ဇာဝါရီ ● လူငယ်များဖတ်ဖို့ (လုပ်နိုင်တာ စလုပ်)

ဇာဝါရီ ● လူငယ်များဖတ်ဖို့ (လုပ်နိုင်တာ စလုပ်) 
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၈

စာရေးသူ၏ တူ၊ တူမလေးတွေကို ပြောပြဖြစ်တဲ့ အသိပညာပေးပုံပြင်လေးတွေကို မိုးမခစာချစ်သူ လူငယ်၊ ကျောင်းသူ ကျောင်းသားလေးတွေဖတ်ဖို့ မျှဝေလိုက်ပါတယ်။

ချစ်တူ၊တူမလေးတွေရေ … ဒီတပတ် စပြောပြချင်တဲ့အကြောင်းက ...
အေးမြမြ ဆောင်းရာသီမှာ ဘယ်သူမှ စောစောစီးစီး အိပ်ရာမှမထချင်ကြဘူး မဟုတ်လား။ ဖြစ်နိုင်ရင် အိပ်ရာထဲကွေး တောင်တွေးမြောက်တွေး နေချင်ကြတယ်။ ဒီလို နှင်းပွင့်လေးတွေ တဖွဲဖွဲကျနေပြီး၊ နေရောင်ခြည်က မြူနှင်းတွေအောက်မှာ မှုန်သိုးသိုး အေးစက်နေတဲ့ ရာသီ၊ မနက်စောစော ခြောက်နာရီစွန်းစွန်းမှာ … နာရီနှိုးစက် (alarm clock) ကို အလျင်အမြန် ပိတ်ပြီး ပြန်အိပ်ဖို့ကြိုးစားနေတဲ့ ဂျင်မီ (Jimmy) နားထဲကို သံရေပူလောင်းချလိုက်သလို စူးရှတဲ့အသံတသံ ထိုးဖောက် ဝင်လာတယ်။

ဂျင်မီရေ … မင်း အိပ်နေတုန်းလား။ ထတော့ … ခြောက်နာရီထိုးပြီးပြီ။ မြန်မြန်ထ… ရေမိုးချိုး၊ အဝတ်အစားလဲပြီး ကျောင်းမ သွားခင် မနက်စာ စားသွား။ ထမင်းစားခန်းထဲမှာ ကော်ဖီ၊ ပါမုန့်၊ ကြက်ဥ အားလုံးလုပ်ပေးထားတယ်။ မြန်မြန်လုပ် ကျောင်း နောက်ကျနေမယ်။

အောက်ထပ် မီးဖိုးချောင်းထဲမှာ တကုပ်ကုပ် ချက်ပြုတ်နေတဲ့ မိခင်ဖြစ်သူ အော်ခေါ်သံကို မကြားချင်ယောင်ဆောင်ပြီး ခေါင်း အုံးကို မျက်နှာပေါ်အုပ်၊ မျက်လုံးကို ဇွတ်အတင်းပိတ်ကာ ဂျင်မီတယောက် ဆက်အိပ်နေတယ်။

တခဏအကြာမှာ … ဒီကောင်လေး … ခေါ်မကြား အော်မကြား။ ဂျင်မီ .. မင်းကို ခေါ်နေတာ မကြားဘူးလား။ ခုချက်ချင်း ဆင်းလာ ခဲ့တော့။ တနေ့တနေ့ မင်းကို နှိုးရတာ လူကြားတယ်။ မနက်စာ ပူပူနွေးနွေး အရင်လာစားပြီးမှ ရေချိုးတော့ … ဒီတကြိမ် သူ့အမေခေါ်သံကို ပိုကျယ်သလို ဂျင်မီထင်မိ။ ဒါပေမဲ့ သူအိပ်ရာထဲမှာပဲ ဆက်လဲနေချင်တာကြောင့် ဘာမှမတုံ့ပြန် ဘဲ ခွခေါင်းအုံးကို တချက်ခွပြီး တံခါးပေါက်ကို ကျောပေးအိပ်ပြန်တယ်။

