ထွန်းဝင်းငြိမ်း ● သခင်ဇင် (၁၉၁၂ - ၁၉၇၅) - အပိုင်း (၄)

 ထွန်းဝင်းငြိမ်း ● သခင်ဇင် (၁၉၁၂ - ၁၉၇၅) - အပိုင်း (၄)
(မိုးမခ) မတ်လ ၂၇၊ ၂၀၁၈

● မဒညတနဲ့အတူ
၁၉၅၉၊ မေလ ၃ဝ ရက်နေ့စွဲနဲ့ သခင်ဇင်ဟာ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(မဒညတ) သဘာပတိအဖွဲ့(ဗဟို)အနေနဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ထံကို တိုက်ရိုက်ပေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီပေးစာမှာ  ''တရားမျှတသော ရွေးကောက်ပွဲ ပြုလုပ်၍ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက် တင်မြှောက်သော ပါလီမန်ဒီမိုကရေစီအစိုးရ ဖွဲ့စည်းရန်နှင့် ဒီမိုကရေစီကျသော သူမနာကိုယ်မနာ ပြည်တွင်ငြိမ်းချမ်းရေးတည်ဆောက်ရန် တင်ပြခြင်း ''ခေါင်းစီးနဲ့'' ---- လူမျိုးစုံအခွင့်အရေးများ အပြည့်အဝ ရရှိရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်တို့အတွက် ၁၉၅၉ ခုနှစ်၊ မေလ ၂၅ ရက်တွင် အမျိုးသား ဒီမို ကရေစီ ညီညွတ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ပါသည်။'' ဆိုပြီး ဖော်ပြထားပါတယ်။

အဲဒီစာမှာ သခင်ဇင်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန်းဘဇန်၊ ကေအဲန်ယူပါတီ၊ နိုင်ဘလွင်၊ မွန်ပြည်သစ်ပါတီတို့က အသီးသီး လက်မှတ်ရေးထိုးထားကြ ပါတယ်။

သခင်ဇင်ဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် မဒညတကို ရဲဘော်ဌေးနဲ့အတူ ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ငြိမ်း ချမ်းရေး ကြေညာချက်များနဲ့ ပေးစာပေါင်းမြောက်မြားစွာကို ရေးသားထုတ်ပြန်ခဲ့ကြပါတယ်။

မဒညတမှာ သခင်ဇင်ရဲ့ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး အတူတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဗကပတပ်မှူးဟောင်းဦးစော ရင်က အခုလို သုံးသပ် တင်ပြထားပါတယ်။

''၁၉၄၈ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးကြီးတွင် သခင်ဇင်မှာ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပြီး တပ်ပေါင်းစု ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဗဟိုတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ တော် လှန်ရေးနောက်ပိုင်းတွင် ဗဟိုမဒညတခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ မဒညတခေါင်းဆောင်တာဝန်ယူရင်း လူမျိုးစု များ၏ လေးစားကြည်ညိုမှုကို အခံရဆုံးပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့သည်။''

ဆက်လက်ပြီး မဒညတအတွင်းညီညွတ်ရေးတည်ဆောက်ရာမှာ ကျင့်သုံး ခဲ့တဲ့ သခင်ဇင်ရဲ့ ပျော့ပျောင်းညင်သာတဲ့လုပ်ဟန်ကို မှတ်ချက်ပြုရာမှာတော့

