အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

သည်နေ့သည် မနေ့ကလိုမဟုတ်ပါ။ သည်နေ့သည် နေ့ရက်အသစ်တစ်ရက်သာဖြစ်သည်။ ထိုကဲ့သို့ သာမာန်နေ့ရက်ဖြစ် သည်ဟုပြောဆိုနေရခြင်းကိုက ထူးခြားမှုဖြစ်သည်လို့ မလည်ရှုပ်ဖြစ်အောင် မရှုပ်ရှု့ပ်အောင်လုပ်နေကြသော လောကကြီး တွင် ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်အတိုင်း သည်နေ့လည်း ကျွန်တော်သည် မြန်မာတစ်နိုင်ငံလုံးတွင် မှီတင်းနေ ထိုင်ကြသူများထဲမှ ထူးခြားဆန်းပြားတမူထူးတဲ့ လူထူးခြားစာပေဖန်တီးသူ ဆရာ/မများ၏ စာမူများကို ရန်ကုန် မြို့တွင်းတွင်ရှိ သော မဂ္ဂဇင်းဂျာနယ် စာစောင် နေ့စဉ်သတင်းစာတိုက်များဆီသို့ စာမူများချောမောလွယ်ကူအောင်မြင်စွာ ရောက်ရှိဖို့ရာ ရှေ့တန်းထွက်ရပေဦးမည်။

ပထမဆုံးစစ်ပွဲကတော့ ကားမှတ်တိုင်တွင် ရန်သူမဟုတ် မိတ်ဆွေမဟုတ်သူ အာဂလူသားများနှင့် အလုအယက် ထိုင်ခုံတစ် နေရာအတွက် တိုက်ပွဲဝင်ရခြင်း ဖြစ်ပေလိမ့်မည်။ ဟုတ်ပါသည်။ ရန်တွေကုန်သွားသော ရန်ကုန်တွင် အချိန်တွေကိုပါ ကုန် သွားအောင် ကားပေါ်တွင် ဖြုန်းတီးပစ်နေရသောရန်ကုန်တွင် အကြံကုန် ဂဠုန်ဆားချက်၊ တစ်နာရီ တစ်နာရီခွဲခန့် လိုရာ မ ရောက်ခင် အကျိုးရှိစေရန်အတွက် စာအုပ်ကလေးဖတ်ကာ စိတ်ကိုအစာကျွေးဖို့ အားအင်ဖြည့်ဖို့ အာဟာရဖြည့်ဖို့ ထိုင်ခံရ အောင်လုဖို့ လိုအပ်ပေသည်။ ထိုင်ခုံကလေးရမှသာ စာဖတ်တတ်သောအကျွန်ုပ်အတွက်တော့ နပိုလီယံထက် ခက်ခဲသော စစ်ပွဲကို ဇွဲနပဲနှင့် တိုက်ရပေလိမ့်မည်။ ထိုင်ခုံမရလျှင် မတ်တတ်ကြီးစာဖတ်၍မတတ်သော အားနည်းချက်ကိုက ထိုင်ခုံလုဖြစ် အောင် တွန်းအားပေးကာ ခန္ဓာကိုယ်သက်သာစေရန် ဤသို့ပင်ကြံဆောင်ရပေမည်။

စောင့်နေသောမောင်မင်းကြီးသား YBS ကားလာချေပြီ။ အိုလံပစ်မာရသွန်ပြေးပွဲပြိုင်သကဲ့သို့ အလွန်ပင် လျှင်မြန်သော နှုန်း ဖြင့် လေးညှို့မှလွှတ်လိုက်သည့် မြားပမာ၊ ချည်တိုင်မှ လွှတ်လိုက်သည့် မြင်းရိုင်းပမာ၊ တအားကုန်ထုတ်သုံး၍ ရွှေနန်းတော် တမျှ တန်ဖိုးရှိလှသည့် ထိုင်ခုံကြီးကိုရရှိရန် မီးကုန်ယမ်းကုန်ကြိုးပမ်းကာ နောက်ဆုံးခန်းတွင် အားလုံး မျှော်လင့်ထားသည့် အတိုင်း မင်းသားရွှေဘက ထိုင်ခုံရခဲ့လေပြီ။

