မောင်စိန်သော် ● လွယ်ပန်လုံတိုက်ပွဲ - အပိုင်း (၂)

မောင်စိန်သော် ● လွယ်ပန်လုံတိုက်ပွဲ - အပိုင်း (၂)
(မိုးမခ) မတ်လ ၁၆၊ ၂ဝ၁၈

● ရှေ့တန်းစစ်ဦးစီးအဖွဲ့ ပြန်ခေါ်ခြင်းနှင့် လွယ်ပန်လုံတိုက်ပွဲ ဆုံးဖြတ်ချက်
ရှေ့တန်းစစ်ဦးစီးအဖွဲ့ရဲ့ ပထမတိုက်ပွဲအစီအစဉ် စစ်ဒေသကသဘောမတူ။ မန်မန့်ဆိုင်စစ်မျက်နှာ စစ်ရေးအခြေ အနေ အသေးစိတ်သိလို၍ ကျွန်တော်တို့စစ်ဒေသစစ်ဦးစီးဌာန ပန်ဆန်းသို့ အမြန်ပြန်ဆင်းလာရန် ညွှန်ကြား ချက် တခါတည်းပါလာတယ်။ စစ်ဦးစီးမှူးနဲ့ ကျွန်တော်တို့ ပန်ဆန်းသို့ အမြန်ဆင်းသွားရတယ်။ ၆ဝ၂ ဘက်က ကန ဝင်လာလို့ မတိုက်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ရသေးတယ်။ ပန်ဆန်းရောက်ချိန် စစ်ဒေသဌာနချုပ်မှာ အစည်းအဝေးလုပ်၊ ပထမ ကျွန်တော်တို့စစ်ဦးဌာနရဲ့ ရှေတန်းစစ်မြေပြင်အခြေအနေကို ပါတီခေါင်းဆောင်များ သို့ တင်ပြရတယ်။ စာနဲ့ရေးတင်ပြီးဖြစ်လို့ တချို့မရှင်းသည့်အချက်များ စစ်ဦးစီးမှူးရဲဘော်လီထင်က ရှင်းပြ တယ်။ အဲဒီအစည်းအဝေးမှာ စစ်ဘက်ဆိုင်ရာ ဗဟိုနဲ့ စစ်ဒေသခေါင်းဆောင် တော်တော်များများ တက်ကြ တယ်။ ပါတီဗဟိုကော်မတီဝင်များ ဖြစ်ကြတဲ့ စစ်ကော်မရှင်အတွင်းရေးမှူး ရဲဘော်တင်ရီနဲ့ တပ်မ ၄၈ တပ်မမှူး ရဲဘော်ဇော်မိုင်၊ တပ်မ ၆၈ တပ်မမှူး ရဲဘော်ထွန်းလွင်တို့တက်ရောက်ပြီး တိုက်ပွဲစီမံကိန်း အသေးစိတ်ဆွေး နွေးဆုံးဖြတ်ကြတယ်။ ဆွေးနွေးပွဲလုပ်နေစဉ်မှာဘဲ၊ ပါတီဥက္ကဋ္ဌသခင်ဗသိန်းတင်နဲ့ ရဲဘော်ဦးတင် (ဗိုလ်ကျော် ဇော) တို့ ကားလေးနဲ့ရောက်လာပြီး ဥက္ကဋ္ဌက ခင်ဗျားတို့ ဆွေးနွေးနေတာ ဆက်လုပ်ပါ။ တိုက်ဖို့ ဆုံးဖြတ်ပြီးပြီ ဘဲ၊ ကျွန်တော်နဲ့ ရဲဘော်ဦးတင်က ခင်ဗျားတို့အားပေးဖို့လာတာလို့ပြောတယ်။ နောက် ဥက္ကဋ္ဌက ပြောချင်တာ တခုက တိုက်ပွဲမှာ ရဲဘော်တွေ အကျအဆုံး အထိအခိုက်နည်းအောင် မိုင်းရှင်းလင်းရေးကိရိယာတွေ သုံးဖို့လို လိမ့်မယ်ထင်တယ်။ အဲဒါ ဘယ်လိုစီစဉ်ကြလဲ ပြောနေစဉ် တပ်မ ၆၈ တပ်မမှူး ရဲဘော်ထွန်းလွင်က ဥက္ကဋ္ဌ တိုက်ပွဲဖြစ်နေပြီဆိုရင် ဒါသုံးဖို့မလိုတော့ဘူး၊ အခြားနည်းနဲ့ စဉ်းစားရမယ်လို့ ပြောလိုက်တယ်။ ဌာနချုပ်က အစည်းအဝေးတက်ကြသူ ရဲဘော်စိုးချစ်၊ ရဲဘော်စန်းမောင်၊ ရဲဘော်အောင်လွင်တို့လည်း အစည်းအဝေးတက် ကြတယ်နဲ့တူတယ်၊ ထောက်ပံ့ရေးဌာနက ဌာနမှူးတွေ၊ ဆေးရုံနိုင်ငံရေးမှူးတွေလည်း တက်တယ်။ အချိန်ကြာ သွားပြီဆိုတော့ အခြားအစည်းအဝေးတက်သူတွေ မမှတ်မိတာတွေရှိလိမ့်မယ်။ ပထမ တပ်မ ၄၈ တပ်မမှူး ရဲဘော်ဇော်မိုင်က ထိုးစစ်အတွက် မုန်တိုင်းတပ်ကို ကျွန်တော်တို့ဆီက ၃ဝ၃၅ တပ်ရင်း သုံးမယ်။ တိုက်အားက တော့ ၃ဝဝ လောက်ရှိလိမ့်မယ်။ လက်နက်ကြီးတပ်ပါမယ်၊ ဆေးတပ်ဖွဲ့ဝင်တချို့လည်း ရနိုင်တယ်။ ဒါ တပ်မ ဘက်ကလိုအပ်တဲ့ ကျည်ဆန်၊ ရိက္ခာနဲ့ ဆေးဝါးတပ်ဆင်ရေးတွေကိစ္စ ဝိုင်းစဉ်းစားကြပါတဲ့။ နောက် တပ်မ ၆၈ တပ်မမှူးရဲဘော်ထွန်းလွင်က ကျွန်တော် အကြံပေးလိုတယ်၊ မုန်တိုင်းထိုးတဲ့တပ်အနေနဲ့ ရန်သူကို ထိုးချက်မိ အောင်ထိုးနိုင်ဖို့ အရံတပ်တောင့်ဖို့လည်း အရေးကြီးတယ်။ ဘယ်တပ်ကိုအရံထားမလဲ မေးတဲ့အခါ ရဲဘော် တင်ရီက ရဲဘော်လီထင်ဘက်ကြည့်ပြီး ရင်း ၂၂ ဘဲဖြစ်မယ်ထင်တယ်ပြောရာ ရဲဘော်လီထင်က ဟုတ်တယ်လို့ ထောက်ခံဆွေးနွေးတယ်။ နောက်စခန်းထိုင်မှာနဲ့ လမ်းဖြတ်တောက်ဖို့ တပ်က လိုသေးတယ်ဆိုတော့ ၇၆၈ တပ်မဟာ (ကျိုင်းတုံမြောက်ခြမ်းခရိုင်ဘက်ကတပ်) က တရင်းခေါ်ထားတယ်၊ လာလိမ့်မယ်လို့ ရဲဘော်တင်ရီက ပြောလိုက်တယ်။ ဒါဆို တပ်အင်အားမဆိုးပါဘူး။ မုန်တိုင်းတပ် သိပ်မနာအောင် ကျည်ဆန် ခဲယမ်း သေချာတပ် ဆင်ရမယ်။ ကျွန်တော်မှန်းကြည့်တာ အဓိကတပ်တွေ ကျည်နှစ်ဆင်ခွဲ တပ်ဆင်ဗျားတဲ့၊ ရုတ်တရက် နားမလည် သလိုဖြစ်နေရာ ရဲဘော်ထွန်းလွင်က ပထမ တပ်တိုင်းကို တဆင်ဆာ ကျည်အပြည့်တပ်ဆင်လိုက်၊ တိုက်ပွဲ ဖြစ်ပြီး ပြန်တပ်ဆင်မှာနဲ့ နှစ်ဆင်စာဖြစ်ရော၊ ဒီကြားမှာ ဖြည့်ကျည်နဲ့ ဘာနဲ့ တဝက်လျာထား၊ အားလုံး နှစ်ဆင်ခွဲ၊ ပါတီရဲ့ ဒီအခြေအနေမှာ ဒီလောက်ဘဲ။ ပစ်စလက်ခတ် လုပ်မဖြစ်ဘူး။ စနစ်တကျတော့ လုပ်ကြမှဖြစ်မှာတဲ့။ အားလုံး သဘောတူလက်ခံကြတယ်။

