မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ - ၁၉၈၀) - အပိုင်း (၆၀)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ - ၁၉၈၀) - အပိုင်း (၆၀)
(မိုးမခ) မတ်လ ၁၇၊ ၂၀၁၈

● CPB ၏ အခြားစစ်ဒေသနှင့်တပ်ဖွဲ့များ
၁၉၇၇ ခုနှစ်ကာလပိုင်း CPB ပါတီဗဟိုယူနစ်များနှင့် ပါတီဗဟို၏ အဓိကအခြေခံဒေသဖြစ်သည့် အရှေ့မြောက်စစ်ဒေသအပြင် ၁၀၁ စစ်ဒေသ၊၂၀၂ စစ်ဒေသ၊ ၈၁၅ စစ်ဒေသ၊ ဗဟိုမှတိုက်ရိုက်ကွပ်ကဲသည့် တပ်မဟာ ၆၈၃၊ တပ်မဟာ ၇၆၈၊ ၁၀၈ စစ်ဒေ သ၊ အနောက်မြောက်တိုင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း စသည့် CPB တပ်ဖွဲ့များနှင့် စုဖွဲ့မှုများနှင့် ဖြစ်တည်လာပုံများ အား လက်လှမ်းမှီသမျှ ဆက်လက်ဖေါ်ပြသွားပါမည်။

● ၁၀၁ စစ်ဒေသနှင့် KIA

၁၀၁ စစ်ဒေသဖွင့်လှစ်ရန် စတင်ရွေးချယ်ခဲ့သည့်နေရာမှာ ချီဗွေမြို့အရှေ့မြောက်ဖက်ရှိ ဖီမော်၊ ဂါလန်၊ ကန်ဖန်ဒေသဖြစ်သည်။ ထိုဒေသကို ငဇွန်ဘောင်နယ်ဟုလည်းခေါ်ကြသည်။ ၁၉၆၀ ခန့်က တရုတ် မြန်မာနယ်စပ်တိုင်းထွာရာတွင် ဖီမော်၊ ဂါလန်၊ ကန်ဖန်ဒေသအချို့အား တရုတ်ပိုင်အဖြစ် သတ်မှတ်ပေးခဲ့သော်လည်း မြန်မာပြည်ပိုင်နယ်အချို့ ကျန်နေသေးရာ တရုတ်ပိုင် ဘက်တွင် ထိုနာမည်သုံးခုနှင့် ရွာများရှိသကဲ့သို့ မြန်မာပြည်ပိုင်နက်အတွင်း၌လည်း ထိုနာမည်သုံးခုနှင့် ရွာများရှိသည်။

ထိုဒေသ၌ အစဉ်အမြဲရေခဲဖုန်းလွှမ်းနေသည့် ပေတသောင်းကျော်မြင့်သော ရေခဲတောင်တတောင်ရှိသည်။ အီမောဘွမ်ဟု ခေါ်ကြသည်။ အီမောဘွမ်၏အရှေ့ဖက်ခြမ်းတွင် မြောက်ဖက်မှ စီးဆင်းလာသည့် ငေါချမ်းခ ရှိသည်။ ငေါချမ်းခသည် အီမော ဘွမ်အားပတ်၍ တောင်မှ မြောက်ဘက်သို့ ပစောက်ပုံဝိုက်၍စီဆင်းကာ မေခမြစ်အတွင်းသို့ ဝင်ပါသည်။ ထိုငေါချမ်းခ မြစ်ရိုး တလျောက်တွင် ဒေသခံတို့ အခြေချနေထိုင်ကြသည်။ ငေါချမ်းခအထက်ပိုင်းအား ချမ်းမခုံးဒေသဟု ခေါ်ကြသည်။ လချိတ်တိုင်းရင်းသားကျေးရွာကြီးများရှိသည်။ ဖီမော်၊ ဂါလန်၊ ကန်ဖန်ဒေသဖြစ်သည်။ ငေါချမ်းခမြစ်အောက်ပိုင်းတွင် လော်ဝေါ်တိုင်း ရင်းသားကျေးရွာများ ရှိသည်။ လော်ဝေါ်ရွာများကတော့ လချိတ်ရွာများလောက် မကြီးပေ။ ငေါချမ်းခမြစ်အောက်ပိုင်းရောက် လျှင် ဆော့လော်မြို့နှင့် နီးသွားတော့သည်။