 ''မဒညတအတွင်း မည်မျှပင် တိုက်ပွဲများပြင်းထန်စေကာမူ၊ တိုက်ပွဲတွင် မည်မျှပင် ရုံ့ရင်းခက်ထန်ပြီး မည်မျှပင် ရိုင်းပျသည့် စကားလုံး များဖြင့် တိုက်ပွဲဝင်ကြစေကာမူ ခေါင်းဆောင်ကြီးသခင်ဇင်မှာ တဖက်သားအား လုံးဝ အာဃာတ မထား။ စိတ် လှုပ်ရှားမှု လုံးဝမရှိဘဲ တည်ငြိမ်အေးဆေးစွာပင် ပျော့ပျောင်းစွာ ပြန်လည်တိုက်ခိုက်ရင်း ညီညွတ်မှုကို မရမနေ ကြိုးပမ်း နိုင် သည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ လက်နက်ကိုင်တပ်များ အချင်းချင်း ပူးပေါင်းကာ တစ်ခုတည်းသော ခေါင်းဆောင်မှုအောက်တွင် မဒညတ လက်နက်ကိုင်တပ်ကို ဖွဲ့စည်းနိုင်ခြင်းကပင် ၎င်း၏စွမ်းရည်ကို ဖော်ပြနေပါသည်။ ခေါင်းဆောင်ကြီးသခင်ဇင်၏ အထူးခြားဆုံးမှာ ဝေဖန်ရေးကို အာဃာတ ကင်းစွာ အလေးအနက်ခံယူနိုင်ခြင်းနှင့် မိမိအမှားကို ရဲဝံ့စွာ ဖော်ထုတ်နိုင်ခြင်းပင် ဖြစ်သည်။ မိမိမှားခဲ့သည့်အမှားကို ပါတီတွင်းသို့ ရဲဝံ့စွာထုတ်ဖော်ဝန်ခံခဲ့သည်။'' ဆိုပြီး တွေ့ရပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာသိမ်းစစ်အစိုးရ တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ တော တွင်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကို ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါတယ်။ တော်လှန်ရေး ကောင်စီရဲ့ ကမ်းလှမ်းဖိတ်ခေါ် ချက်အရ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကေအဲန်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီတို့ ပါဝင်တဲ့ ၃ ပါတီတို့ဟာ တော်လှန်ရေးကောင်စီနဲ့ လာရောက်ဆွေးနွေးကြပါတယ်။



အဲဒီပါတီအဖွဲ့အစည်းတွေ တော်လှန်ရေးကောင်စီနဲ့ ဆွေးနွေးနေစဉ် ချင်းဦးစီးအဖွဲ့ကိုပါ ထည့်သွင်းပြီး အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒညတ) ဗဟိုကိုယ်စားလှယ်အဖွဲ့အနေဖြင့် တော်လှန်ရေးကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးပြဿနာကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မဒညတ ပဏာမကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင် ၁၆ ဦးပါဝင်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် မန်းဘဇန်၊ အတွင်းရေးမှူးအဖြစ် ရဲဘော်တင်ထွန်းတို့က တာဝန်ယူဆောင်ရွက်ခဲ့ကြပါတယ်။

အဖွဲ့ဝင် ၁၆ ဦးကတော့ (၁) မန်းဘဇန် (၂) စကောလယ်တော (၃) ဗိုလ်ကျင်ဖေ (၄) ဗိုလ်သန်းအောင် (၅) နိုင်ဘလွင် (၆) နိုင်ထင် (၇) နိုင်တက်ထွန်း (၈) စောမော်ရယ် (၉) ဗိုလ်စံလင်း (၁ဝ) ဆလိုင်းစံအောင် (၁၁) ဆလိုင်းသာဦး (၁၂) ရဲဘော်ဌေး (၁၃) ရဲဘော်ဇင် (သခင်ဇင်) (၁၄) ရဲဘော်တင်ထွန်း (၁၅) ရဲဘော်အောင်ကြီး (၁၆) ရဲဘော်ဗိုလ်ဇေယျတို့ဖြစ်ကြပါတယ်။

ဒါပေမယ့် တော်လှန်ရေးကောင်စီရဲ့ အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မအောင်မြင်ခဲ့ပါဘူး။ မဒညတအဖွဲ့ဝင်ပါတီ များသည် တော်လှန်ရေးကောင်စီအား အကြပ်ကိုင်ရန်ဆန္ဒဖြင့် ပြုလုပ်သည့် ၆ ခရိုင်ဆန္ဒပြပွဲကို တောနယ်လူထုအား မတက် မနေရစည်းရုံးခြင်း၊ အတင်းအကြပ်ကိုင် တိုက်တွန်းခြင်း၊ ခြိမ်းခြောက်၍ ဆန္ဒပြပွဲအတွက် ငွေကောက်ခံပေးခြင်းများ ပြုလုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကေအဲန်ယူပါတီအပေါ် ပြစ်တင်ဝေဖန်ပြီး လုပ်ကြံဝါဒဖြန့်ခဲ့ကြပါတယ်။ အလွန်တင်း ကြပ်တဲ့စည်းကမ်းတွေသတ်မှတ်ပြီး ၁၄၊ ၁၁၊ ၁၉၆၃ မှာ တော်လှန်ရေးကောင်စီက ဆွေးနွေးပွဲကို တဖက်သပ် ရပ်ဆိုင်းလိုက်ပါတယ်။

