ကျော်နိုင် ● မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကောင်စီဥပဒေ ပုဒ်မ (၃၇)၊ ပုဒ်မ (၄၀)၊ နည်းဥပဒေပုဒ်မ (၁၀၂)

ကျော်နိုင် ● မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကောင်စီဥပဒေ ပုဒ်မ (၃၇)၊ ပုဒ်မ (၄၀)၊ နည်းဥပဒေပုဒ်မ (၁၀၂)
(မိုးမခ) မတ်လ ၂၁၊ ၂၀၁၈

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေအရ အင်ဂျင်နီယာကောင်စီ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ကောင်စီဥပဒေပုဒ်မ (၃၇) နှင့် ပုဒ်မ (၄၀) တို့ကို အင်ဂျင်နီယာအများက ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ တဖန် နည်းဥပဒေထွက်လာ သော အခါ ပုဒ်မ (၃၇) နှင့်ဆက်စပ်လျက်ရှိသည့် ပုဒ်မ (၁၀၂) ကိုပါတွဲ၍ ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ဥပဒေပုဒ်မ (၃၇)၊ ပုဒ်မ (၄၀) နှင့် နည်းဥပဒေပုဒ်မ (၁၀၂) တို့သည် လက်တွေ့ကျင့်သုံးရန် မည်သည့်နည်းနှင့်မျှ ကျိုးကြောင်း လျော်ညီမှုမရှိသော၊ ယုတ္တိလုံးဝမကျသော ပုဒ်မများဖြစ်သည်ကို အင်ဂျင်နီယာများအားလုံး သိကြသည်။ ထိုအင်ဂျင်နီယာများ အားလုံးဆိုသည့်အထဲတွင် အင်ဂျင်နီယာကောင်စီဝင် (၆၀) ဦးတော့ ပါဝင်မည်မဟုတ်ပါ။

USDP အစိုးရလက်ထက်တွင် အင်ဂျင်နီယာကောင်စီသည် အဆိုပါပုဒ်မများကို ပြင်းပြင်းထန်ထန်ကာကွယ်ပြောဆိုခဲ့ပြီး ကျူးလွန်ဖေါက်ဖျက်သူများသည် တကယ်တရားစွဲခံရမည်ဟုပင် ပြောကြားခဲ့သည်။

ထိုပုဒ်မများသည် စီမံကိန်းလုပ်ငန်းတစ်ခု၏ "တာဝန်ခံအင်ဂျင်နီယာ" ကိုသာဆိုလိုကြောင်း ကောင်စီမှတာဝန်ရှိသူ တစ်ဦးစ၊ နှစ်ဦးစက "အလွတ်သဘော" ပြောဆိုဖြေရှင်းမှုများရှိခဲ့သော်လည်း ထိုသူများကိုယ်တိုင်က သူတို့သည်ကောင်စီကို ကိုယ်စား ပြု၍ ပြောနေခြင်းမဟုတ်ပါဟုဆိုသောကြောင့် ထိုဖြေရှင်းချက်များသည် ဘာမှအရာမရောက်ခဲ့ပေ။

NLD အစိုးရတက်ပြီးစကလည်း ကောင်စီသည်ထိုပုဒ်မများအပါအဝင် ကောင်စီဥပဒေ၊ နည်းဥပဒေများကိုဆက်လက်ကာကွယ် ပြောဆိုနေခဲ့သော်လည်း အင်ဂျင်နီယာများက ထိုပုဒ်မများကို အဆက်မပြတ်၊ ခါးခါးသည်းသည်း ဝေဖန်ကန့်ကွက်နေကြ သောကြောင့် ကောင်စီမှ ထိုပုဒ်မများကို ကာကွယ်ပြောဆိုနေမှုများ ရပ်တန့်သွားခဲ့သည်။