CPB ၁၀၁ စစ်ဒေသဟု စတင်ဖြစ်ပေါ်လာခြင်းတွင် အရေးပါသောသူ တယောက်မှာ ဇခုံတိန့်ယင်းဖြစ်သည်။ ဇခုံတိန့်ယင်း သည် ဖီမော်ဒေသခံ လချိတ်ခေါ်လရှီလူမျိုး ပညာတတ်တယောက်ဖြစ်သည်။ ဇခုံတိန့်ယင်းသည် ၁၉၆၂ ခုနှစ်တွင် ပြည်လမ်း အသံလွှင့်ရုံရှေ့တွင် ဖွင်လှစ်ထားသော အင်ဂျင်နီယာကောလိပ်ကျောင်းသားတဦးဖြစ်ပြီး တကောင်းဆောင်၌ အဆောင် နေကျောင်းသားတဦးလည်း ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ် ၇ ရက် ဇူလိုင်အရေးအခင်းအပြီး ဥပစာတန်းကျောင်းသားတဦးဖြစ်သော ဇခုံတိန့်ယင်းသည် ကျောင်းဆက်တက်ခြင်းမပြုတော့ဘဲ မြစ်ကြီးနားသို့ပြန်လာပြီး မြစ်ကြီးနားနှင့် ၈ မိုင်အကွာတွင်ရှိသော ပလန အလယ်တန်းကျောင်းတွင် ကျောင်းဆရာလုပ်ခဲ့သည်။ ပလနဆိုသည်မှာ အစိုးရစစ်မှုထမ်းဟောင်းများ ပြန်လည်နေရာ ချထားသည့်ရပ်ကွက်ဖြစ်သည်။ ထိုစဉ်က မြစ်ကြီးနားတွင် တိုင်းစစ်ဌာနချုပ်မရှိသေးဘဲ အစိုးရတပ်မှ ဗိုလ်မှူးကြီးလွန်းတင် ဦးစီးသည့် တပ်မဟာ ၇ ရုံးစိုက်သည်။

ဇခုံတိန့်ယင်းအား နိုင်ငံရေးနယ်ပယ်သို့ ရောက်အောင်စည်းရုံးသူမှာ KIA စည်းရုံးရေးမှူးတာဝန်ယူထားသည့် သင်းအုပ်ဆရာ တဦးဖြစ်သည်ဟု ဆိုပါသည်။ သို့နှင့် ဇခုံတိန့်ယင်းလည်း မြစ်ကြီးနားမြို့ပေါ်တွင် စည်းရုံးခြင်း၊ စာရွက်စာတမ်းများဖြန့်ခြင်း၊ အခွန်ငွေကောက်ခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။ သို့သော် များမကြာမီမှာပင် လက်နက်ချများ၏ ဖေါ်ကောင်လုပ်မှု ကြောင့် ဇခုံတိန့်ယင်းလည်း မြစ်ကြီးနားမှထွက်ပြေးရပြီး ၁၉၆၃ ခုနှစ် အောက်တိုဘာလတွင် မြစ်ကြီးနား တနိုင်းလမ်းတွင် ရှိသည့် ဒွန်ဘန်၌ အခြေပြုထားသည့် KIA စခန်းသို့ ရောက်ရှိသွားခဲ့ပြီး KIA ခေါင်းဆောင် လထော်ဇော်တူးနှင့် တွေ့ဆုံခဲ့သည် ဟုဆိုသည်။ အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ကျန်းမာသန်စွမ်းသည့် လချိတ်ပညာတတ်လူငယ်တယောက်၏ ဘဝအစသည် KIA တက်ကြွလှုပ်ရှားသူအဖြစ် အစပြုခဲ့သည်ဟု ဆိုရပါမည်။