● မန်မန့်ဆိုင်စစ်မျက်နှာ တိုက်အားများစုစည်းမိခြင်း
၁၉၈၃ ခု ဖေဖော်ဝါရီလပိုင်းဖြစ်မယ်၊ ဗဟိုနဲ့ စစ်ဒေသခေါင်းဆောင်ရဲဘော်တင်ရီ ခေါင်းဆောင်တဲ့ ရုံးအဖွဲ့ ရဲဘော်စိုးချစ်၊ ရဲဘော်စန်းမောင်၊ ရဲဘော်အောင်လွင်၊ ရဲဘော်ကော့ဟယ်ပင် စတဲ့အဖွဲ့သားများနဲ့ တဖွဲ့၊ ရဲဘော် ဇော်မိုင် ခေါင်းဆောင်တဲ့ တပ်မ ၄၈ ရုံးအဖွဲ့က ရဲဘော်မြမောင်၊ ရဲဘော်ခိုင်အောင်၊ ရဲဘော်လဇွန်ထန်တို့ပါဝင်တဲ့ ရုံးအဖွဲ့။ ရဲဘော်လေးမောင်၊ ရဲဘော်ထွန်းမြတ် စတဲ့ သတင်းအဖွဲ့များ။ ၇၆၈ တပ်မဟာမှ ရင်း ၉ တရင်း ဒုတပ် မဟာမှူး ရဲဘော်ခွန်ဆာ (ရှမ်း-စကော့တလန်ကပြား မိုက်ကယ်ဒေးဗစ်) ခေါင်းဆောင်လာတယ်။ လက်နက်ကြီး ရဲဘော်အောင်ငွေတို့အဖွဲ့မှ ရဲဘော်ချစ်အောင်၊ ရဲဘော်အောင်ချစ်၊ ရဲဘော်ကျော်လေး၊ ရဲဘော်ခင်မောင်၊ ရဲဘော် ဇော်ထွန်းနှင့် အခြားရဲဘော်များ၊ ကျန်တာ ကျွန်တော်တို့စစ်ဒေသစစ်ဦးစီးဌာနနဲ့ စစ်ဒေသတပ်များ ဖြစ်တယ်။ ရန်သူကလည်း ကျွန်တော်တို့ပြင်နေသလို သူ့ခံစစ်အတွက် ပြင်ဆင်မှုတွေလုပ်နေတယ်။ ကျည်ဆန် ခဲယမ်း ထမ်းတဲ့ပေါ်တာတွေ ကျွန်တော်တို့ဘက်ပြေးလာတာ မနည်းဘူးဖြစ်နေတယ်။ ရန်သူပေါ်တာတွေဆီက သတင်း ရတာလည်းရှိတယ်။ သံလွင်ကူးတို့ဆိပ်လုံခြုံရေး မိုင်းရယ်က ခလရ ၆၇ ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်စန်း တာ ဝန်ယူဦးစီးနေတာ သေချာသလောက် ရှိတယ်။ ထိုစဉ်က သံလွင်မြစ်ကူးတံတား မရှိသေးဘူး။ တာကောင်းအက် ကူးတို့ကနေ ဖြတ်ကူးရတယ်။ မိမိဘက်က မန်မန့်ဆိုင် ရောက်နေတဲ့တပ်ထဲက ပထမဆုံး စစ်ဒေသကင်းတပ် ကို ထုတ်ပြီး သံလွင်မြစ်အနောက်ဘက်ကူး၊ စစ်ရေးလှုပ်ရှားမှုလုပ်ရန် ရှေ့တန်းဦးစီးမှ စီစဉ်တယ်။ ဖြစ်နိုင်ရင် မိုင်းရယ်ကို ဝင်ချဖို့ မိမိတပ် ဒုရင်းမှူး ရဲဘော်ဆိုက်တောင်း ခေါင်းဆောင်တဲ့ ကင်းတပ်ရင်းကို လွှတ်လိုက်တယ်။ အခြေအနေကို မဆုပ်ကိုင်မိတဲ့ ဦးဒါရှီးက အခုအချိန်မှ တပ်ဖြန့်ခွဲ တာဝန်ပေးနေတယ်ဆိုပြီး ဝေဖန်နေသေး တယ်။

