ဆောင်းယွန်းလ ● ရန်ကုန်ကို ရွတ်ဖတ်မိတဲ့တရား


ဆောင်းယွန်းလ ● ရန်ကုန်ကို ရွတ်ဖတ်မိတဲ့တရား
(မိုးမခ) ဧပြီ ၂၅၊ ၂၀၁၈

တိတ်တဆိတ်
ဝမ်းနဲမှုကို မြိုသိပ်ထားခဲ့ရင်း
ငါ့အလွမ်းတွေသာကုန်ခဲ့တယ်

ဆူဆူညံညံ
ရန်ကုန်ဟာ ရန်မကုန်ခဲ့ဘူး

ပူလောင်ခြောက်သွေ့ မှုအငွေ့ တွေနဲ့ 
ရန်ကုန်ဟာ လောင်ကျွမ်းလို့ 

မောင်တထမ်းမှာ
မယ်တရွက်နဲ့ မလောက်ငှတော့တဲ့ ရန်ကုန်
အကြံကုန်လို့ ဂဠုန်ဆားချက်သူတွေလည်း မနဲတော့ဘူးတဲ့

ဆောင်းတစ်ခေါက် အလည်ရောက်ရင်
ဘောင်းဘီတိုတိုဝတ်ထားရပြီး
နွေတစ်ခါ အလည်သွားရင်တော့
ဝစ်လစ်စလစ်မှ အနေအထိုင်ပြေပြစ်မယ်လို့ ပြောကြတာပဲ

ရန်ကုန်ကို
မျက်နှာစာအုပ်ထဲကနေ လေယာဉ်စီးသွားရုံနဲ့
မကြာမကြာလှုပ်နေတဲ့ မြေငလျင်နဲ့တိုးမယ်
အငွေ့တလူလူအူတက်နေတဲ့ မီးလောင်ပြင်နဲ့ တိုးမယ်
အလှည့်ကျ မီးပျက်နေတဲ့ ညတချို့နဲ့ တိုးမယ်
စိတ်ကြွဆေးသုံးပြီး
ကိုယ့်ကိုကိုယ်အထိမ်းမတတ်တဲ့ မုဒိမ်းတပ်နဲ့ တိုးမယ်

ဒီထက်ရှေ့ကို နဲနဲထပ်တိုးကြည့်ရင်
ရုပ်လုံးကြွရုံကြွပြီး
စိတ်ပိုင်းဆိုင်ရာညှိုးကျနေတဲ့
ရောင်စုံမော်ဒယ်လ်မလေးတွေနဲ့ တိုးမယ်

ရန်ကုန်ဟာ
မျက်နှာစာအုပ်ပေါ်ကနေ ငါ့ကိုဆေးထိုးထားလို့
ငါ့နှလုံးသွေးတွေကိုတိုးစေတယ်

ရန်ကုန်
ကံမကုန်လို့ပြန်ဆုံကြတဲ့အခါ
ရန်ကုန်မှာ ရန်ကုန်လို့ ဘေးကင်းစေလိုပါတယ်။

ဆောင်းယွန်းလ

Comments