှဲခဲပစ် ကျော်လွှာမောင်းလာခဲ့တယ်။ ဒီလိုပဲ လောကသားအချင်းချင်း ကူညီနိုင်တဲ့အခါ ပြိုင်တူကူကြတွန်းကြတာပေါ့။ အခုတော့ ကိုယ်ကိစ္စ အဆင်ပြေဖို့ စင်ပေါ်ရောက်ဖို့ အရေးကြီးတယ်လေ … ခီ .. ခီ … အဲ .. ဆော်ရီး .. မွှားသွားတယ် ..  ခွီးခွီး။’

‘ကဲ … ကဲ … ကိုယ့်ရွာလုံခြုံရေးအတွက် အားလုံး စိတ်တူကိုယ်တူ၊ အကြံတူဉာဏ်တူတွေ ပြောရဆိုရတာ အားရှိတယ်၊ ကျေနပ်တယ်။ နောက်နေ့တွေ ထပ်ပြောကြတာပေါ့။ ဂွတ်နိုက် …’

အဲ့ဂလိုနဲ့ နှစ်ပေါင်းကြာရှည် မကြည့်ဖြစ်တဲ့ ရုပ်သေဆုချီးမြှင့်ပွဲကိုကြည့်မိ၊ ဖွဘုတ်ဖောက်ခံမှုကြောင့် မရှိတဲ့အရှက် ကွဲကြမယ့် ရုပ်သေလောကသားများကို စိတ်မကောင်း ဖြစ်သလိုဖြစ်ကာ .. အဲ့ဂလိုနဲ့ အိမ်ရှေ့ လမ်းပေါ် တညလုံး တဂီဂီ ကိုက်နေတဲ့ ခွေးတွေကို ခဲနဲ့ထွက်ပစ်ရမလားလို့ တွေးနေမိ။


သရုပ်ဖော်ကာတွန်းအား ကာတွန်းဘီရုမာဆီမှ ယူပါသည်။
0