● မိမိထိုးစစ် စတင်ခြင်း
မန်မန့်ဆိုင်စစ်မျက်နှာ တိုက်ခိုက်ရေးအင်အားများ စုံညီနေပြီဖြစ်သဖြင့် အဆင့်ဆင့်တပ်ကေဒါမှ အောက်ခြေ ရဲဘော်များအထိ တိုက်ပွဲဝင်စိတ်ဓာတ်လှုံ့ဆော်ကာ လက်တွေ့တိုက်ပွဲ အသေးစိတ်အခြေအနေကို ချပြတယ်။ အကြိမ်ကြိမ်အစည်းအဝေးခေါ် ရှင်းပြတာတွေ လုပ်ပြီးနောက် ပွဲဦးထွက်အနေနဲ့ ရင်း ၂၂ ကို မုန်တိုင်းတပ် အဖြစ်သုံးရန် သတ်မှတ်ပြီး ၈၃ ခု ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ တိုက်ဖို့ စဉ်းစားကြ ရာမှာ ရန်သူတိုက်လေယာဉ် မနှောင့်ယှက်နိုင်အောင် ညနေ ၅ နာရီ (၁၇ဝဝချိန်) တိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနေ့က ကျွန်တော့်ကို ရဲဘော်တင်ရီက ရဲဘော်လီထင်နား နေခိုင်းထားတယ်။ ဖြစ်ချင်တော့ ဆက်သွယ်ရေး စက်နဲ့ရဲဘော်တွေ လက်နက်ကြီးတပ်ဘက်သွားရေး စီစဉ်နေဆဲ တိုက်ပွဲစတယ်။ မိမိဘက်၊ ရန်သူဘက် လက်နက်ကြီးတွေ ဆူပွက်မြည်ဟီးနေအောင် အပြန်အလှန် အကြီးအကျယ်ပစ်နေကြတယ်။ ညနေ ၅ နာရီ ဆောင်းတွင်းမို့ မှောင်ရီပျိုးစ ရန်သူ့တောင်ကုန်းတွေပေါ် မိမိလက်နက်ကြီးတွေ အဆက်မပြတ်ပေါက်ကွဲနေတာ အချိန်အတော်ကြာတယ်။ လက်နက်ကြီးပစ်ခတ်မှုအချိန် တနာရီလောက်ကြာလိမ့်မယ်။ နောက်မှ လက်နက် ငယ် ပစ်ခတ်မုန်တိုင်းဆင်ပြီး ည ၇ နာရီ (၁၉ဝဝ ချိန်) ကျော်လောက်မှ နံပါတ် ၃ ကုန်း၊ မန်းပတ်ကုန်း သိမ်းမိ ကြောင်း အချက်ပြမီးကျည် တွေ့ရတယ်။ ကျွန်တော်တို့စစ်ဦးစီးရုံးရောက်ချိန် မန်းပတ်ကုန်းနဲ့ အခြားစစ်နေရာ နောက်ထပ် တခုနှစ်ခုသိမ်းရကြောင်း စက်နဲ့သတင်းပို့လာတယ်။ ဆက်တိုက်မလား မရှင်းမလင်း ဖြစ်နေတယ်။ သိမ်းထားတဲ့ကုန်းပေါ်က ဖြည့်ကျည်ပို့ပေးဖို့ အရေးပေါ်တောင်းဆိုနေတယ်၊ ထိခိုက်ကျဆုံး မိမိဘက်မများဘူးလို့ သိရတယ်။ တိုက်ပွဲမပြီးသေး၊ ဆက်ရှင်းနေဆဲဘဲ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကျွန်တော် ဖြည့်ကျည်ပို့ပေးရင်း လတ် တလောသိမ်းထားတဲ့ မန်းပတ်ကုန်းဘက် တက်သွားတယ်။ ရွာအစွန်တောင်ကုန်းအောက်ခြေက တောစပ်မှာ ချမ်းချမ်းစီးစီး မီးထည့်လှုံနေတဲ့ ရင်း ၂၂ ဒုနိုင်ငံရေးမှူး ရဲဘော်ကျိုးဆန်ကတ် ဆေးတပ်ဖွဲ့ဝင်ရဲဘော်နှစ်ယောက် ၃ ယောက်နဲ့ စတွေ့တယ်။ သူတို့ဘေးမလှမ်းမကမ်းမှာ ရဲဘော်တယောက်အလောင်း တွေ့ရတယ်၊ တောင်ကုန်း ထိုးအတက်မှာ ထိကျဆုံးတယ် ပြောတယ်။ ဒဏ်ရာ အခုထိ ထိတာသိပ်မများဘူးပြောတယ်။ ကျွန်တော် မန်ပတ်ကုန်းပေါ်တက်ကြည့်တော့ ၂၂ ရင်းမှူး ရှောက်ဆန်ကတ် တောင်ကုန်းပေါ်ရောက်နေတယ်။ သိမ်းပိုက် ရထားတဲ့ စာတွေ စာအုပ်တွေ ဆက်သွယ်ရေးဆိုင်ရာတွေ သူကိုင်ထားပြီး ကျွန်တော့်ကိုအပ်တယ်။ ရင်းမှူးနဲ့ ရဲဘော်တွေ ကြည့်ရတာ တောင်ကုန်းသိမ်းရပြီး အားရကျေနပ်နေတဲ့ပုံ တွေ့ရတယ်။ သိမ်းပြီးစခန်းကုန်းရှေ့ ရန်သူ့ဘက်ဆီမှ မိမိတပ်လိုက်ရှင်းနေတဲ့ သေနတ်သံတွေ မစဲသေးဘူး။ တရစပ်ပစ်နေကြတယ်။ စခန်းပေါ်မှာ ရန်သူ ၆ လောင်းဘဲ ကျွန်တော်မျက်မြင်တွေ့ရတယ်။ ရန်သူ့ဆီက လောင်ချာတလက်နဲ့ အခြားလက်နက်ငယ် ၄ လက် ၅ လက်ဘဲရတယ်။ ဝိုင်းပတ်ချေမှုန်းနိုင်တဲ့ တိုက်ပွဲမဟုတ်၊ ပြန်တွန်းထုတ်တဲ့တိုက်ပွဲဖြစ်လို့ သုံ့ပန်း ဖမ်းမမိ ဘူး။ ရှေ့နားကစခန်းငယ်ပေါ်မှာ ရန်သူနှစ်လောင်း ရှိသေးတယ်ပြောတယ်။ စခန်းရဲ့ဘယ်ဘက်ကနေ တပ်က မုန်တိုင်းထိုးထားတဲ့လမ်းအတိုင်း ပြန်ဆင်းလာချိန် ၇၆၈ တပ်မဟာမှ ရင်းဒုနိုင်ငံရေးမှူး ရဲဘော်ဆက်မန်း ခေါင်းဆောင်တဲ့ တပ်ရင်း ၉ နဲ့တွေ့တယ်။ သူတို့လည်း လွယ်ဆန်ကျင်းကုန်း သိမ်းထားတယ်တဲ့။ တောင်စောင်း ကပ်ပြီး ရဲဘော်တွေအသင့်စုထားတာ တအုပ်ကြီးတွေ့ရတယ်။ သူတို့ဘေးနားမှာလည်း ကျဆုံးတပ်စုမှူး တယောက် အလောင်းတွေ့ရတယ်။ ညသန်းခေါင်ဖြစ်နေပြီ၊ လက်နက်ကြီးတွေလည်းငြိမ်လို့ ကြိုကြားကြိုကြား တချက်တလေဘဲ ပစ်နေကြတယ်။ ကျွန်တော် စစ်ဦးစီးရုံးဘက်ပြန်လာတော့ လမ်းမှာ တပ်ရင်းမှူးကြီး ရဲဘော် အိုက်လွန်း ခေါင်းဆောင်တဲ့ ၃ဝ၃၅ တပ်၊ တရင်းလုံး မန်းပတ်ဘက်တက်လာတာ လမ်းမှာဆုံတယ်။ အိုက်လွန်း က မင်းတို့ ဒီဘက်ကုန်းရပြီးရင် ဆက်ချမယ်၊ ရဲဘော်မြမောင် အမြန်လိုက်ခဲ့ဖို့ ပြောလိုက်ကွာ ဆိုပြီး ညသန်း ခေါင်မှာ တပ်တွေနဲ့ချီတက်သွားတယ်။