ဒီလို သားဖြစ်သူ အသံတိတ် ငြိမ်နေတာကြောင့် နည်းနည်းဒေါကန်လာပြီး … ဒီကောင်လေး ကျောင်းသွားဖို့ကို အတော်ပျင်း၊ အတော်ကြောက်တယ်။ ဒီတသက် စာတော့ တက်အုံးမယ်လို့ တဗြစ်တောက်တောက်ပြောကာ တဒုန်းဒုန်းနဲ့ အိမ်အပေါ်ထပ် ကို တက်လာပြီး၊ တံခါးကို ဝုန်းကနဲ့ဖွင့်ကာ … ဂျင်မီ … မင်းကိုခေါ်နေရတာ ငါ လိပ်ခေါင်းထွက်တော့မယ်။ အမေ စိတ်ဆိုး အောင် မလုပ်နဲ့ ခုချက်ချင်းထတော့ကွယ်။ အခု ခြောက်နာရီခွဲကျော်ပြီး … မြန်မြန်ထ … လုပ်စရာရှိတာ သွက်သွက်လေး လုပ်လိုက်။ အမေ မနက်စာစားဖို့ အောက်ကစောင့်နေမယ်။ နည်းနည်းစိတ်ဆိုးနေပေမယ့် ဂျင်မီလက်မောင်းကို အသာလှုပ်ပြီး ချော့မော့ပြောပြန်တယ်။

ဂျင်မီက တချက်အပျင်းကြောဆန့်ပြီး … အမေမှာလဲ တနေ့တနေ့ ကျနော့်ကို ဒီကျောင်းသွားဖို့ပဲ ပြောနေတာ။ ကျနော်မှ အဲဒီ ကျောင်းကို မသွားချင်တာ။ ဒီနေ့တော့ မသွားရပါစေနဲ့။

ဂျင်မီ … အမေကို စောစောစီးစီး စိတ်ဆိုးအောင် လုပ်နေတာလား။ မင်း မသွားလို့ မဖြစ်ဘူး။ သွားကိုသွားရမယ်။ အမေ့သားက လိမ္မာပါတယ်… အမေလည်း ဗိုက်ဆာနေပြီ။ မြန်မြန်လေး ရေချိုးပြီး ဆင်းလာခဲ့။ နေ့လယ်စာ ထမင်းချိုင့်လည်း အမေ ပြင်ထားပြီးပြီ။

အမေရယ် … သားမလုပ်ချင်၊ မသွားချင်တာကို ဘာဖြစ်လို့ အတင်းအဓမ္မ လုပ်ခိုင်းနေတာလဲ။ အမေ ဘာသိလို့လဲ … အဲဒီ ကျောင်းမှာရှိတဲ့ ကျောင်းသားတွေ အားလုံးနီးပါး ကျနော် ကျောင်းလာတာကို မကြိုက်ကြဘူး။ ကျနော် ကျောင်းမှာမရှိရင် သူတို့တွေ ပျော်ကြတယ်လို့ သိရတယ်။ သူတို့တွေ ကျနော်ကို မနှစ်သက်ကြဘူး။ အဲဒါကြောင့် ကျောင်းမသွားချင်တာ။

မရဘူး … မင်း မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ အမေ အကုန်သိတယ်။ မင်းက တောင်တွေးမြောက်တွေး ဖြစ်နေတာ။ အခြားကျောင်းသားတွေလည်း မင်းကို မမုန်းဘူး။ ကဲ အပိုတွေ ပြောမနေနဲ့ … ထတော့။ မင်း ကျောင်းကို သွားကိုသွားရမယ်။
ဟာ … အမေကလဲ … ကျနော် မသွားချင်ပါဘူးဆို။ ကျောင်းသားတွေအပြင် ဆရာ၊ ဆရာမတွေကလည်း ကျနော်ကို မကြိုက် ဘူး။ တနေ့ကဆို ဆရာများနားနေခန်းထဲမှာ ဆရာမတွေစုပြီး ကျနော့်အကြောင်း ပြောနေကြတယ်။ ကျနော် ဖြတ်သွားတော့ သူတို့တွေ လက်ညှိုးတထိုးထိုးနဲ့ ပြောနေကြတာကို တွေ့ရတယ်။ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ကျနော် ကျောင်းမှာ ရှိမှာကို ဒီဆရာ၊ ဆရာမတွေ မလိုလားဘူးထင်တယ်။ ဒါကြောင့် အဲဒီကျောင်းကို မသွားချင်တာ။ ကျနော်ကို ဒီတရက်တော့ အိမ်မှာ နေခွင့်ပြုပါနော်။