ထိုစဉ်က တနိုင်းလမ်းတွင် အကြီးဆုံးရွာဖြစ်သော တိန်ကောက်ရွာတွင် စစ်သင်တန်းတက်ခဲ့သည့် ဇခုံတိန့်ယင်းသည် ရန် ကုန် တက္ကသိုလ် အရန်တပ်ရင်းတွင် စစ်သင်တန်းတက်ခဲ့ဘူးသူဖြစ်၍ အခက်အခဲမရှိလှပေ။ ထိုစဉ်က KIA တပ်သားများ၊ VDF ခေါ် ပြည်သူ့စစ်များအား တိန်ကောက်ရွာတွင် စစ်သင်တန်းများပေးသည့် ကာလဖြစ်သည်။ ဦးစွာအားဖြင့် မိုးကောင်း စည်းရုံးရေးမှူးအဖြစ် တာဝန်ပေးပြီးနောက် ဇခုံတိန့်ယင်းအား နာဂဒေသ စည်းရုံး
ရေးမှူးအဖြစ် လထော်ဇော်တူးက ပြောင်းလဲတာဝန်ပေးခဲ့သည်။

ထိုစဉ်က နာဂတောင်တန်းရှိ NDF ခေါ် Naga Defence Force ၏ ခေါင်းဆောင် ကက်ပလန် (မကြာမီက ကွယ်လွန်သွားခဲ့သော NSCN (K) ၏ ဥက္ကဌ) နှင့် ဇခုံတိန့်ယင်းတို့မှာ မြစ်ကြီးနား အထက်တန်းကျောင်းတွင်ကျောင်းနေဖက်များဖြစ်၍ ရွေးချယ်စေ လွှတ်ခဲ့ပုံရသည်။ ထို့ပြင် ထိုစဉ်က နာဂတောင်တန်းတွင် ခရစ်ယန်သာသနာပြုအဖြစ်ရောက်ရှိနေသူများဖြစ်ကြသည့် လရှီ လိုင်း၊ ဟိုဝါးဇော်ဂမ်၊ လပွေးထိန်နန် စသူတို့မှာ ကချင်လူမျိုးများဖြစ်ကြရာ နာဂတောင်တန်းအား KIA အနေနှင့် စည်းရုံး ရေးဝင်ရန် ရေခံ မြေခံရှိသည်ဟု ဆိုရမည်။

သို့နှင့် တနိုင်းချောင်း၊ ရှင်ဗွေယန်မှတဆင့် ဟူးကောင်းတောင်ကြား အင်ဗြန်ဂါမှတဆင့် နာဂတောင်တန်းသို့ သွားရောက်ခဲ့ သည်ဟု ဆိုသည်။ ထိုစဉ်က (၁၉၆၃ ခုနှစ်) နာဂတပ်ဖွဲ့များမှ ဒုတိယကမ္ဘာစစ်ကျန်လက်နက်များတပ်ဆင်ထားပြီး KIA ထက်ပင် လက်နက်တပ်ဆင်မှု ကောင်းသည့်အခြေအနေရှိသည်ဟု ဆိုသည်။ နာဂတောင်တန်းမှပြန်လာပြီးနောက် နာဂတို့ သည် သဘောထားမတင်းမာ KIA နှင့်ပေါင်း၍ အစိုးရအားတိုက်ရန် ဆွေးနွေးရန်သဘောထားရှိရာ ဆွေးနွေးသင့်သည်ဟု ဇခုံတိန့်ယင်းက KIA ခေါင်းဆောင် လထော်ဇော်တူးထံ အစီရင်ခံခဲ့သည်ဟု ဆိုသည်။