ဆွေးနွေးပွဲပျက်သွားပြီး မဒညတက နောက်ဆုံးအကြောင်းပြန်ခဲ့တဲ့ ကြေညာချက်မှာတော့

''----ယခုကဲ့သို့ ဆွေးနွေးပွဲများ ပျက်သွားစေကာမူ မိမိဘက်ကတပ်များက တော်လှန်ရေးကောင်စီ၏တပ်များကို စတင်တိုက် ခိုက်ခြင်းမပြုဘဲ လက်တွေ့ရထားပြီးဖြစ်သော တစုံတရာ အေးငြိမ်းလာသော အခြေအနေကို ထိန်းသိမ်းသွားရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

တော်လှန်ရေးကောင်စီကလည်း ဤအခြေအနေကို အလားတူပင် ဆက်လက်ထိန်းသိမ်းသွားပြီး ယခု အပစ်အခတ်ရပ်စဲ ရေးတွင် တူညီမှုရထားသော အချက်အလက်များကိုလည်းကောင်း၊ ယခင် ပါတီလိုက်ဆွေးနွေးရာတွင် ရရှိထားသော သ ဘောတူညီချက်များကိုလည်းကောင်း မပျက်စေဘဲ မဒညတပါတီဝင်များ၏ ပါတီဗဟိုအာဏာပိုင် အဖွဲ့များနှင့် နိုင်ငံရေးဆွေး နွေးပွဲများ ဆက်လက်ခေါ်ယူ ဆွေးနွေး သွားရန် လေးနက်စွာ မေတ္တာရပ်ခံခဲ့ပါ သည်။



မဒညတအဖွဲ့အနေဖြင့် ဤသဘောထားအတိုင်း တပြည်လုံး အာသာ ငမ်း ငမ်း တောင့်တနေသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူလူထုကြီးအား တင်ပြအပ် ပါသည်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒညတ) ဗဟိုကိုယ်စားလှယ်အဖွဲ့ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။ '' ဆိုပြီး တွေ့ရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မဒညတကိုယ်စားလှယ်အနေနဲ့ သခင်ဇင်တက်ရောက်လာတဲ့အခါ မိသားစုနဲ့တွေ့ပုံကို ဒေါ်ခင် လက်ျာက အခုလိုရေးသားခဲ့ပါတယ်။

''၁၉၆၃ ခုနှစ်မှာ သခင်ဇင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရန်ကုန်ကို လာရောက်ခဲ့ပါတယ်။ ဖခင်ကိုတွေ့ပေမယ့် မဟားက ဝိုးတိုးဝါး တားဖြစ်ပြီး မျက်နှာကို ကောင်းကောင်းမမှတ်မိ ဖြစ်နေပါတယ်။ အမေ ဘယ်ကလူကြီးနဲ့ စကာြးေ ပာနေပါလိမ့်လို့ ဖြစ်မိသတဲ့။ ဖခင်နဲ့ကွဲခဲ့စဉ်က တစ်နှစ်ခွဲအရွယ်သာ ရှိသေးတာကိုး။ ဆွေးနွေးပွဲကပျက်သွားပြီး သခင်ဇင်လည်း တောကိုပြန်သွားပါ တယ်။ ''

● တော်လှန်စစ် ဥက္ကဋ္ဌ
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုဌာနချုပ်စခန်းဟာ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဒေသ၊ ကြပ်ညိုရွာရဲ့ အရှေ့ဘက် ၂ မိုင်ခန့်ကွာဝေးတဲ့ ဆင်သေချောင်းနဲ့ ဝါးနက်ချောင်းတို့ရဲ့ ရေဝေကုန်းတန်းေ တာင်ကြောပေါ်မှာ တည်ရှိပါ တယ်။ အဲဒီဗဟိုဌာနချုပ်စခန်းမှာ ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုေ က်ာမတီအစည်းအဝေးကနေ သခင်ဇင်ကို ဒု-ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။ ဗဟိုကော်မတီ ဆုံးဖြတ်ချက် အမှတ် ၂၈ အရ မဒညတ (ဗဟို) မှာ သွားရောက်တာဝန်ယူစေခဲ့ပါတယ်။