● လွယ်ပန်လုံတောင်ကုန်းထိ ဆက်တိုက်ရေး ကျည်ဆန်မလုံမလောက်ဖြစ်သွားခြင်း
တိုက်ပွဲက ရည်မှန်းချက်မရောက်၊ ရန်သူသိမ်းပိုက်တဲ့နေရာတွေထဲက နံပါတ် ၃ ကုန်း (မန်းပတ်ကုန်း) ဘဲရ လိုက်တယ်။ အဓိကရည်မှန်းချက် လွယ်ပန်လုံ ဆက်မတိုက်နိုင်ဖြစ်သွားတယ်။ တိုက်ပွဲအရှိန်မြှင့် လွယ်ပန်လုံထိ ဆက်တိုက်ရေး လက်နက်ကြီးကျည်ဆန်မလောက် ဖြစ်နေတယ်၊ ပြဿနာက ပထမဆင့် နံပါတ် ၃ ကုန်း တိုက် စဉ်က ရင်း ၂၂ တက်ထိုးချိန်ကြာသွားတယ်။ သေချာဆန်းစစ်တဲ့အခါ မုန်တိုင်းဆင်တက်ထိုးချိန် ကြာခြင်း မဟုတ်၊ ရန်သူစခန်းအခြေ မိမိတပ် အနီးဆုံးကပ်ထားပြီးမှ လက်နက်ကြီးပစ်ကူ စရမှာဖြစ်သော်လည်း တိုက်ပွဲ က ညနေ ၅ နာရီစတဲ့အခါ၊ လမ်းမကြီးဘက်က မိမိ မုန်တိုင်းဆင်မယ့်တပ် ပြေးဝင်လာတာ ရန်သူက အပေါ်စီးမှ အထင်းသားတွေ့နေလို့ ရန်သူကဆီးပစ်၊ မိမိလက်နက်ကြီးပစ်ကူစောင့်နဲ့ ရန်သူစခန်းဆီ အမြန်ချဉ်းကပ် ထိုး ဖောက်ရေးအချိန် ဖြစ်သင့်တာထက် ပိုကြာသွားတယ်။ အချိန်ကြာလေ ပစ်ကူပေးရလေဖြစ်ပြီး ပထမဆင့် တိုက်ပွဲနဲ့ဘဲ တပတ် ၁ဝ ရက်ခန့် သယ်ယူစုဆောင်းထားတဲ့ ကျည်ဆန်ခဲယမ်းတွေ ကုန်သလောက်ဖြစ်သွား တယ်။ ရဲဘော်ခိုင်အောင်ပြောတာ သတိရမိတယ်။ ရင်း ၂၂ စထွက်တဲ့နေရာ သိပ်ဝေးတယ်၊ အတွေ့အကြုံနဲ့ ဆိုင်တယ်ထင်တယ်။ လက်နက်ကြီး မပစ်ခင်ကတည်းက အနီးဆုံးကပ်နေရာယူဖို့ကြိုးစားရေး ကြပ်မတ်မှု လိုတယ်ထင်တယ်လို့ သူ့အမြင်ကို တဖွဖွပြောနေတယ်။ အဲဒီမှာ ပြဿနာပေါင်းစုံ ပေါ်တော့တာဘဲ။ စစ်ရေးမှာ လက်ဦးမှုနဲ့ စိတ်ဓာတ်ပိုင်း သိပ်အရေးကြီးတယ်။ လွယ်ပန်လုံ အသိမ်းခံရခြင်းဟာ မိမိလက်ဦးမှု မဲ့သွားတာဘဲ၊ လက်ဦးမှုပြန်ရအောင် အမြန်ပြန်တိုက်ခြင်းဖြစ်တယ်။ ပြန်တိုက်တာ တဝက်တပျက်ဘဲပြန်ရတော့ ပြဿနာကြီး သွားတယ်၊ နောက်တပွဲအတွက် ရန်သူက တပ်လဲပြီးခံလိမ့်မယ်။ မိမိက တပ်လဲစရာ မရှိဘူး။ အချိန်ရလေ ရန်သူ က ခံစစ်အတွက် ခြံစည်းရိုးခတ်၊ ကတုတ်ခိုင်အောင်တူး မိုင်းတွေမြှုပ်နဲ့ အချိန်ရသွားတယ်။ သတင်းထောက် လှမ်းရေးတာဝန်ယူတဲ့ ရဲဘော်လေးမောင်က ပထမဆင့်တိုက်ပွဲမှာ ရန်သူသေကြေများတယ်။ စိတ်ဓာတ်ပိုင်းရော အတော်ထိတယ်၊ ပျော့ဖတ်သွားပြီ၊ ဆက်သာတိုက်နိုင်ရင် လွယ်ပန်လုံ မုချပြန်ရမယ်။ ရန်သူတပ်လည်း ခံစစ် ပြင်ပြီးမှတိုက်ရင် မလွယ်ဘူးထင်တယ် ဟုပြောနေတယ်။ ကျည်ဆန်ခဲယမ်း အမြန်ဖြည့်တင်းနိုင်ရန် စစ်ဒေသမှ ရဲဘော်အောင်လွင်ကို တိုက်ပွဲပြီးစတည်းက ရှေ့တန်းဦးစီးမှ ပန်ဆန်းသို့ အမြန်လွှတ် စီစဉ်ခိုင်းတယ်။ သိမ်းရ ထားတဲ့ တောင်ကုန်းတွေကို နောက်နေ့ ကျွန်တော်နဲ့ရဲဘော်မြမောင် သွားကြည့်တယ်။ စစ်နေရာ စခန်းငယ်တွေ အပါ ၃ နေရာ ၄ နေရာလောက် ရထားတယ်။ အရေးကြီးတဲ့ လွယ်ပန်လုံ ၁ ကုန်း၊ ၂ ကုန်းအပြင် လွယ်ဆန် ကျင်းဘက်မှာ ရန်သူကာကင်း ကုန်းတကုန်းကျန်နေတယ်။ ဒီကုန်းကပြဿနာ၊ သူ့ရှင်းပြီးမှ လွယ်ပန်လုံ ၂ ကုန်း ၁ ကုန်းတိုက်လို့ရမယ့် အခြေအနေဖြစ်တယ်။ သိမ်းပြီးတောင်ကုန်းတွေ လိုက်ကြည့်တော့ ရန်သူ ၃ လောင်း ၄ လောင်း ထပ်တွေ့တယ်၊  ရန်သူအလောင်းဘေးမှာ ရှမ်းအဖိုးကြီးတယောက် အလောင်းတွေ့တယ်။ ပေါ်တာဆွဲခံ ရတာဖြစ်မယ်။ ထိုးကွင်းမင်ကြောင်တွေနဲ့ အလောင်းဘေးမှာ လွယ်အိပ်လေးနဲ့ ထမင်းဘူး တွေ့ရလို့ ကျွန်တော် ရင်ထဲ တော်တော်မကောင်းဖြစ်သွားတယ်။ စစ်ဒဏ်ကို ပြည်သူတွေပါ အလူးအလဲခံစားနေကြရတယ်။ ထိုနေ့ လေယာဉ်ဗုံးကြဲချိန် တိုက်ဆိုင်နေလို့ ကျွန်တော်နဲ့ ရဲဘော်မြမောင် မနည်းရှောင်တိမ်း ဝပ်နေရတယ်။ ကျွန်တော် တို့ရှေ့မှာဘဲ မန်းပတ်ရွာကြီး ဗုံးဒဏ်ကြောင့် မီးလောင်ပြာကျသွားတာ တွေ့ရတယ်။ ဓာတ်ပုံတောင် ရိုက်ထား သေးတယ်။ ရန်သူက လက်နက်ကြီး လက်နက်ငယ်ကျည်ဆန်တွေ ပစ်ထားခဲ့တာ မနည်းဘူးတွေ့ရတယ်။

