မြင့်ကျော် ● လက်နက်ကိုင် ပဋိပက္ခနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်သားကောင်းများ

မြင့်ကျော် ● လက်နက်ကိုင် ပဋိပက္ခနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်သားကောင်းများ
(မိုးမခ) မတ်လ ၁၂၊ ၂၀၁၈

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့ ထိစပ်ရာ မြန်မာနဲ့ တရုတ်နိုင်ငံရဲ့ နယ်နိမိတ် ထိစပ်ရာဒေသ ၊
အခု တင်လိုက်တဲ့ ဓါတ်ပုံ တချို့က ဘယ်ဒေသကလဲလို့ မေးရင် ....... စစ်မှန်တဲ့ ပြည်ထောင်စု ကိုယ်ပိုင် ပြဌာန်းခွင့်၊ မျှတတဲ့ သယံဇာတခွဲဝေမှု ၊ မေ့ပျောက်ရခက်ခဲသော အတိတ်ရဲ့ ဒဏ်ရာများ၊ မတူတဲ့ဘက်တွေအကြား မယုံကြည်မှု၊ လက်နက်/ အင်အားနဲ့ အနိုင်ယူကာ အယူဝါဒကို လက်ခံစေရန် ဖိအား ပေးမှုများ ၊ အင်အားနဲ့ အယူအဆ ကို အနိုင်ယူခြင်းတွေ ရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့ ဒေသခံတွေ ရဲ့ စစ်ဘေးရှောင် စခန်းတခုဖြစ်တဲ့ မန့်ဝိန်းကြီး မှာရှိတဲ့ ကေဘီစီ စခန်း အမှတ် (၁) က ဓါတ်ပုံတချို့ပါ၊ ဖေဖေါ်ဝါရီလအတွင်း ရောက်ရှိခဲ့စဉ် ရိုက်ကူးထားတာပါ။


မန့်ဝိန်းကြီး စစ်ဘေးရှောင်စခန်းတွင် တွေ့ရသည့် မံစီမြို့နယ် ဂေါ်လန်ရွာမှ ဦးခေါန်တူး ၊
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ မှစတင်ရောက်ရှိသူ၊ သားသမီး မရှိ၊ ၎င်းရဲ့ ဇနီးနဲ့ ၂ ဦးသာ စစ်ရှောင်စခန်း မှာ နေထိုင်နေသူဖြစ်သည်။

ဖုန်ထူတဲ့ မန့်ဝိန်းကြီး မြို့ငယ်လေးရဲ့ လမ်းတွေ အတိုင်းသွားတဲ့အခါ လက်ဝဲဘက်မှာ ကေဘီစီ ရဲ့ ခပ်သေးသေး ဆိုင်းဘုတ် ကိုတွေ့ပါလိမ့်မယ်၊ ဝင်းထဲဝင်သွားတဲ့အခါ မြင်ရတာကတော့ ကလေးငယ် ၄၊ ၅ ဦး မြေကြီးပေါ် ကစားနေကြတဲ့ မြင်ကွင်းပါ။ ညာဘက်မှာတော့ ဆောက်လက်စ တထပ် အဆောက်အဦငယ် နဘေး ဆံပင်ညှပ်ဖို့ လုပ်နေကြတဲ့ အမျိုးသား ၃၊ ၄ ဦးကိုတွေ့ရတယ်၊ ဆံပင်ညှပ်ပေးတဲ့သူကလည်း စစ်ရှောင် စခန်းမှာ နေသူ အချင်းချင်းဖြစ်ပါ။

ရှေ့ကို ဆက်သွားတဲ့အခါမှာတော့ သွပ်ပြားတွေကို ယာယီအမိုးသဖွယ် မိုးထားတဲ့ ခပ်နိမ့်နိမ့် တဲ့တွေ တန်းစီနေတာ တွေ့ရပါတယ်၊ တဲရှေ့မှာ တဲအဝင်ဝမှာပါ စီစီရီရီထားတဲ့ ထင်းချောင်းတွေတွေ့ရပါတယ်။ တဲတွေရဲ့ ခေါင်မိုးတွေ ၊ အဝင်ဝ နံရံတွေ မှာတော့ ထင်းမီးခိုးတွေနဲ့ မဲညစ်နေတာတွေ့ရပါတယ်။ အချို့အခန်းတွေရဲ့ အဝင်ဝမှာတော့ ဝက်စာကျွေးဖို့လို့ ယူဆရတဲ့ စားကြွင်းစားကျန် ထမင်းရေ၊ ဟင်းရွက် အဖျားအနား အခွံတွေကို ပလပ်စတစ်ပုံးတခုထဲ ထည့်ထားတာ တွေ့ရပါတယ်။

တဲတန်းအဆုံး တနေရာ မြေကြီးပေါ် ထိုင်ပြီး ဝါးတွေ ဖြာနေတဲ့ အသက် ၇၀ ဝန်းကျင် အဖိုးအိုတယောက်ကိုတွေ့ရပါတယ် ၊ ကချင်လုံချည်နဲ့ ဆွယ်တာဝတ်ဆင်ထားပြီး ဆံပင်တချို့တဝက် ဖြူနေသူကတော့ မံစီမြို့နယ်ထဲက ဘန်ဂေါ်ရွာမှာ နေထိုင် သူ ဦးခေါန်တူးပါ။