အဲဒီကာလမှာ ဝေဖန်ရေး၊ ကိုယ့်ကိုယ်ကို စိစစ်ရေးနဲ့ပတ်သက်ပြီး သခင်ဇင်ရဲ့  ''ဝေဖန်ရေးကို ချစ်မြတ်နိုးခြင်း'' ခေါင်းစဉ် ငယ်နဲ့ မိန့်ခွန်းတစ်ခုမှာ အခုလို တွေ့ရပါတယ်။

''ဝေဖန်ရေးနဲ့ စိစစ်ရေးဆိုတာ မိမိတို့ရဲ့ အတွေးအခေါ်လုပ်ငန်းအရပ်ရပ်မှာ တော်လှန်ရေးကျဖို့၊ ရှိနေတဲ့အတွေးအခေါ်နဲ့ လုပ်ဆောင် ချက်တွေကိုလည်း ဘယ်ဟာကအမှန်၊ ဘယ်ဟာကတော့ မှားတယ်ဆိုတာကို ရှာဖွေတာဖြစ် တယ်။ ဒီလိုရှာဖွေလို့ အမှားတွေ့ရင် ဒီ အမှားမျိုး နောက်ထပ်မဖြစ်အောင် အမှားရဲ့အန္တရာယ်ကို ဖော်ထုတ်တာ၊ အမှားရဲ့ဇာစ်မြစ်ကို တူးဖော်တာသာ ဖြစ်တယ်။ ''

''ဝေဖန်ရေးတို့ စိစစ်ရေးတို့ရဲ့ ရည်ရွယ်ချက်က ရောဂါကိုကု၊ လူနာကို ကယ်တင်ရေးသာဖြစ်တယ်။ ရောဂါသည်ကို အသေ သတ်ဖို့ ဝေဖန်ရေးနဲ့ စိစစ်ရေးလက်နက်ကို အလွဲသုံးစား လုပ်တာမျိုးကို ပါတီက နည်းနည်းမှ ခွင့်ပြုမှာမဟုတ်ဘူး။ ဝေဖန်ရေး၊ စိစစ်ရေးတို့ကိုကြောက်တယ်ဆိုတာဟာ တကယ့်အမှားကို ကာကွယ်ထိန်းသိမ်းတာသာ ဖြစ်တယ်။ အမှန်ကို ကြောက်တာ သာ ဖြစ်တယ်။ ''

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပဲခူးရိုးမ၊ မြရာပင်ကြောရဲ့ အရှေ့စောင်း ကျောက်ချောင်းကမ်းပါးမှာ သစ္စာ ဖောက် ရဲဘော်မြကြီး လက်ချက်နဲ့ ဥက္ကဋ္ဌကြီးသခင်သန်းထွန်း လုပ်ကြံခံရပါတယ်။

သခင်သန်းထွန်းကျဆုံးပြီးနောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီကို သခင်ဇင် ဦးဆောင်ရပါတယ်။ အဲဒီလို ခေါင်းဆောင်ရချိန်မှာ သခင်ဇင် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဗကပတပ်မှူးဟောင်း ဦးစောရင်က အခုလို သုံးသပ် မှတ်တမ်း တင်ခဲ့ပါတယ်။

''ဥက္ကဋ္ဌသခင်သန်းထွန်း ကျဆုံးပြီးနောက် သခင်ဇင်မှာ ဒု-ဥက္ကဋ္ဌမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလာရသည်။ ဥက္ကဋ္ဌအဖြစ်နှင့် တပြည်လုံး တော်လှန်စစ်ကို ခေါင်းဆောင်ခဲ့ရသည်။ သခင်ဇင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည့် အခြေ အနေသည် အလွန်ဆိုး သည့်အခြေအနေတွင် တာဝန်ယူရခြင်းဖြစ်သည်။ ဥက္ကဋ္ဌ သခင်သန်းထွန်း ကျဆုံးပြီးစ အောက်ခြေပါတီတွင် အားငယ်နေ ချိန်နှင့် ပါတီဗဟိုကော်မတီများမှာလည်း တကွဲတပြားစီဖြစ်နေသည့် အခြေအနေတွင် စုစည်းမိသည့် အနည်းငယ်မျှသော ဗဟိုကော်မတီများနှင့် သာ ခေါင်းဆောင်ခဲ့ရသည်။