သို့သော် လထော်ဇော်တူးက လက်မခံဘဲ နာဂအဖွဲ့အားတိုက်ရန် အမိန့်ထုတ်ခဲ့ရာ KIA တပ်အင်အား ၁၀၀ VDF ပသစ အင်အား ၈၀ ခန့်ဖြင့် လဖိုင်ဇော်ဂမ်ဦးစီး၍ နန့်ယွင်း၊ ကျုံးခို၊ တဝေါစသည့် ရွာ ၆ ရွာ ၇ ရွာခန့်အားတိုက်ခိုက်ခဲ့ရာ နာဂ ၁၀ ဦးခန့်ကျပြီး သေနတ် ၅၀ ခန့်ရခဲ့သည်ဟု ဆိုသည်။ KIA မှ တဦးသာ ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ တိုက်ပွဲအပြီး ၁၉၆၃ ခုနှစ်ဒီဇင်ဘာလတွင် KIA တပ်ဖွဲ့များ ပြန်ဆုတ်လာခဲ့ကြသည်။ ထိုနာဂပြဿနာသည် KIA ခေါင်းဆောင် လထော်ဇော်တူး နှင့် ဇခုံတိန့်ယင်းတို့ ပထမဦးဆုံး သဘောထားကွဲလွဲခြင်းဖြစ်သည်ဟု ဆိုပါသည်။

ထိုစဉ်က KIA တို့သည် ဟူးကောင်းတောင်ကြား မိုင်းခွမ် ရှမ်းရွာအနီး ယိုဇော့ camp ဟူသည့်အမည်ဖြင့် စခန်းဆောက်ပြီး KUA တပ်သားနှင့်ပြည်သူ့စစ်အင်အား လေးထောင်ကျော် ငါးထောင်ခန့်ကို သင်တန်းပေးနေသည့်ကာလဖြစ်ပြီး ဇခုံတိန့်ယင်း လည်း ထိုစခန်းတွင် တာဝန်ယူခဲ့သည်။ အစိုးရတပ်စစ်ကြောင်းများဝင်လာပါက တိမ်းရှောင်နေပြီး အစိုးရတပ်များက စခန်း ကို မီးရှို့ဖျက်ဆီးသွားကြသည်။ အစိုးရတပ်များ ပြန်ထွက်သွားသည်နှင့် စခန်းပြန်ဆောက်ပြီး သင်တန်းပြန်ပေးခဲ့ကြသည်ဟု ဆိုသည်။

၁၉၆၄ ခုနှစ်တွင် ဇခုံတိန့်ယင်းအား KIA ရင်း ၆ သို့ပြောင်းရွှေ့ပြီး တလ ခန့်အကြာတွင် ရင်း ၄ ကော်လန် ၄ (ခွဲ ၄) မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခံရသည်။ အင်ဂျာယန်ဒေသတွင် တာဝန်ယူခဲ့သည်။ ထိုစဉ်ကော်လန် ၁ (ခွဲ ၁) မှူးမှာ လော်ဝေါ် ခေါ် မရူလူမျိုး လယောက်ဇလွန်းဖြစ်ပြီး မေခမြစ် အရှေ့ဖက်ကမ်းတွင် တာဝန်ယူလှု ပ်ရှားနေသည်။ ထိုစဉ်က ရင်း ၄ နှင့် ရင်း ၆ တို့၏ ရင်းမှူးတာဝန်အား လထော်ဇော်တူးက တာဝန်ယူထားသည်ဟု ဆိုသည်။

