ကိုသန်းလွင် ● စတီဖင် ဟောကင်း

ကိုသန်းလွင် ● စတီဖင် ဟောကင်း
(မိုးမခ) မတ်လ ၂၆၊ ၂၀၁၈

(၁)
စတီဖင်ဟောကင်းသည် ကိန်းဂရစ်တက္ကသိုလ်မှ ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး “A Brief History of Time” စာအုပ် ရေးသူဖြစ်သည်။ စကြ်ာဝဠာကြီးကို လက်တွန်းလှည်းပေါ်မှနေပြီး လေ့လာနေသူဖြစ်သည်။ သူသည် လွန်ခဲ့သောမတ်လ ၁၃ရက် ဗုဒ္ဓဟူးနေ့ကကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်တွင်သူသည် အသက် ၇၆နှစ်ရှိပြီ။

(၂)
အိုင်းစတိုင်းကွယ်လွန်ပြီးကတည်းက ကမ္ဘာသူကမ္ဘာသားများ၏ အတွေးအခေါ်ကို သိမ်းကျုံးယူငင်သွားနိုင်သူဟု ဆိုသည်။ သန်းပေါင်းမြောက်များစွာသော လူတို့၏ ရင်းနှီးမှုကို ရယူနိုင်သူဟု ဆိုကြသည်။

သူ့စာအုပ်ကို ၁၉၈၈ခုနှစ်က ထုတ်ဝေခဲ့ပြီး စာအုပ်ကော်ပီပေါင်း ၁၀ သန်းကျော် ရောင်းချရသည်။ သူ့ဘ၀ကို “Theory Of Everything” အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးရာ အက်ဒီရက်မီးယင်း (Eadie Redmayne ) မှာ အကယ်ဒမီဆုကို ဆွတ်ခူးခဲ့သည်။
သူသည်၁၉၆၃ ခုနှစ်တွင် ALS-Amyotrophic Lateral Sclerosis (Lou Gehrig’s Disease ဟုလည်း ခေါ်သည်) ရောဂါဖြစ် နေပြီဟု သိခဲ့ရသည်။ သူ့ကို သုံးနှစ်သာနေရတော့မည်ဟု ဆရာဝန်များက ပြောလိုက်သည်။

ထိုရောဂါကြောင့် လက်ကိုလှုပ်နိုင်ရုံ၊ မျက်စေ့ကိုလှုပ်နိုင်ရုံမှတပါး တခြားဘာကိုမျှမလုပ်နိုင်၊ သို့တစေသူ၏စိတ်ခံ စားမှုကိုဘာ တစ်ခုမှ မထိခိုက်ခဲ့။ ထို့ကြောင့်သူ့ခေတ်လူသားများ အားလုံးကို မြေဆွဲအား (Gravity) ကို လေ့လာ ရာတွင်ဦးဆောင်နိုင်ခဲ့သည်။ (Black Holes) ခေါ် “တွင်းမဲကြီးများ” ဒြပ်ထုမှာ ကြီးမားလှသဖြင့် အလင်းကိုသော်မှ မလွတ်နိုင်လောက်အောင် ကြီးမားသော ဒြပ်ထုကြီးများအကြောင်းကို လေ့လာရာတွင် ဦးဆောင်ဖြစ်ခဲ့သည်။

ထိုသီအိုရီက ၁၉၈၃ ခုနှစ်တွင် မော်ဒန်ရူပဗေဒကို ပြောင်းလဲပြစ်လိုက်ပါသည်။ ကွန်တမ်သဘောတရားများနှင့် ပေါင်းစပ်၍နား လည်ခဲ့သည်မှာ ထိုဘလက်ဟိုးများက ရောင်ခြည်တန်းလွှတ်နိုင်သည်။ အမှုန်များ၊ အလင်းရောင် တန်းများဖြင့် နောက်ဆုံး ပေါက်ကွဲကုန်ရသည်ဟု ဆိုသည်။