● နောက်တပွဲ ဆက်တိုက်ရေး လုံးပန်းကြခြင်း
ရှေ့တန်းစစ်ဦးစီးအဖွဲ့မှာ ဗဟိုနဲ့ တပ်မ ခေါင်းဆောင်မှုတွင်း အဆင်မပြေမှု အနည်းအပါးရှိသော်လည်း နောက် တပွဲတိုက်ရေး တညီတညွတ်ထည်း ပြင်ကြရတယ်။ ပါတီရဲ့ ၇၉ လမ်းစဉ်ထဲက စစ်ရေးလမ်းစဉ်အပိုင်းမှာ ပြောက် ကျားစစ်ကို အဓိကထား၊ လှုပ်ရှားစစ်နဲ့ ပေါင်းစပ်တိုက်၊ မလွှဲမရှောင်သာမှ နေရာယူစစ်ကို တိုက်ရမယ်လို့ ပြဋ္ဌာန်းထားတယ်။ အခု လွယ်ပန်လုံတိုက်ပွဲ ဆုံးဖြတ်ချက်ဟာ တကယ်ကို မလွှဲမရှောင်သာတဲ့ နေရာယူစစ် တိုက်ပွဲကြီး ဖြစ်နေတယ်။ မန်မန့်ဆိုင် စစ်မျက်နှာမှာ ၁၅ ရက်၊ ရက် ၂ဝ ခန့်၊ မိမိရဲ့ ရှိနေတဲ့အချက်အလက်အရ တပ်အင်အား၊ ပြည်သူ့စစ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာ ဆေးဝါးစတဲ့ ရုပ်ဝတ္တုအင်အားများ စုစည်းထားခြင်း၊ လွတ်မြောက်နယ်မြေထဲ ရန်သူဝင်လာသဖြင့် ဒိုင်နယ်တခုစာနီးပါး ကျေးရွာပြည်သူတွေ အိုးပစ်၊ အိမ်ပစ် ဖြစ်နေ ခြင်း၊ ရန်သူသိမ်းပိုက်ထားတဲ့စခန်းများ ပြန်တိုက်ယူရန် အကြိမ်ကြိမ်ချပြ အတွေးအခေါ်ပိုင်းပြင်ဆင်မှုများ လုပ်ထားပြီးဖြစ်ခြင်း စတဲ့အကြောင်းအချက်များက နောက်တချီ မတိုက်မဖြစ်တိုက်ရမယ့် အခြေအနေကို တွန်းပို့ နေတယ်။ နောက် ကိုးကန့်၊ ဝ မြောက်နဲ့ ခရိုင်များ၊ မြို့နယ်များ နောက်တန်းဌာနများကလည်း ရှေ့တန်း မေးမြန်းရေးဆိုပြီး ရိက္ခာနဲ့အစာအစာများ လှူဒါန်း မေးမြန်းမှုတွေလည်း မပြတ်လာနေတယ်။ တချို့မြို့နယ်များ ဆိုရင် တပ်အတွက် အရက်ပုံးလိုက် မေးမြန်းတာတွေတောင်လုပ်ကြတယ်။ ဒီအနေအထားမှာ နောက်တပွဲ အမှတ် ၂ ကုန်းနဲ့ လွယ်ပန်လုံ ၁ ကုန်းကိုပါတိုက်ရေး ရှေ့တန်းစစ်ဦးစီးအဖွဲ့က ဆုံးဖြတ်လိုက်တယ်။ ဒီရက်ပိုင်း အတွင်း လွယ်ပန်လုံစစ်ဆင်ရေးနဲ့ ဆက်စပ်စီစဉ်တဲ့ စစ်ဒေသကင်းတပ်ရဲ့ သံလွင်မြစ်ကူးစစ်ဆင်ရေး မိုင်းရယ်မြို့ တိုက်ပွဲ တိုက်ဖြစ်တယ်။ မြန်မာ့အသံ ရေဒီယိုမှာ မိုင်းရယ်ကို ဗကပ ဝင်တိုက်တဲ့သတင်းပါလာတယ်။ လွယ်ပန် လုံတိုက်ပွဲကို ပေါင်းစပ်ပေးတဲ့ တိုက်ပွဲဖြစ်လို့ မဆိုးဘူးလို့ ဆိုရမယ်။ ခလရ ၆၇ လည်း မိုင်းရယ် ပြန်ဆုတ်ရ တယ်တဲ့။ တပ်လဲထားတာဘဲ ဖြစ်မယ်။