မန့်ဝိန်းကြီး စစ်ဘေးရှောင်စခန်း တွင်ချိတ်ဆွဲထားသည့် မြေမြှုပ်မိုင်းအန္တရာယ် သတိပေးလမ်းညွှန်မြေပုံ၊

သူနေတဲ့ရွာက အခု စစ်ဘေးရှောင်စခန်း ရှိရာ မန့်ဝိန်းကြီးရဲ့ အနောက်ဘက် ၁၅ မိုင် ကျော်ဝန်းကျင် အကွာအဝေး ကချင် ပြည်နယ်ထဲမှာပါ။

ဒီစခန်းကို ရောက်လာတာ ၂၀၁၂ ခုနှစ် ၂ လပိုင်းက ဆိုတာကြောင့် ၆ နှစ်ထဲဝင်နေပြီး အရင်နှစ်တွေတုန်းကတော့ စိုက်ပျိုး ရာသီကာလတွေမှာ စစ်ရေး လှုပ်ရှားမှု အနည်းငယ် ငြိမ်သက်တယ်ဆိုခဲ့ရင် ရွာကို ခေတ္တခဏ ပြန်ကာ စိုက်ပျိုးတာတွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကုန်က စလို့ စစ်ရေးလှုပ်ရှားမှု ပိုမိုပြင်းထန်လာပြီး ယခုနှစ် ဇန်နဝါရီ ဖေဖေါ်ဝါရီလတွေမှာတော့ ရွာကို လုံးဝသွားလို့ မရလောက်အောင် အခြေအနေက ဆိုးဝါးလာတယ်လို့ ဆိုပါတယ်။

မန့်ဝိန်းကြီး ရှိ ကေဘီစီ စစ်ရှောင်စခန်း အမှတ် (၁) မှ စစ်ဘေးရှောင် မိသားစုမှ ကလေးငယ်တဦး

သူ့ရဲ့ နဘေးမှာ အသက် ၆၀နှောင်းပိုင်းအရွယ်လို့ ခန့်မှန်းရတဲ့ ဇနီးဖြစ်သူက ထိုင်နေတာတွေ့ရပါတယ် ၊ သူတို့ လင်မယားမှာ သားထောက်သမီးခံမရှိပါဘူး။ ဦးခေါန်တူး ဝါးတွေဖြာနေတာ ဘာအတွက်လဲ လို့မေးတဲ့အခါမှာ ပလိုင်း ယက်ဖို့လို့ ဖြေပါ တယ်။ ပလိုင်းတလုံး ရဖို့ ဘယ်နှရက်လောက် လုပ်ရသလဲမေးတဲ့အခါမှာ ဝါးပြန်ခုတ်တာက တရက်၊ ဝါးဖြာတာ တရက်၊ ယက်တာတရက် ပေါင်း ၃ ရက်ကြာပြီး တလုံးကို ကျပ် ၂ ထောင်နဲ့ ရောင်းတယ် အသုံးစရိတ်ရတယ် လို့ဆိုပါတယ်။

ဝါးကို ဘယ်ကနေသွားခုတ်သလဲလို့မေးကြည့်တဲ့အခါ ဒီစခန်းနဲ့ ၂ မိုင်လောက်ဝေးတဲ့ နေရာမှာ သွားခုတ်ရတယ်လို့ဆိုပါတယ် တခါတရံ ဝါးခိုးခုတ်ရတဲ့အဖြစ်ကို ဦးခေါန်တူးက "သွားခိုးခုတ်ရတာပေါ့၊ ကိုယ်ပိုင်တဲ့ တောင်၊ တောမှ ဒီနားမှာမရှိဘဲ၊ ဒီတော့ ဒီကသိပ်မဝေးတဲ့ သူများပိုင်တဲ့ တောမှာ သွားခိုးခုတ်ရတယ်” လို့ ဆိုပါတယ်။

မန့်ဝိန်းကြီး ရှိ ကေဘီစီ စစ်ရှောင်စခန်း အမှတ် (၁) မှ စစ်ဘေးရှောင်မိသားစုများ နေထိုင်လျက်ရှိကြသည့်နေအိမ်တန်း

စစ်ဘေးရှောင်ရတဲ့ ဒုက္ခတွေအနက် အဓိကအကျဆုံး အခက်အခဲက မိမိတို့ပိုင်တဲ့  ဆိုင်တဲ့ တောင်ယာ၊ တော၊ သစ်ပင် မရှိတဲ့အဖြစ်ကြောင့် လူမှုဘဝ ရှင်သန်ဖို့ရာ အခက်အခဲကြုံရတာပဲ ဖြစ်ပါတယ်။