မင်းနဲ့ ခက်တော့တာပဲ … ပေါက်ပေါက်ရှာရှာ ပေါက်တတ်ကရတွေ ရှာကြံပြောတတ်တယ်။ အမေ ဒါတွေ ဘာမှမပြောလို တော့ဘူး။ မင်း အခုလုပ်ရမှာက ရေချိုး၊ အဝတ်အစားလဲ၊ မနက်စာ အမေနဲ့အတူတူစားပြီး၊ ကျောင်းသွား။ ဒါပဲ ပြောချင်တယ်။ မင်း ပြောတာ မလုပ်ဘူးဆို … မင်းနဲ့ အမေ စကားမပြောတော့ဘူး။

ဒီအမေတယောက်နဲ့ ဒုက္ခပဲ။ ဘာဖြစ်လို့ ဒီကျောင်းပဲ သွားစေချင်တာလဲ။ အဲဒီ ကျောင်းက ကျနော်ကို စိတ်ဖိစီးမှုပေးတယ်။ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ ကျနော်ကို လုံးဝ မချစ်မနှစ်သက်ဘူးလို့ ခံစားရတယ်။ ဒီပြဿနာ ဒုက္ခတွေကြောင့် မသွားချင်တာလို့ ပြောခဲ့တာ အပ်ကြောင်းထပ်နေပြီ။ အမေ ဒါကို နားလည်ပေးပါ။

အေး ကောင်းပြီ။ မင်းကို အမေ ဘာကြောင့် ဒီ ကျောင်းကို သွားကိုသွားရမယ်လို့ အာပေါက်အောင် ပြောနေရတာလဲဆိုတော့ မင်းက အခု အသက် (၄၂) နှစ်ရှိပြီ။ ပြီးတော့ မင်းက အဲဒီကျောင်းရဲ့ကျောင်းအုပ်ဖြစ်တယ်။ ဒါကြောင့် ဒီကျောင်းကို နေ့တိုင်း သွားရမယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးလုပ်သွားရမယ်။ ဒါနောက်ဆုံးစကားပဲ အခုချက်ချင်း ထတော့။

ကဲ ဂျင်မီတယောက် ကျောင်းသွားသင့်၊ မသွားသင့် မင်းတို့ပဲ ဝိုင်းစဉ်းစားဆုံးဖြတ်လိုက်ကြတော့။

ဒါနဲ့ ပတ်သက်ပြီး ဆက်စပ်ပြောချင်တာက ဒို့တွေလည်း တခါတရံ ဂျင်မီလိုပဲ ကျောင်းမသွားချင်၊ အလုပ်မသွားချင်၊ လူတွေနဲ့ မဆက်ဆံချင်၊ ဘာဆိုဘာမှ မလုပ်ချင်တာမျိုး ဖြစ်တတ်ကြတယ် မဟုတ်လား။ ဒီလိုမျိုး ဘဝမှာ လူတိုင်း တွေ့ကြုံခံစားရတယ်။ အဲဒါကို ဘဝရဲ့  စိန်ခေါ်မှု တစိတ်တပိုင်းလို့ ပြောလို့ရတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဘာဆိုဘာမှ မလုပ်ချင်တော့ဘူး၊ လက်မြှောက်အရှုံးပေးလိုက်ရင် တသက်လုံး အရှုံးတွေနဲ့ ဘဝကို ဆက်ရလိမ့်မယ်။