တိုက်ပွဲများ ပြင်းထန်လေလေ ဗဟိုကော်မတီများ စုစည်းရလေလေ။ ဥက္ကဋ္ဌ အား ပိုမိုဝန်းရံကြရန်ဖြစ်သော်လည်း ဗဟိုကော် မတီ အများစုကြီးကို စုစည်း၍ မရနိုင်ရုံ သာမက စုစည်းမိနေသော၊ အနည်းငယ်သော ဗဟိုကော်မတီ အထဲမှပင် တိုက်ပွဲတွင် တချို့ကျဆုံးသွားပြန်ရာ နောက်ဆုံး ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဗဟိုကော်မတီ ၂ ဦးဖြင့်သာ တိုက်ပွဲများပြင်းထန်နေသည့် အချိန်တွင် ခေါင်းဆောင်ခဲ့ရသည်။

ဤသို့သောအခြေအနေတွင် ခေါင်းဆောင်ရခြင်းသည် အလွန်ပင်အန္တရာယ်ရှိပြီး တစ်ဦးချင်းဝါဒ ခေါင်းထောင်ထလာကာ အမှားများကို ကျူးလွန်နိုင်သည်။ အားငယ်စရာအခြေအနေ ဖြစ်သော်လည်း ဥက္ကဋ္ဌကြီးသခင်ဇင်မှာ အားငယ်မှု၊ တွေဝေမှု လုံးဝမရှိဘဲ လူထုကိုသာ အားကိုးအားထားပြုပြီး အောက်ခြေပါတီဝင်ထုနှင့်ပင် စုပေါင်းခေါင်းဆောင်မှုကို ရယူကာ ရဲဝံ့စွာ ခေါင်းဆောင်ခဲ့သည်။”

ဥက္ကဋ္ဌသခင်ဇင်ဟာ တော်လှန်စစ်ရဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံဖြေရှင်းရင်း မဟာမိတ်ကေအဲန်ယူပါတီနဲ့ အဆင့်ဆင့် အောက်ခြေရဲဘော်တွေကို နှစ်သိမ့်ကာ စိတ်ဓာတ်မြှင့်တင်ပေးခဲ့ပါတယ်။ ၂၅ နှစ်မြောက် ကရင့်တော် လှန်ရေးနေ့ မိန့်ခွန်းမှာ သခင်ဇင်က အခုလို ပြောကြားခဲ့တာကို တွေ့ရ ပါတယ်။

''လူတန်းစားတိုက်ပွဲ သဘောတရားအရ တော်လှန်စစ် အဆင့်မြင့်လေ ရင်ဆိုင်ရတဲ့ အခက်အခဲများဟာလည်း ပိုကြီး၊ ပိုများ လေဆိုတဲ့အတိုင်း တော်လှန်စစ် ရှေ့တဆင့် ခုန်ကူးတော့မယ့်အခြေအနေမှာ ပိုပြီးကြီးမား များပြားတဲ့ အခက်အခဲများ ရင်ဆိုင်ရမှာဟာ ဓမ္မတာ တရားပဲ ဖြစ်ပါတယ်။ အောင်ပွဲနဲ့ အခက်အခဲဆိုတာ အမြွှာညီနောင်ဖြစ်တယ်။ ''

သခင်ဇင်ရဲ့ ရဲဘော်ရဲဘက်ဖြစ်တဲ့ တပ်မှူးဦးဘကျော်က ထိုစဉ်က အခြေ အနေများကို သုံးသပ်ခဲ့ရာမှာ -