၁၉၆၄ ခုနှစ်အတွင်း KIA ၏ အဓိကလှုပ်ရှားမှုမှာ အစဉ်အလာ ဒူဝါစနစ်ကို ဖျက်သိမ်းခြင်းဖြစ်သည်။ ကချင်တို့၏ အစဉ်အလာ ဒူဝါအုပ်ချုပ်ရေးအားဖျက်သိမ်းပြီး KIA ကခန့်ထားသည့် ဆလန်ကဘာခေါ် ကျေးရွာလူကြီးများ ပြန်လည်ခန့်အပ်ခြင်းကို ၁၉၆၄ ခုနှစ်အကုန်မှ အပြီးသတ်နိုင်ခဲ့သည်ဟု ဆိုသည်။ ထိုဖြစ်စဉ်အတွင်း ဆန့်ကျင်မှုများလည်း တွေ့ကြုံခဲ့ရပြီး ဆဒုံး ဒေသမှ လခုံဒူဝါ၊ တောင်တန်းဝန်ထောက် လဖိုင်အဒစ်တို့ အသတ်ခံခဲ့ရသည်ဟု ဆိုပါသည်။

ထိုစဉ်ကာလ ၁၉၆၄ / ၆၅ ခုနှစ်ဝန်းကျင်တွင် KIA သည် အလျင်အမြန်ကြီးထွားလာခဲ့သည်။ မြစ်ကြီးနားအား ဗဟိုပြု၍ မိုးကောင်း၊ တနိုင်းဒေသ၊ အင်ဂျာယန်၊ ဆွမ်ပရာဘွမ်၊ တန်ဖရဲ၊ ထိန်နန်တဝိုက်တွင် KIA တို့ စိုးမိုးထားနိုင်ခဲ့သည်။ ၁၉၆၅ ခုနှစ် ဖေဖဝါရီ ၅ ရက်နေ့၌ အင်ဂျာယန်တွင် KIA ခေါင်းဆောင် လထော်ဇော်တူးဦးစီး၍ လူထုအစည်းအဝေးတရပ် ခေါ်ယူ ကျင်းပခဲ့ရာ အစိုးရမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုစဉ်က ဖားကန့်၊ တနိုင်းစသည့်ဒေသများတွင် ကျောက်စိမ်း၊ ရွှေ၊ ပယင်းတူးဖေါ်ရေးလုပ်ငန်းများစသည့် စီးပွားရေးလုပ်ငန်းများ မရှိသေးပေ။ KIA ရပ်တည်ရေးအတွက် အဓိကရံပုံငွေ ထောက်ပံ့မှုမှာ မြစ်ကြီးနားမှဖြစ်ပေရာ KIA သည် မြစ်ကြီးနားအား ဗဟိုပြု၍ ကြီးထွားလာခြင်းဖြစ်သည်။ KIA စတင်ဖွဲ့စည်း တည်ထောင်စကတည်းက ယနေ့တိုင်အောင် မြစ်ကြီးနား ကချင်လူထု၏ထောက်ခံမှုသည် KIA အတွက်အရေးပါသည်ဟု ဆိုရမည်။

မေခမြစ်အရှေ့ဖက်ကမ်း ချီဗွေဒေသ၌ KIA ရင်း ၄ မှ လယောက်ဇလွန်းဦးစီး စစ်ကြောင်း ၁ လှုပ်ရှားရာဒေသသို့ ၁၉၆၆ ခုနှစ် ဖေဖဝါရီလတွင် အစိုးရနယ်ခြားအုပ်ချုပ်ရေးနှင့်အတူ နယ်ခြားကင်းစခန်းများ ဝင်ရောက်ချထားခဲ့သည်။ ချီဗွေမြို့ အထက် ဖက်ရှိ လောခေါင်၊ ထော့ဂေါ်၊ ဖီမော်၊ လုပီ (ချီဗွေနှင့် ပန်ဝါကြား) တို့၌ အစိုးရတပ်စခန်းနှင့်ရဲတို့ လာရောက်စခန်းချနေရာ ယူရာမှစပြီး KIA နှင့် အစိုးရတပ်ဖွဲ့များ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးခဲ့သည်။ သို့နှင့် KIA ခေါင်းဆောင် လထော်ဇော်တူး၊ လညော်ဇောင်းဟရာနှင့်ရင်း ၄ စစ်ကြောင်းမှူး ဇခုံတိန့်ယင်းဦးစီးစစ်ကြောင်း ၅ တို့သည် မေခမြစ်အားကူး၍ အစိုးရတပ်များနှင့် တိုက်ခိုက်ခဲ့သည်။ ငေါ်ချမ်းခ အရှေ့ဖက်ဆော့လော်မြို့ နယ်အားစိုးမိုးနိုင်ခဲ့သည်။ အစိုးရတပ်များလည်း လုပီ၊ လန်ဂျော်မှ ချီ ဗွေသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။