မကြာခဏ ဒို့တွေ တွေ့ကြုံရတာက အခြေအနေမကောင်းလို့၊ အခွင့်မသာလို့၊ ဘာမှမရှိလို့၊ ဘယ်သူမှ မကူညီလို့၊ အားမပေး လို့ဆိုပြီး စိတ်ပျက်စိတ်လျှော့ကာ ဘာမှမလုပ်ကြဘူး။ အဲဒီလို အတွေးမျိုးကို ဒို့တွေ ဖျောက်ဖျက်ပြစ်ပြီး ဒီနေ့ ကိုယ့်လက်ရှိ အခြေအနေမှာ အကောင်းဆုံးလုပ်နိုင်ဖို့ စိတ်ဓါတ်ခွန်အားကိုမြှင့်တင်ပြီး လုပ်စရာရှိတဲ့အလုပ်၊ လုပ်နိုင်တဲ့အလုပ်ကို စလုပ်ရ မယ်။ အမေရိကန်သမ္မတကြီး တတ်ဒီ ရိုစဗတ် (Teddy Roosevelt) ကတော့ … Do What you can, with what you have, where you are. မိမိမှာရှိတာနဲ့ ကိုယ်ရောက်နေတဲ့ နေရာမှာ ကိုယ်လုပ်နိုင်တာကို လုပ်ပါလို့ ပြောခဲ့တယ်။

နောက်ကြားဖူးတဲ့ စကားတခုက ကိုယ်အနေနဲ့ နေရာတနေရာကို သွားချင်၊ ရောက်ဖို့အတွက် နေရာတနေရာက စရမယ်။ အဲဒီလို မစချင်၊ မစနိုင်ရင် ဘယ်နေရာကိုမှ ရောက်တော့မှာ မဟုတ်ဘူးတဲ့။ အဲဒါကြောင့် ဒို့တွေ ဘာကြောင့် ဘာဖြစ်လို့ ဆင်ခြေဆင်လက်တွေ ပြောမနေဘဲ၊ ရှိတဲ့အနေအထား၊ အခြေအနေမှာ ကိုယ်စလုပ်နိုင်တာကို အကောင်းဆုံး ကြိုးစားလုပ်ဖို့ အရေးကြီးတယ်။

အမေရိကန်နိုင်ငံသား ခရစ်ယာန်တရားဟောဆရာ၊ စာရေးဆရာကြီး Edward Everett Hail ပြောတဲ့စကားကလည်း မှတ်သားစရာ … ကိုယ်ဘာလုပ် စွမ်းဆောင်နိုင်တယ်ဆိုတာ မလုပ်ကြည့်ဘဲနဲ့ ဘယ်လိုမှ မသိနိုင်ဘူးတဲ့။ ဒါကြောင့် ကိုယ် လုပ်ရမယ့်အလုပ်ကို ရောက်နေတဲ့နေရာမှာ အကောင်းဆုံးလုပ်ပါတဲ့။ အလွယ်လက်လျှော့ပြီး ရှောင်ပြေးတာ။ ဘယ်သူ ဘယ်ဝါ ဘာပြောလို့၊ ဟန့်တားလို့ ရပ်လိုက်တာမျိုး မဖြစ်ဘဲ၊ ကြိုးကြိုးစားစား တစိုက်မတ်မတ် လေ့လာသင်ယူ၊ အတွေးသစ်၊ နည်းလမ်းသစ်တွေနဲ့ ရှေ့ တိုးလုပ်ကိုင်သွားရင် အောင်မြင်မှု အနာဂတ်ကို ပိုင်ဆိုင်သူ ဖြစ်နိုင်တယ်။ အဲဒီလို မဟုတ်ဘဲ ဂျင်မီလို လုပ်ရမယ့် အလုပ်ကို ဖြေရှင်းမလုပ်ကိုင်လိုဘဲ အိပ်ရာထဲ ဆက်အိပ်နေရင် တသက်လုံး ဘာမှဖြစ်လာမှာ မဟုတ် သလို၊ အိပ်ရာထဲလဲ ဘဝကုန်ဆုံးသူ ဖြစ်သွားမယ်။

ကဲ ဒီတော့ ဒီနေ့ လုပ်စရာရှိတာတွေ၊ ဘဝစိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းလုပ်ကိုင်သွားဖို့ နိုးထကြတော့လို့ပဲ ပြောချင်တယ်။

ကဲ … ဒီတကြိမ် ပြောစရာရှိတာ ဒီလောက်ပါပဲ။ နောက်တော့ ရောက်တတ်ရာရာ ဟိုအကြောင်းဒီအကြောင်း စိတ်ဝင်စားစရာ တွေ ဆက်ပြောကြတာပေါ့။
0