''တော်လှန်ရေးမုန်တိုင်းကြားတွင် အခြေအနေဆိုးကို ခေါင်းဆောင်နေရေ သာသူအတွက် အားနည်းချက်၊ ချို့ယွင်းချက်များ မဖြစ်သင့်၊ မရှိသင့်ဟု ဆို၍မရပေ။ ဖြစ်သင့်၊ ရှိသင့်သည့် ပြဿနာများဖြစ်သည်။ ဆိုလိုသည်မှာ အမှားများ၊ ချို့ယွင်းချက်များ မဖြစ်ရဟု ပြော၍ မရပေ။ အမှန်ပင် ဖြစ်နိုင် သည်။ ၄င်းတို့မှာ ပြဿနာများ မဟုတ်ပေ။ ၄င်းအမှားများ၊ ချို့ယွင်းချက်များ ကို ပြင်နိုင်၊ မပြင်နိုင်သည်သာ ပြဿနာဖြစ်သည်။ ဥက္ကဋ္ဌကြီးသည် အမှား များကို ရဲဝံ့စွာ ကိုယ်ကျိုးမဖက်ဘဲ ပြင်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း အစဉ်အလာအရ ထင်ရှားလှပေသည် ''  ဆိုပြီး ရေးသားခဲ့ပါတယ်။

● သူရဲကောင်းတဦးရဲ့ နောက်ဆုံးခရီး
၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်၊ မွန်းလွဲ ၁း၅ဝ နာရီအချိန် ပဲခူးရိုးမ၊ ရဲနွယ်၊ ဖွတ်ကြားချောင်း ဖုန်းဆိုးမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်ဇင်နဲ့ အတွင်းရေးမှူးသခင်ချစ်တို့ဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ရင်း တော်လှန်တဲ့ သူရဲကောင်း ပီသစွာ ကျဆုံးခဲ့ကြပါတယ်။ ကျဆုံးချိန်အထိ လူထုအကျိုးကိုကာကွယ်ရင်း ပါတီရဲ့လမ်းစဉ်ကို အစဉ်အမြဲ စိုက်လိုက်မတ်တတ် ကိုင်စွဲခဲ့တယ်။ သခင်ဇင်တို့ကို ရုပ်ခန္ဓာအရ သတ်ဖြတ်နိုင်ခဲ့ပေမယ့် ရှင်သန်နေတဲ့ သူတို့ရဲ့ယုံကြည်မှုကို တားဆီးဖို့ မစွမ်းနိုင်ကြပါဘူး။

ကွန်မြူနစ်တယောက်ကို သတ်ပစ်လို့ရချင်ရမယ်။ ဘယ်တော့မှ ရှုံးအောင် လုပ်လို့မရဘူး။ ဆိုတဲ့စကားလိုပါဘဲ သခင်ဇင်တို့ ဟာ မိမိကိုယ်ကျိုး လုံးဝမငဲ့ကွက်ဘဲ လမ်းစဉ်အတွက် အသက်ကိုပင် စွန့်လွှတ်ခဲ့ကြတာဟာ တော်လှန်ရေးသမားတိုင်း အတုယူဖွယ်စိတ်ဓာတ်ပဲ ဖြစ်ပါတော့တယ်။

ထွန်းဝင်းငြိမ်း ၂၉၊ ၂၊ ၂ဝ၁၆

(သခင်ဇင် စာအုပ်၊ ယဉ်မျိုး စာအုပ်တိုက်၊ ၂၀၁၆ မှ)

● ကိုးကား
ဦးဘကျော် ဦးဘကျော်၏သခင်ဇင်
သခင်စောရင် သခင်စောရင်၏သခင်ဇင် ကလောင်ပျံဦးဘကိုး ကိုဇင် (သို့) စေ့စပ်သေချာသူ
ဦးရဲလင်း ဦးရဲလင်း၏သခင်ဇင်
ဖိုးသံ (လူထု) သခင်ဇင်၊ သခင်ချစ်
ခင်ဆွေဦး သခင်ဇင့်မျိုးဆက်တဦး
ဒေါ်ခင်လင်္ကျာ ဒေါ်ကြည်ကြည်
သခင်တင်မြ ဘုံဘဝမှာဖြင့်
လူထူဒေါ်အမာ ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ ရန်ကုန်တက္ကသိုလ်သမိုင်းဌာန
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (မူကြမ်း)
သခင်ဇင် မိန့်ခွန်းကောက်နှုတ်ချက်များ တော်လှန်ရေးကောင်စီ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ
မဟာနန္ဒ္ဒာစာပေ ဇင် ချစ် နောက်ဆုံး ၂
0