တိုက်ပွဲအတွက် အခိုင်အမာတွက်ချက်ရာမှာ မိမိဘက်သာလွန်ချက် စိတ်ဓာတ်ပိုင်းသာရှိပြီး ရုပ်ပိုင်း ပကတိ အခြေအနေက အားနည်းချက်များနေတယ်။ ရန်သူက အထိနာနေတဲ့ ခလရ ၈၃ ကို ခလရ ၇၆ နဲ့ တပ်ချင်း လဲထားလိုက်ပြီ။ မိမိတပ် လွယ်ပန်လုံပြန်ရရေး မကျေနပ်ပွဲ ဆက်တိုက်မယ်ဆိုတာ ရန်သူက သေချာပေါက် တွက်လို့ရနေပြီ။ ဒါကြောင့် ခံစစ်ပိုင်း ဗျူဟာမြောက်ပြင်ဆင်မှုတွေ လုပ်နေတယ်။ ခြံစည်းရိုးခတ်တာ ကတုတ် ပြင်တာတွေ လုပ်နေတယ်။ မြေအနေအထား ရန်သူကအားသာချက်များတယ်။ မိမိတပ် ဒေသကျွမ်းသော် လည်း မြေအနေအထားအားနည်းချက် ရှိနေတယ်။ မန်ခူ၊ မန်ခါးဘက်က လှည့်တိုက်ရေး စဉ်းစားကြတဲ့အခါ လက်ရှိဝန်ထုပ်ဝန်ပိုးတွေ ရုတ်တရက်လှည့်ပြောင်းဖို့မလွယ် ဖြစ်နေတယ်။ ဒါကြောင့် မန်ခူမန်ခါးဘက် ရောက် နေတဲ့ ၆ဝ၂ တပ်ရင်းခေါ် နှစ်ဘက်ညှပ် ချိန်ကိုက်တိုက်ရေး ဆုံးဖြတ်လိုက်တယ်။

● အစမကောင်းတဲ့ တိုက်ပွဲ
လွယ်ပန်လုံ ဒုတိယတိုက်ပွဲအတွက် ပြင်ဆင်မှုကာလ၊ အဓိက ပန်ဆန်းဘက်ကပို့တဲ့ ကျည်ဆန်စောင့်ရတာနဲ့ အခြားပြင်ဆင်မှုတွေလုပ်တာ ၉ ရက်လောက်ကြာသွားတယ်။ ပထမတိုက်ပွဲ ၈၃ ခု ဖေဖော်ဝါရီ ၂၅ ရက်တိုက် တယ်။ နံပါတ် ၃ ကုန်းပြန်ရတယ်။ (ဖော်ပြပြီး) ဒုတိယပွဲက ၈၃ ခု မတ်လ ၆ ရက်နေ့မှာမှ နံပါတ် ၂ နဲ့ ၃ ကုန်း တိုက်ဖို့ ဆုံးဖြတ်ချက်ချတယ်။ ယုန်ခန်းဝရွာအနီးက မြေပြန့် (နောင် တပ်မဟာ ၇ ရုံးနေရာ) မှာ မတိုက်မီ သဲမြေပုံနဲ့ အကြိမ်ကြိမ်ကြည့်ကြ၊ မြေအနေအထားအသေးစိတ်သိတဲ့ ဒေသခံရဲဘော်တွေခေါ် ရှင်းပြခိုင်းတာတွေ လည်းလုပ်တယ်။ အစည်းအဝေးမှာ ၆ဝ၂ တပ်ရင်းက ရဲဘော်တွေလည်း တက်တယ်၊ အစည်းအဝေး အစပိုင်း မှာ တိုက်မယ့်နေ့၊ အချိန်တွေ သတ်မှတ်ပြီးသွားလို့ ခရီးဝေးပြန်ရမယ့် ၆ဝ၂ ရဲဘော်တွေ အစည်းအဝေး မပြီးခင် လေး ခွင့်တောင်းပြီး အရင်ထွက်သွားကြတယ်။ သူတို့ပြန်သွားပြီးမှ အကြံရကြတာက တိုက်ပွဲကို မတ်လ ၆ ရက် နံနက်စောစော မတိုက်နဲ့၊ လေကြောင်းအန္တရာယ် ရှောင်ပြီးသားဖြစ်အောင် ည ၂ နာရီလောက် စတိုက်ရင်၊ မနက် ၆ နာရီ ၇ နာရီဆို ရန်သူစခန်းသိမ်း ရှင်းလင်းရေးလုပ်ပြီးချိန် လေယာဉ်လာလည်း ကိစ္စမရှိဘူး- ဆိုတဲ့ အမြင်၊ အားလုံးသဘောတူ။ နံနက်စောစောမတိုက်ရေး ဆုံးဖြတ်ချက်ပြင်လိုက်တယ်။ ဒီအချိန်ပြင်တဲ့ကိစ္စ ၆ဝ၂ ရဲဘော်တွေ အကြောင်းကြားရေးပြောတဲ့အခါ စစ်ဦးမှူး ရဲဘော်လီထင်က ဒါသိပ်အရေးမကြီးဘူး၊ ဒီဘက်က အဓိကတိုက်မှာ၊ ဒီကအသံမကြားရင် သူတို့ ဘာမှမလုပ်ဘူး၊ စောင့်နေလိမ့်မယ်ဆိုတာမျိုး ပြောလို့ ခပ်ပေါ့ပေါ့ သဘောထားလိုက်ကြတယ်။ ရှေ့တန်းစစ်ဦးစီး အဓိကတာဝန်ရှိတဲ့ သူတွေကလည်း ကနနဲ့ အကြောင်းမကြားမိ ကြဘူး။