ထိုစဉ်က KIA ၏ ဌာနချုပ်သည် ရှဒန် မရူကထောင် (အင်ဂျာယန်မှ မိုင် ၈၀ ခန့်အကွာ) တွင် အခြေပြုသည်။ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊တန်ဖရဲ၊ ချီဗွေတို့တွင် အစိုးရတပ်စခန်းများရှိပြီး ပတ်လည်ဒေသများအား KIA တို့ စိုးမိုးထားနိုင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် KIA ဌာနချုပ်မှ မရန်ဘရန်ဆိုင်း (နောင် KIO ဥက္ကဌ) အား တရုတ်ပြည်သို့ အဆက်အသွယ်ပြု လုပ်ရန်စေလွှတ်ခဲ့ သည်။ ၁၉၆၆ ခုနှစ် ဇွန်လတွင် မရန်ဘရန်ဆိုင်း ဦးစီးအင်အား ၂၀ ခန့်သည် မေခမြစ်အရှေ့ဖက်ခြမ်းရှိ ပန်ဝါတောင်ကြားမှ တဆင့် တရုတ်ပြည်သို့ ဝင်ရောက်ခဲ့ရာ လမ်းတလျောက် လုံခြုံရေးအဖြစ် ဇခုံတိန့်ယင်းဦးစီးသည့် စစ်ကြောင်းက တာဝန်ယူ ပေးခဲ့သည်။

၁၉၆၇ ခုနှစ် ဇန္နဝါရီလတွင် မရန်ဘရန်ဆိုင်းသည် တရုတ်ပြည်မှ ပြန်လည်ရောက်ရှိလာသည်။ မရန်ဘရန်ဆိုင်းနှင့် CPB မှ ကိုယ်စားလှယ်နှစ်ဦးလည်း လိုက်ပါလာခဲ့သည်ဟု ဆိုသည်။ KIA အနေနှင့် တရုတ်တို့နှင့်ဆက်သွယ်ရန်သာ ရည်ရွယ်ခဲ့သော် လည်း တရုတ်တို့က CPB မှတဆင့် ဆက်သွယ်စေခဲ့သည်။ မရန်ဘရန်ဆိုင်းပြန်လာပြီး KIA ဌာနချုပ်တွင် လထော်ဇော်တူး ခေါင်းဆောင်၍ တရုတ်သို့ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့တွင် KIA ခေါင်းဆောင် ပိုင်းမှ လထော်ဇော်တူး၊ လားမားလာရိန် (ကွယ်လွန်)၊ မရန်ဘရန်ဆိုင်း (နောင် KIO ဥက္ကဌ)၊ ဗိုလ်ဇော်အိမ် (နောင် KIA' တပ်မဟာ ၃ မှူး)၊ ဗိုလ်ဆိုင်ဖုန်း (နောင် KIA တပ်မဟာ ၄ မှူး)၊ လထော်ဇော်ဒန် (ဇော်တူး၏ညီ) ၊ မရန်ဘရန်တောင်(နောင် ကော်ကွတ်သင်တန်း ပ/ဒုပတ်တို့တွင် ဦးစီးလာသူ) နှင့် ဇခုံတိန့်ယင်း (ပန်ဝါ) အပါအဝင် စုစုပေါင်း ၁၉ ဦးဖြစ်သည်ဟု ဆို သည်။ ရုံးအဖွဲ့မှူးမှာ ဂေါ်ရီဇော်ဆိုင်းဖြစ်သည်။ ၎င်းကိုယ်စားလှယ်အဖွဲ့နှင့်အတူ KIA တပ်သားအင်အား ၃၀၀၀ ခန့် ခေါ် ဆောင်သွားခဲ့သည်။ ယင်းသို့ခေါ်ဆောင်သွားခြင်းမှာ တရုတ်တို့ထံမှ လက်နက်တပ်ဆင်ပေးမည်ဟူသော ကတိကဝတ် ကြောင့်ဟု ယူဆရသည်။