ကောင်စီမှ တာဝန်ရှိသူတစ်ဦး၊ နှစ်ဦးကလည်း ထိုပုဒ်မများသည် "တာဝန်ခံ" အင်ဂျင်နီယာများကိုသာဆိုလိုကြောင်း အလွတ်သဘောရှင်းပြကြသော်လည်း ပုဂ္ဂိုလ်တစ်ဦး၏ အလွတ်သဘောပြောဆိုမှုသည် ဥပဒေပုဒ်မများကို မည်သို့မျှ မလွှမ်းမိုးနိုင်ကြောင်း အင်ဂျင်နီယာအားလုံးက နားလည်ကြသဖြင့် ထိုရှင်းပြမှုများမှာ သဲထဲရေသွန်သကဲ့သို့ အရာမထင်ခဲ့ပေ။

လက်ရှိအခြေအနေအရ အင်ဂျင်နီယာများသည် ပုဒ်မ (၃၇) နှင့် ပုဒ်မ (၄၀) တို့၏ ခြိမ်းချောက်မှုကို ခံနေကြရသည်မှာ ငြင်းပယ်၍မရသော အချက်ဖြစ်သည်။ Post အစပိုင်းတွင်ပြောခဲ့သလို ထိုပုဒ်မများသည် လုံးဝယုတ္တိကင်းမဲ့၍ လက်တွေ့ ကျင့်သုံးရန် မဖြစ်နိုင်သော ပုဒ်မများဖြစ်သော်လည်း ဥပဒေသည် ဥပဒေသာဖြစ်သည်။

လက်ရှိ ကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ရှိနေပြီဟု ကြားသိရသည်မှာ နှစ်ချီ၍ ကြာနေပြီဖြစ်သော်လည်း ယခုထိ အရိပ်အယောင်မမြင်ရသေးပေ။ ဖိုးသူတော်ကတော့ ဆန်များများလိုချင်သဖြင့် မျက်စိလည်လေ သဘောကျလေဖြစ် မည်မှာ မုချဧကန်ပင်။

လက်ရှိအခြေအနေတွင် အင်ဂျင်နီယာများသည် ပုဒ်မ (၃၇) နှင့် ပုဒ်မ (၄၀) တို့၏ ခြိမ်းခြောက်မှုကို ခံနေကြရသည်ဆိုသည်မှာ ငြင်းမရသော အချက်ဖြစ်သည်။ ထိုပုဒ်မများအရ ကောင်စီအနေဖြင့်လည်း အရေးယူလိုသည့် အင်ဂျင်နီယာကို အရေးယူချင် သည့်အချိန်တွင် အရေးယူနိုင်ခွင့်ရှိနေသည်မဟုတ်ပါလား။ ထိုသို့အရေးယူမခံလိုလျင် ကောင်စီမှာ မှတ်ပုံတင်ကြ ပေါ့ဟု ဆိုပါကလည်း ကောင်စီတွင်မှတ်ပုံတင်ဘို့ ခြိမ်းခြောက်ပြီးဆွဲဆောင်ရာရောက်သဖြင့် ethics လုံးဝကင်းမဲ့သောလုပ်ရပ် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် အင်ဂျင်နီယာများ စိတ်ဖိစီးမှု မခံရစေရန် တကယ်စေတနာရှိသည်ဆိုပါလျင် အင်ဂျင်နီယာကောင်စီအနေဖြင့် official statement တစ်စောင် ထုတ်ပေးသင့်သည်ဟု ထင်ပါသည်။

ထို statement တွင်

"အင်ဂျင်နီယာကောင်စီဥပဒေပုဒ်မ (၃၇) နှင့် ပုဒ်မ (၄၀) တို့သည် အင်ဂျင်နီယာလုပ်ငန်းခွင်များတွင် တာဝန်ခံအင်ဂျင်နီယာ အဖြစ် လက်မှတ်ထိုးမည့် အင်ဂျင်နီယာများအတွက်သာ ရည်ညွှန်းခြင်းဖြစ်ပြီး တာဝန်ခံအင်ဂျင်နီယာအနေဖြင့်မဟုတ်ဘဲ ပါဝင်ဆောင်ရွက်သူ အင်ဂျင်နီယာများကို လုံးဝရည်ညွှန်းလိုခြင်းမရှိပါ။