၈၃ ခုနှစ် မတ်လ ၆ ရက် နံနက်စောစော ကျွန်တော်တို့ အေးအေးဆေးဆေး အိပ်နေကြစဉ် ၆ဝ၂ ဘက်က လက်နက်ကြီးပစ်သံတွေ စကြားရတယ်။ ရန်သူနဲ့ အပြန်အလှန်ပစ်ခတ်နေတဲ့ တိုက်ပွဲဖြစ်သံ ဆက်တိုက် တော် တော်ကြာကြာ ကြားနေရတယ်။ ဟိုဘက်ဒီဘက်ညှပ်တိုက်တဲ့ ချိန်ကိုက်တိုက်ပွဲ မဖြစ်တော့ ခေါင်းဆောင်တွေ လည်း အားလုံးကြားသိနေရလို့ အချိန်ပြင်ဆင်ချက် အကြောင်းကြားရေး တာဝန်ရှိတဲ့သူ ဝေဖန်ရေးလုပ်ရုံမှအပ ဘာမှမတတ်နိုင်၊ အစမကောင်းတဲ့တိုက်ပွဲ ဖြစ်သွားပြီ။ ဒီဘက်က ညမှတိုက်ပွဲစမယ်ဆိုတော့ အေးအေးဆေး ဆေး ဖြစ်နေကြတယ်။ ညနေပိုင်းမှာ တပ်မ ၄၈ တပ်မမှူးကခေါ်ထားလို့ သူတို့နဲ့ ညနေစာအတူစား၊ ညတိုက်ပွဲ အတွက် ပြင်ဆင်သင့်တာ ပြင်ဆင်တယ်။ တပ်မှူးက ညတိုက်ပွဲခွင် မြင်ရမယ့်နေရာကြည့်ထား၊ တို့ အဲဒီက ကြည့် ညွှန်ကြားစရာ ညွှန်ကြားတာပေါ့ဆိုပြီး ရဲဘော်တယောက်ပြောသွားတဲ့ ကုန်းတက်ကြည့်ကြတာ အဆင် မပြေဘူးဖြစ်နေတယ်။ ဒီကြားထဲ ကြေးနန်း သတင်းဆက်တိုက်ဝင်နေလို့ တပ်မမှူးက စက်နားကခွာမရ ဖြစ်နေ တယ်။ ည ၂ နာရီလောက် လက်နက်ကြီးစပစ်တယ်။ တိုက်ပွဲက ရန်သူမျှော်လင့်မထားချိန် တိုက်လိုက်လို့ အစပိုင်း မဆိုးဘူးလို့ထင်နေတယ်။ နာရီဝက် တနာရီလောက်အတွင်း မုန်တိုင်းထိုးနိုင်တဲ့ သဘောကြားနေရ တယ်။ ပထမ ၇၆၈ တပ်ရင်း ၉ ထိုးတဲ့ ရှေ့ကာကင်းကုန်း သိမ်းရတဲ့သဘော မီးကျည်တွေ့လိုက်တယ်လို့ သတင်းပို့တယ်။ ဒါဆိုရင် ဒီတိုက်ပွဲအဆင်ချောလိမ့်မယ်။ ဒါမှ ၃ဝ၃၅ က ၂ ကုန်းဘက် ကျော်တက်ထိုးရပြီး နောက်ကျောဘက် စိုးရိမ်စရာမရှိလို့တွက်တယ်။ တိုက်ပွဲဖြစ်နေစဉ် မိုးလေးကတဖွဲဖွဲ ဖြစ်နေပြန်တယ်။ အမြင့် တက်ထိုးရမယ့် ရဲဘော်တွေအတွက် ခေါင်းဆောင်တွေ စိုးရိမ်စိတ်ရှိနေကြတာ ပေါ်လွင်တယ်။ တိုက်ပွဲ အချိန် ကြာနေတယ်။ လွယ်ဆန်ကျင်းအထက်က ကာကင်းကုန်း အပိုင်သိမ်းရမရ မသေချာ ဖြစ်နေပြန်တယ်။ မိုးလင်း တော့မယ်။ ကျွန်တော် ဆက်သားရဲဘော်နဲ့ ၃ ကုန်းဘက် ပြေးသွားတယ်။ မိုးကသဲလာလို့ ချမ်းချမ်းစီးစီး မန်ပတ် ဘုန်းကြီးကျောင်း ပြေးဝင်၊ ခဏမိုးဝင်ခိုတယ်။ အမှောင်ထဲ ဘုန်းကြီးကျောင်းအောက် ကျဆုံးရဲဘော်တွေ စီထား တာ ၉ လောင်း၊ ၁ဝ လောင်းလောက်ဖြစ်နေတယ်။ ဒီတိုက်ပွဲထိတာ အတော်များနေပြီ။ ၃ ကုန်းပေါ်တက်သွား တော့ ၂၂ ရင်းမှူးနဲ့တွေ့တယ်။ တိုက်လို့ မရတော့ဘူးထင်တယ်တဲ့၊ မိုးစင်စင်လင်းဖို့ အမှောင်ကိုလုနေပြီ။ တိုက်နေတဲ့ ၂ ကုန်းဘက်လှမ်းကြည့်တော့ မိမိဘက် ရဲဘော်တချို့ပြန်ဆုတ်နေတာ မြင်နေရတယ်။ ရန်သူက လည်း ကာကင်းကုန်းပေါ်က စက်လတ်သံတဒိန်းဒိန်း ဆက်တိုက်မြည်နေတယ်။ ဘယ်လိုလဲ၊ ဒီကာကင်းကုန်း သိမ်းမရဘူးလား မေးတော့ ရင်းမှူးက သူ့တပ်မဟုတ်လို့ မသိဖြစ်နေတယ်။ ရန်သူက အဲဒီ ကာကင်းက ဖိပစ်နေ တယ်။ မိမိတပ် လက်နက်ကြီးရဲဘော်တွေက လက်နက်ကြီးတွေ စက်သေနတ်ကြီးတွေနဲ့ တဝုန်းဝုန်း လှမ်း ထောက် ပစ်ခတ်ပေးနေတယ်။ ကျွန်တော်တို့ရောက်နေတဲ့ကုန်းပေါ် ရန်သူက ၇၅ နဲ့ လှမ်းပစ်တာလည်းရှိတယ်။ မျက်မြင်တိုက်ပွဲအခြေအနေ ရှေ့တန်းဦးစီးရုံးအစီရင်ခံဖို့ ၃ ကုန်းပေါ်က ပြန်ဆင်းလာပြီး မန်မန့်ဆိုင်မြို့နယ် အကျော်လောက်မှာ ရန်သူလေကြောင်းတိုက်ခိုက်မှု စလုပ်တယ်။ ဒီပွဲမှာ လေယာဉ်လာတာ တော်တော် စော တယ်။ နံနက် ၉ နာရီမထိုးခင် ရောက်လာတယ်။
လွယ်ပန်လုံကို ပြန်တိုက်သိမ်းရေး မအောင်မြင်တဲ့ပွဲ ဖြစ်သွားပြီ။ ရန်သူလည်း ဒီပွဲမှာ ၂ ကုန်းတကုန်းတည်း ၇ဝ ကျော်ထိတယ် ဆိုတဲ့ ကြားဖြတ် တိကျတဲ့သတင်း ရလိုက်တယ်၊ လွယ်ပန်လုံ ၁ ကုန်းနဲ့ ကာကင်းကုန်း ဘယ် လောက်ထိတယ်ဆိုတာ သတင်းမရသေးဘူး။ သေကြေဒဏ်ရာ ရာကျော်ဖြစ်မှာသေချာတယ်။ ဒါပေမဲ့ ရန်သူ ခံစစ်မြဲသွားတယ်။ သူ့ရည်ရွယ်ချက်အောင်မြင်တယ် ပြောရမယ်။ မိမိတပ် ဒီပွဲမှာ အဓိက ၂ ကုန်းထိုးတဲ့ မုန်တိုင်း တပ် ကျဆုံး ၃ဝ ကျော်လိမ့်မယ်။ ကျဆုံးထဲမှာ ခွဲအဆင့်ပါတယ်၊ လွယ်ဆန်ကျင်းအထက် ကာကင်းကုန်းထိုးတဲ့ ၇၆၈ တပ်မဟာ ရင်း ၉ မှကျဆုံး ၈ ယောက်လား ၉ ယောက်လား ရှိတယ်။ ဒီတပ်က မိုင်းယန်းဘက်က ခေါ် ထားတဲ့တပ်၊ ရှမ်းရဲဘော်အများစုဘဲ။ ကျဆုံးထဲမှာ ဒုခွဲမှူး ပလန်အမျိုးသား တိုက်ခိုက်ရေးအားကိုးရတယ်ဆိုတဲ့ အိုက်ရီတောင်း ကျဆုံးတယ်။ ဖြစ်ပုံက ဒုခွဲမှူးကျဆုံးပြီး ပထမစခန်းသိမ်းရတယ်။ မီးကျည်ပစ်ပြီး ကျန်နေတဲ့ခွဲမှူး ဒဏ်ရာရပြန်တယ်။ စခန်းထိန်းမယ့်လူမရှိ၊ အောက်ခြေရဲဘော်တွေ မထိန်းနိုင်ဘဲ စခန်းပြန်လွတ်သွားတယ်။ ဒါကြောင့် တိုက်ပွဲက ပိုဆိုးသွားတယ်။ လွယ်ပန်လုံ အနောက်မြောက်ဘက်က တိုက်တဲ့ ၆ဝ၂ တပ်ရင်း ၃ ရက် နေ့နံနက်ပိုင်းတိုက်ပွဲမှာ ၇ ယောက် ၈ ယောက် လောက်ကျတယ်။ ခရိုင်တပ်က လမ်းပြရှေ့ဆောင်ရဲဘော် ကျဆုံးတာ ရှိသေးတယ်။ ဒီပွဲမှာ မိမိတပ်အားလုံး ကျဆုံး ၄ဝ ကျော်၊ ၅ဝ နီးပါးလောက် ရှိလိမ့်မယ်၊ ဒဏ်ရာလည်း အပေါ့စားအပါ ရာကျော်မှာဘဲ။ ချုပ်ကြည့်ရင် မိမိတပ်ရှုံးတယ်၊ လွယ်ပန်လုံလည်း သိမ်းမရ ရည်ရွယ်ချက် မအောင်မြင်တဲ့ ပွဲဖြစ်သွားတယ်။