သူကိုယ်တိုင်ကလည်း အစ ပဌမတော့ ဘလက်ဟိုးမှ ရောင်ခြည်များ၊ အမှုန်များ ထွက်လာမည်ဆိုခြင်းကို မယုံကြည်နိုင်ခဲ့ပါ၊ အိုင်းစတိုင်းကိုယ်တိုင်ကလည်း မဖြစ်နိုင်ဟု ပြောခဲ့သည်။ ထိုအမှုန်ကလေးများသည် ဘလက်ဟိုး မှ ထွက်လာပြီး ပေါက်ကွဲခါ ကာလကြာမြင့်သောအခါ တဖြည်းဖြည်းပျောက်ကွယ်သွားမည် ဖြစ်သည်။ သူ၏တွေ့ ရှိချက်များကို Nature Journal တွင် “Black Hole Explosions” အမည်ဖြင့် စာတမ်းရေးခဲ့သည်။ သိပ္ပံပညာရှင်တို့အတွက် ထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်လာ သည်။ ကွန်တမ်မက္ကင်းနစ်နှင့် ကမ္ဘာ့ဆွဲအားနှစ်ခုကို ပေါင်းစပ်ပေးခြင်းလည်း ဖြစ်ပါသည်။ သူ၏ “ဟောကင်းရောင်ခြည်” သည် ဘလက်ဟိုးနှင့်ပတ်သက်၍ အယူအဆကို ပြောင်းပြန်လှန်ပစ်လိုက်သလို ပြောင်းလဲသွားစေခဲ့ပါသည်။

၂၀၁၂ ခုနှစ်က ဒေါက်တာဟောကင်းသည် သူ့ရောင်ခြည်နှင့်ပါတ်သက်သော ဖေါ်မြူလာကို သူ့အုပ်ဂူတွင် ရေးသား စေလို ကြောင်း ပြောခဲ့သည်။ သူသည် နှစ်ကြိမ်မျှလက်ထပ်ပြီး ကလေးသုံးယောက်ရခဲ့သည်။

သူ၏အသက် ၆၀ ပြည့်မွေးနေ့တွင် လေပူပေါင်းစီးခဲ့သည်။ အမြင့်ကိုပျံတက်ပြီး သူ၏မသန်စွမ်းမှုသည် အဆီးအတားမ ဟုတ်ဟု ကမ္ဘာကို ပြခဲ့သည်။ ထိုရက်သတ္တပတ်က လက်တွန်းလှည်းကို အရှိန်ဖြင့်မောင်းသဖြင့် မတော် တဆ ထိခိုက်မှုဖြစ်ပြီး ခြေထောက်ကျိုးခဲ့သည်။

၂၀၀၇ ခုဧပြီလ ၆၅နှစ်ပြည့် မွေးနေ့တွင် ဘိုးအင်း ၇၂၇ မြေဆွဲအားမဲ့ (Zero gravity) လေယာဉ်ပေါ်တွင်လိုက်ပါခဲ့သည်။ လေယာဉ်သည် ရိုလာကိုစတာကဲ့သို့ပျံသန်းပြီး လူတို့အပေါ်တွင်ကမ္ဘာ့ဆွဲအား အကျိုးသက်ရောက်မှုမရှိအောင် ဖန်တီး သည်။ သူ့ကို အဘယ့်ကြောင့် ဤသို့စီးနင်းရကြောင်းမေးသောအခါ လူတို့တွင် ကန့်သတ်ချက်မရှိကြောင်း၊ အထူးသဖြင့် “လူမသန်မစွမ်းဖြစ်တယ်ဆိုတာ စိတ်ဓါတ်ကို မကန့်သတ်နိုင်ဘူး” ဟု ပြောခဲ့ သည်။

စတီဗင်ဟောကင်းကို အင်္ဂလန်နိုင်ငံအောက်စဖို့ တွင် ၁၉၄၂ခု ဇန်န၀ါရီ ၈ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယခင် ကမ္ဘာကျော် နက္ခတ္တဗေဒပညာရှင် ဂယ်လီလီအို သေဆုံးခဲ့သည်နှစ် အနှစ် ၃၀၀၀ ပြည့်သောနေ့ဖြစ်သည်။ သူ၏ မိခင်ကဂျာမာန်ဗုံးကို ရှောင်ရှားရန် အောက်စဖို့ကို သွားခဲ့ခြင်းဖြစ်ပါသည်။ ဖခင် မစ္စတာဟောကင်းမှာဇီဝဗေဒ သုတေသနအရာရှိတစ်ဦး ဖြစ်သည်။