အင်ဂျင်နီယာကောင်စီအနေဖြင့် ပြီးခဲ့သည့် ပထမ (၄) နှစ်သက်တမ်းအတွင်း ထိုပုဒ်မများကိုသုံး၍ မည်သည့်အင်ဂျင်နီယာကိုမှ အရေးယူခဲ့ခြင်းမရှိသည်ကလည်း ထိုအချက်ကို သိသာထင်ရှားစေပါသည်။

ကောင်စီသည် နောက်နောင်တွင်လည်း အင်ဂျင်နီယာလုပ်ငန်းရပ်များတွင် လက်မှတ်ရေးထိုးမည့် တာဝန်ခံအင်ဂျင်နီယာများမှ လွဲ၍ အခြားအင်ဂျင်နီယာများအား ပုဒ်မ (၃၇) နှင့် ပုဒ်မ (၄၀) တို့ဖြင့် အရေးယူရန်မရှိပါ။"

ဆိုသည့်အဓိပ္ပါယ်သက်ရောက်သောစာမျိုး တရားဝင်ထုတ်ပြန်ပေးလျင်မူ အင်ဂျင်နီယာအများ စိုးရိမ်သောက ကင်းဝေးကြ မည်ထင်ပါသည်။


ထိုသို့မဟုတ်မူဘဲ "ငါတို့ကတော့ ဘာစာမှ တရားဝင်မထုတ်နိုင်ဘူး။ ကောင်စီဥပဒေပြင်နိုင်အောင်သာ ကိုယ့်ဘာသာလုပ်ကြ" ဟု ဆိုလာခဲ့ရင်ဖြင့် ကျွန်တော်စိုးရိမ်ပူပမ်မိတာ တစ်ခုရှိပါသည်။

အင်ဂျင်နီယာကောင်စီသည် အထက်တွင် အကြံပြုထားသည့် စာမျိုးထုတ်ရန်ဆန္ဒမရှိဘူးဆိုပါက ပုဒ်မ (၃၇) နှင့် ပုဒ်မ (၄၀) တို့ကို သုံးဆွဲလိုသည့်အခိျိန်တွင် သုံးဆွဲရန် ဆန္ဒရှိသည်ဟု ယူဆရမည်ဖြစ်သည်။ သို့ဆိုလျင် ကောင်စီအနေဖြင့် ဝတ္တရားပျက် ကွက်မှုများ ရှိခဲ့ပါသည်ဟူသောတိုင်စာမျိုးကို ဆောက်လုပ်ရေးဝန်ကြီးဌာန သို့လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့ လည်းကောင်း တိုင်ကြားကြသူများ ရှိနိုင်ပေလိမ့်မည်။

တိုင်စာတွင် ...

"အင်ဂျင်နီယာကောင်စီအနေဖြင့် ကောင်စီဥပဒေပါ ပြဌာန်းချက်များအတိုင်း ဆောင်ရွက်ရန် တာဝန်ရှိသော်လည်း ပုဒ်မ (၃၇) နှင့် ပုဒ်မ (၄၀) ပါပြဌာန်းချက်များအတိုင်း အရေးယူဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိပါသည်။ ကောင်စီစတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယနေ့အချိန်အထိ အင်ဂျင်နီယာလုပ်ငန်းခွင်များတွင် အင်ဂျင်နီယာမှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်နေသူများ များပြားစွာရှိသော်လည်း ထိုသူများကို ပုဒ်မ (၃၇) နှင့် ပုဒ်မ (၄၀) တို့အရ အရေးယူဆောင်ရွက်ခြင်း လုံးဝမရှိသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ကောင်စီအနေဖြင့် မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများ ပျက်ကွက်နေပါသောကြောင့် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်"

ဆိုသည်မျိုး ရေးသားတိုင်ကြားသူများရှိလာလေမည်လားဟု စိုးရိမ်ပူပန်မိပါသည်။

Comments