မိမိတို့ ရွာမှာနေထိုင်တဲ့အခါ ရိက္ခာ ဆန်၊ ဟင်းသီးဟင်းရွက်၊ ထင်း၊ ဝါး စတာတွေက ငွေနဲ့ပေးဝယ်စရာ မလိုဘဲ လုပ်အား စိုက်ထုတ်ခြင်းဖြင့် ရနိုင်ပါတယ်။

အခုလို စစ်ဘေးရှောင်ဘဝ တခြားသော အရပ်ဒေသရောက်တဲ့အခါ စိုက်စရာ မြေမရှိတာကြောင့် ဝေငှပေးတဲ့ ရိက္ခာကို မှီခိုရသလို ၊ ဟင်းသီးဟင်းရွက်အတွက် ဈေးမှာဝယ်စားရပါတယ်၊ တချို့သော စခန်းတွေမှာတော့ စခန်းပတ်ဝန်းကျင်မှာ မိသားစု တစုကို လက် နဲ့ ၂ လံအကျယ် (၁၀ ပေ အကျယ်ဝန်းကျင်) စိုက်ခင်းတခင်း ခွဲတမ်းရပြီး မုံညင်းလို အခြားဟင်းရွက်လိုမျိုးစိုက်ပျိုးထားတာတွေ့ခဲ့ရပါတယ်။ တဖန် မီးဆိုက်စရာ ထင်းလိုရင် ခုတ်ရမယ့်တောမရှိတာကြောင့် အနီးအနား ရွာတွေ က တော/ တောင် ပိုင်သူတွေထံက တောင်းပြီးခုတ်ရတာမျိုးပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း မန့်ဝိန်းကြီးရှိ ကေဘီစီ စစ်ရှောင်စခန်း အမှတ် (၁) တွင် ဆော့ကစားနေကြသည့် ကလေးငယ်တစု

အလားတူပဲ အိမ်အတွက်၊ ဒါမှမဟုတ် လက်နဲ့ ယက်တဲ့ ဝါးထည်ပစ္စည်းတွေ လုပ်ရောင်းချင်ရင်လည်း ခုတ်စရာ မိမိပိုင်တဲ့ ဆိုင်တဲ့ ဝါးရုံ၊ ဝါးပင် မရှိတဲ့ဘဝမျိုးနဲ့ ကြုံတွေ့နေကြရတဲ့ သဘောပဲ ဖြစ်ပါတယ်။

● ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ စစ်ဘေးရှောင်တွေရဲ့ ဆန္ဒ
စစ်ဘေးရှောင် စခန်းက ဒုက္ခသည်တွေရဲ့ နေထိုင်နေရတဲ့ မြင်ကွင်းနဲ့ နေပြည်တော် ခန်းမကြီးထဲက ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ညီလာခံတွေရဲ့ မြင်ကွင်းနှစ်ခုက ဆက်စပ်နားလည်ဖို့ ခက်ခဲတဲ့ မြင်ကွင်းနှစ်ခုပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ညီလာခံတွေမှာ စစ်ဘေးရှောင်တွေ ခံစားနေရတဲ့အကြောင်း၊ ဘဝတွေကို အမှန်တကယ် နားလည်ဆွေးနွေးကြရဲ့လား၊ တကယ်ခံစားနေ ရတဲ့သူ အကျိုးစီးပွားမျှော်ကိုးချက်မရှိဘဲ သူတို့ရဲ့ ဘဝတွေ ပြောင်းပြန်ဖြစ်သွားကြရတဲ့ သူတွေရဲ့ အသံတွေ အဲဒီဆွေးနွေးပွဲ တွေ ညီလာခံတွေမှာ ကိုယ်စားပြု ထွက်ပေါ်လာခြင်း ရှိသလားဆိုတာလည်း စဉ်းစားမိတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။


မန့်ဝိန်းကြီး ရှိ ကေဘီစီ စစ်ရှောင်စခန်း အမှတ် (၁) တွင် နေထိုင်နေသည့် စစ်ဘေးရှောင် မိသားစုတစ်စု

စစ်ဘေးရှောင် တချို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြောင်း သိသလားလို့ မေးကြည့်တဲ့အခါမှာရေဒီယိုတွေ မှာတော့ နားထောင်ဖူးလို့ ကြားဖူးတယ် ဘယ်လိုအခြေအနေ ရောက်နေတယ်ဆိုတာတော့ မသိဘူးလို့ ဖြေပါတယ်။ ဘာများပြောချင် လဲလို့ မေးကြည့်ရာမှာတော့ ပြည်သူတွေအတွက် လုပ်နေတယ်မဟုတ်လား ပြည်သူတွေအတွက်လုပ်နေတယ်ဆိုရင် အခု လို ပြေးနေ ရှောင်နေရတာတွေ ပြီးဆုံးသွားအောင် လုပ်ပေးပါလို့ ပြန်ဖြေပါတယ်။

အောက်က link ကတော့ ဦးခေါန်တူးရဲ့ အသံတချို့ပါ။
https://soundcloud.com/myint-kyaw-698956656/villager-u-khaung-tuu_meng-waing-gyi

Comments