လထော်ဇော်တူးခေါင်းဆောင်သော ကိုယ်စားလည်အဖွဲ့သည် ၁၉၆၇ခုနှစ် နိုဝင်ဘာလတွင် ပန်ဝါတောင်ကြားမှပင် တရုတ် ပြည် သို့ ဝင်ရောက်ခဲ့ကြသည်။ သို့သော် တရုတ်တို့က ကိုယ်စားလည်အဖွဲ့အပြင် တပ်အင်အား ၄၅၀ သာ လက်ခံပြီး ကူတုန်း (ထိန်ချုံးမြို့နှင့် ကန်ပိုင်တီကြား) တွင် နေရာချထားသည်။ သို့နှင့် KIA အင်အား ၂၅၀၀ ခန့်ကို မေခမြစ်အနောက်ဖက် ကမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့ရပြီး နောက်ချန်အင်အား ၆၀ ခန့်ကိုသာ ပန်ဝါတောင်ကြား၌ ထားခဲ့ရသည်ဟုဆိုပါသည်။

လထော်ဇော်တူးနှင့်ဇနီးသားသမီး မိသားစုအပါ KIA ကိုယ်စားလှယ်အဖွဲ့အား တရုတ်တို့က ခွင်းမင်၊ ဘေကျင်း၊ စမ့်ဟိုင် (ရှန်ဟိုင်း) တို့သို့ ပို့ဆောင် လှည့်လည်ကြည့်ရှုစေခဲ့သည်။ လားမားလာရိန်နှင့် မရန်ဘရန်တောင်တို့သည် CPB မှ သခင်ဗ သိန်းတင်၊ ဗိုလ်နော်ဆိုင်းတို့နှင့် ခွင်းမင်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ KIA ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ဝန်ကြီးချုပ် ကြိုးအင်းလိုင် (ချူအင်လိုင်း) နှင့် ၄ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အတူ ဘေကျင်းနှင့် ခွင်းမင်တို့တွင် CPB ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိန်ချုံးမြို့အနီး ကူတုန်းတွင်ထားခဲ့သော KIA တပ်သား ၄၅၀ အားလည်း နူကျန်းပါ့ ခေါ် သံလွင်မြစ်ကမ်းဘေး၌ စစ်လေ့ကျင့် ပေးခဲ့သည်။ ထို့အပြင် KIA ခေါင်းဆောင် ၁၉ ဦးအတွက် ပစ္စတို ၁၉ လက်၊ လိုက်ပါလာသော KIA တပ်သား ၄၅၀ အား ၆၀ မမ မော်တာအပါ လက်နက် ၄၅၀ လက်နှင့် ပန်ဝါတောင်ကြားတွင် စောင့်ကျန်နေခဲ့သော နောက်ချန်အင်အား ၆၀ အတွက် လက်နက် ၆၀ အား CPB မှတဆင့် ပေးအပ်ခဲ့သည်။ ထို့နောက် ၁၉၆၈ ခုနှစ်ဖေဖဝါရီ ၂ ရက်နေ့တွင် KIA ကိုယ်စားလှယ်အဖွဲ့ သည် ပန်ဝါတောင်ကြားမှတဆင့် တရုတ်ပြည်မှ ပြန်လည်ထွက်ခွာခဲ့ကြတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

ဓာတ်ပုံ - ဇခုံတိန့်ယင်း
0