● သုံးသပ်ချက်
၁။ တိုက်ပွဲရည်ရွယ်ချက်ကိုက ဝိုင်းပတ်ချေမှုန်းရေး ပွဲမဟုတ်ဘူး၊ ချေမှုန်းဖို့လည်း အခြေအနေ မပေးဘူး၊ မိမိ တပ်အင်အားက ဝိုင်းပတ်လောက်အောင် အင်အားမလုံလောက်ဘူး။ မြေအနေအထားအရလည်း ဝိုင်းပတ် ချေမှုန်းနိုင်ရေး လက်ဦးမှု ယူမရ၊ နောက်လမ်းပိတ်မရဖြစ်နေတယ်။ လွယ်ပန်လုံပြန်ရရေး တိုက်တဲ့ပွဲဘဲ ဖြစ် တယ်။ တစိတ်တပိုင်းဘဲ ပြန်ရပြီး တခုလုံးရည်ရွယ်ချက် မအောင်မြင်ဘူး။

၂။ မိမိတပ်များ တိုက်ခိုက်ရေးအင်အား သတ်မှတ်ချက်မပြည့်မှီခြင်း။

၃။ ပထမတိုက်ပွဲနဲ့ တဆက်ထည်းဆက်တိုက်ရေး မလုပ်နိုင်ခြင်း။

၎။ ပထမပွဲနဲ့ ဒုတိယပွဲကြား ရန်သူကို ပြင်ဆင်ချိန်ပေးဖြစ်၊ ပြင်ဆင်ချိန်ကြာနေခြင်း။

၅။ အရံတပ်အင်အားမလုံလောက်ခြင်း စသည်တို့ဖြစ်လိမ့်မယ် ဟုထင်မြင်ကြောင်း မိမိအတွေ့အကြုံများ သုံးသပ်တင်ပြခြင်း ဖြစ်ပါတယ်။

မောင်စိန်သော်
(၂၄.၄.၂ဝဝ၉)

Comments