မူလတန်းတက်စကမူ သူသည် သာမာန်ကျောင်းသား တစ်ယောက်မျှသာဖြစ်သည်။ ကောလိပ်ရောက်သောအခါ သင်္ချာနှင့် ရူပဗေဒကို လွယ်ကူလွန်းသောကြောင့် ပြဌာန်းချက်စာအုပ်ကို မကိုင်လိုသူဖြစ်သည်။ သူ့စိတ်ကိုလှုပ် ရှားစေသော ဘာသာ ရပ်မှာ စင်္ကြာဝဌာဆိုင်ရာ (Cosmology) ပညာရပ်ဖြစ်သည်။ “ငါတို့ဘယ်ကလာခဲ့တာလဲ” ဆိုသော မေးခွန်းကို အဖြေရှာလိုသူ ဖြစ်သည်။

သူသည်မကြာမကြာအင်အားချိနဲ့သောရောဂါကို ခံစားရသည်။ သူ၏ ၂၁ နှစ်မြောက်မွေးနေ့မတိုင်မီ ၁၉၆၃ ခုနှစ်တွင် သူ့တွင် ALS ရောဂါရှိနေပြီ ဖြစ်ကြောင်းဆရာဝန်များက ပြောပြကြသည်။ သူသည်စိတ်ဓါတ်ကျသောရောဂါ (Depression) ကို ခံစားခဲ့ရသည်။ ကြွက်သားများကို အသုံးမချနိုင်၊ သို့သော် လမ်းအနည်းငယ်လျှောက်နိုင်သေးသည်။ အဝတ်အစားချွတ်ခြင်း၊ လဲခြင်းကို ကိုယ်တိုင်  လုပ်နိုင်သေးသည်။

၁၉၆၅ ခုနှစ်တွင် မစ္စစ်ဝဲလ် (Jane Wilde) နှင့် လက်ထပ်သည်။ သူသည် လူ့ဘဝကိုနေရန် ရည်ရွယ်ချက်တစ်ခု ရှိလာ ပြီဖြစ်သည်။ သူသည် အလုပ်တစ်ခုကို ရှာရမည်၊ အလုပ်လုပ်ရမည်၊ သူသည်ဘေးပတ်ဝန်းကျင်တွင် ရေပန်းစားနေသော အိုင်းစတိုင်း၏ ရီလေးတီဗီတီ သီအိုရီကို တွေ့သည်။ ဘလက်ဟိုးများမှာ ဤသီအိုရီ ခန့်မှန်း ချက်တစ်ခုပင်ဖြစ်သည်။ အလွန်ကြီးမားသောဒြဗ်ထုကြီးနားတွင်သဘာဝကြီး (Space) သည် ကွေးညွှတ်သွားမည်၊ အလွန်လေးသောလူတယောက်သည် မွှေ့ယာကို ကွေးကောက်သွားစေသည့်သဘောဖြစ်သည်။ ထိုနည်းတူ အလင်းတန်းတစ်ခုသည်လည်း ဂရပ်ဗတီဖီးလ်ကို ဖြတ်သောအခါ ကွေးကောက်၍သွားသည်။

တနေရာထဲတွင် စွမ်းအင်များကို စုပြုံထားသောအခါ အာကာသသည် ကွေးညွှတ်သွားမည်၊ ကြယ်တစ်ခု ပြိုကွဲလျင် အလွန် ဒြပ်ထုကြီးမားမှုကြောင့် သူ့ပတ်ဝန်းကျင်ကို ပါတ်လိုက်မည်၊ (Wrap around) ထိုမျှကြီးမားသော ဒြပ်ထုကို (Singularity ) ဟုလည်းခေါ်သည်။

၁၉၆၆ ခု သူ၏ ပီချိတ်ဒီ အတွက်စာတမ်းတွင် ဖလင်ကိုနောက်ပြန်လှည့်သလို ကျယ်ပြန့်ကားနေသော စင်္ကြာဝဠာကြီးကို နောက်ပြန်လှည့်ပါက ထိုကဲ့သို့ (Singularity ) ကို တွေ့ရမည်ဟုပြောသည်။

၁၉၇၄ ခုနှစ်တွင် ဟောကင်းမှာ ကမ္ဘာကြီး၏သက်တမ်းအရှည်ကြာဆုံး (Royal Society ၏ fellow)  အဖြစ် ရွေးချယ် ခြင်းခံရ သည်။ ၁၉၇၉ ခုနှစ်တွင (Lucasian Chair Of Mathematics) အဖြစ်ရွေးချယ်ခံရသည်။ ထိုနေရာမှာ ဆာအိုက်ဇက်နယူတန် ထိုင်သွားသော နေရာ ဖြစ်သည်။

သူသည် Caltech ခေါ်ကယ်လီဖိုးနီးယား တက္ကသိုလ်သို့တနှစ်တခါ မှန်မှန်သွားသည် သူ၏ ဒုတိယအိမ် ဖြစ်လာသည်။ ၂၀၀၈ ခုနှစ်တွင်ကနေဒါနိုင်ငံ အွန်တာရီယို တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သည်။

“ကျွန်တော်တို့ စင်္ကြာဝဠာကြီးကို နားလည်လာချိန်မှာ လူအားလုံး နားလည်ရမှာဘဲသိပ္ပံပညာရှင် တစ်စုလောက် ကသာ နား လည်ရမှာ မဟုတ်ပါဘူး” ဟုဆိုသည်။

၁၉၇၄ခုနှစ်တိုင်အောင် ဟောကင်းသည် အိပ်ရာဝင်ခြင်း၊ အိပ်ရာမှထခြင်းကို မိမိဖါသာလုပ်နိုင်သေးသည်။ သူ့ ဇနီးကတောင်း ဆိုသကို အိမ်လှေခါးကို နေ့တိုင်းအတတ်အဆင်းပြုလုပ်နိုင်သေးသည်။ ၁၉၈၀ တွင် ပြင်ပ နာ့စ်တစ်ယောက်ငှါးရန်းရသည်။ စကားပြောဆိုခြင်းကိုလည်း ၁၉၈၅ ခုအထိ ပြုလုပ်နိုင်သေးသည်။ သို့သော် ဆွတ်ဇာလန်နိုင်ငံမှအပြန် နမိုးနီးယားမိပြီး ဖျားသောအခါ ဆရာဝန်များက သူ့အသက်ကယ် စနစ်များကို ဖြုတ်ပြစ်ရန် အကြံပေးကြသည်။ ဇနီးသည်က ခါးခါးသီးသီး ငြင်းသည်။ လူကတော့ ကျန်းမာလာပါ၏ သူ့အသံကတော့ ထွက်မလာတော့ပေ။

နောက်ဆုံး စာလုံးတွေရေးထားသောဘုတ် တွေပေါ်မှ စာလုံးများကို ညွန်ပြခြင်းဖြင့်သာ ဆက်သွယ်ရသည်။ မိတ်ဆွေ တစ်ယောက်ကသူ့အတွက် ကွန်ပျူတာပရိုဂရမ် တခုရေးလာခဲ့သည်။ သူ၏ လှုပ်နိုင်နေသေးသော လက်ချောင်းများဖြင့် စာလုံးပေါင်း ၂၅၀၀ ခန့်ထဲမှ ပြောချင်သည်များကို ရွေးပေးရသည်။

သူက စာလုံးများကို ကွန်ပျူတာ Screen တွင်ရွေးချယ်၍ စီပေးရသည်။ ကွန်ပျူတာက အသံထွက်အောင် လုပ် ပေးသည်။ သူ၏ တွန်းလှည်းတွင် တပ်ဆင်ပေးလိုက်သည်။ သူ့လက်များ မလှုပ်နိုင်လောက်အောင် ပင်ပန်း နွမ်း နယ် နေချိန်တွင် သူ၏ပါးကို လှုပ်၍ဖြစ်စေ၊ မျက်လုံးများကိုလှုပ်ခြင်းဖြင့်ဖြစ်စေ၊ Infra Red ရောင်ခြည်ကိုလွှတ် လိုက်ပြီး ကွန်ပျူတာနှင့် ဆက်သွယ်သည်။ နောက်ပိုင်းတွင် ထိုကိရိယာများကိုချဲ့ထွင်ပြီး ရုံးခန်းတံခါးကို ဖွင့်နိုင် ပိတ်နိုင်ပြီး တယ်လီဖုန်းကို အကူ အညီမပါဘဲ ဆက်သွယ်နိုင်အောင်စီစဉ်ပေးသည်။ တမိနစ်တွင် ၁၅ လုံးခန့်ဖြင့် ဒေါက်တာဟောကင်းသည် သူ့ကွန်ပျူတာဖြင့် စကားပြောသောအခါ ယခင်ထက် ပိုမို စကားပြောနိုင်လာသည် ကိုတွေ့ရသည်။

၁၉၉၀ ခုနှစ်တွင် ဒေါက်တာ ဟောကင်းသည် ၂၅ နှစ် ပေါင်းသင်းလာခဲ့သော ဇနီးသည်နှင့်လမ်းခွဲကြသည်။ မစ္စစ် ဟော ကင်းက သူနှင့်သူ့ယောက်ျားနေခဲ့ရပုံအကြောင်းကို စာအုပ်နှစ်အုပ်ရေးသားခဲ့သည်။ သူစာအုပ်မှအချက် အလက်များကို အခြေခံကာသည် The Theory of Everything ရုပ်ရှင်ကား ဖြစ်လာသည်။

၁၉၉၅ ခုနှစ်တွင်သူနမိုနီယား ဖြစ်စဉ်ကတည်းကစောင့်ရှောက်ခဲ့သော မစ္စစ်မေဆင် (Elaine Mason) ခေါ်သူ၏ နာ့စ်နှင့် လက်ထပ်သည် သူသည်ဒေါ်တာဟောကင်းကို Speech Synthesizer တပ်ပေးခဲ့သူ၏ ဇနီးဖြစ်သည်။ ၂၀၀၄ ခုနှစ် တွင်  မူ ဗြိတိန်ရဲတို့က သူ့ဇနီး အပေါ်ဒေါက်တာဟောကင်းကို နှိပ်စက်သည်ဟု စုံစမ်းစစ်ဆေးမှုရှိခဲ့သော်လည်း တစုံတရာ တရားစွဲ ဆိုခြင်းမရှိခဲ့ပေ။ နောက်ပိုင်းတွင် ထိုမိန်းမနှင့်လည်း ကွဲသွားပြန်သည်။

သူ့ကို ၁၉၈၂ ခုနှစ်တွင် ဗြိတိသျှ အင်ပိုင်ယာကြီး၏ ကွန်မန်ဒါအနေဖြင့် ခန့်အပ်ခြင်းခံရသည်။ ၂၀၁၂ ခုနှစ် မသန်မစွမ်း သူများ အိုလန်ပစ်ပွဲတော်ကိုဖွင့်လှစ်ရာတွင် ပါဝင်ခဲ့သည်။

(၃)
အဘယ်မျှပင် ကျော်ကြားခဲ့သော်လည်း နိုဗယ်ဆုကိုမူ ဒေါက်တာဟောကင်းကို ချီးမြှင့်ခြင်းမရှိခဲ့ပေ၊ နိုဗယ်ဆု၏သဘောမှာ ကြိုတင်ခန့်မှန်းချက်ရှိရမည်၊ ထိုခန့်မှန်းချက်အတိုင်း လက်တွေ့ ဖြစ်လာသောအခါ သီအိုရီထုတ် သူကို ချီးမြှင့်ခြင်းဖြစ်သည်။ သူ၏ ဘလက်ဟိုးဆိုသည်မှာ လက်တွေ့ပြသရန် မဖြစ်နိုင်ပေ။

ကိုသန်းလွင်
Ref: Stephen Hawking Dies at 76: His mind roamed the Cosmos. Dennis Overbye March 14
New York Times.

0