အနင်းခံလိုက်ရသောခြေထောက်လေးကို တစ်သျှူးနှင့်သုတ်ကာ အတွန်းခံအတိုက်ခံထားရ၍ အမွှေးနံ့ အညှီနံ ချွေးနံ့ မိတ်ကပ်နံ့ အနံ့ပေါင်းစုံကို ဖုတ်ဖက်ခါ စာမူအိတ်ကလေးကိုဘေးမှာချ ဆရာဇော်ဇော်အောင်၏ စာပေဝါကျများ စာအုပ်က လေးကိုလှန်ကာဖတ်ရင်း စာမျက်နှာ ၅၅ GAP ကွက်လပ်သဘာတရားအပိုဒ်တွင် ပုဂ္ဂိုလ်တစ်ဦးက GAP ကွက်လပ်ဆိုတာ မရှိသယောင် ရိတိတိရေးခဲ့ကြောင်း၊ သို့သော် အမှန်စင်စစ်တွင်ရှိကြောင်း၊ စနစ်တစ်ခုအတွင်းမှာ မပါတဲ့၊ ရှိမနေတဲ့ ယူနစ် (ဝါ) တန်ဖိုးလို့ ဖွင့်ဆိုထားပြီး ဘာသာစကားရဲ့ စည်းကမ်းတွေအရမပါရတာဖြစ်တယ်လို့ ယူဆရမှာဖြစ်ပါတယ် ဆိုတဲ့ အကြောင်းကို ဥပမာနဲ့တကွ “မောင်ဘမှာ သူ့အထက်က အစ်ကိုသုံးယောက်ရှိတယ်၊ သူ့အောက်မှာ ညီသုံးယောက်ရှိတယ် အစ်ကိုတွေကို ကြီးစဉ်ငယ်လိုက် ၁-အစ်ကိုကြီး ၂- အစ်ကိုလတ် ၃ - အစ်ကိုလေးလို့ခေါ်တယ်၊ ညီတွေကိုတော့ ၁-ညီကြီး ၂ - ညီလတ် ၃ - ညီလေးဆိုရာမှာ (ညီကြီး) ဆိုတာမရှိဘူး။ အဲဒါ GAP ပါပဲ” ရှင်းပြထားတာလေးကို စိတ်ဝင်တစားဖတ်လိုက် တွေးလိုက် ပြန်ဖတ်လိုက် ကိုယ့်ဗျူဟာနှင့်ကိုယ် အငိုက်မိနေခိုက်မှာပင် အနားသို့ အသက်အရွယ်ကြီးရင့်သော အဖေအရွယ် ဦးလေးကြီးတစ်ဦးက ထိုင်ခုံအနားတွင် မတ်တပ်ရပ်ကာ အထုပ်အပိုးများ မနိုင်မနင်းဖြင့် ဟောဟဲဆိုက်ကာ ယိုင်ထိုးယိုင်ထိုး ရောက်လာပြီး ကားတစ်လုံးပေါ်တွင် တစ်ဦးတစ်လေမျှ တပည့်ရုပ်မထွက်ဘဲ အားလုံးဗိုလ်ရုပ်ထွက်နေသော ဗိုလ်တစ်ထောင် ခရီးသွားများကို ထိုင်ခုံလေးများထပေးကြမလား အထုပ်ကလေးများ ကူဆွဲပေးကြမလားဆိုသည့် ဟန်အပြည့်နှင့် မျှော်လင့် ချက် အပြည့်နှင့် ဝေ့ဝေ့ကြည့်နေဟန်တူသည်။

ကျွန်တော်ထိုင်စီးလာသည်မှာလည်း ငါးမှတ်တိုင်လောက်ရှိနေပြီဖြစ်ပြီး သွားလိုသောရွှေပြည်ဌာနကိုရောက်ရန် ကားတစ်နာ ရီကျော်ခန့် စီးရပေဦးမည်။ လာပါ လာပါ အဘ သည်မှာထိုင်ပါဟုပြောရန်ပြင်နေစဉ် ကိုယ့်ကိုယ်ကိုယ်ချစ်သောစိတ်က ဟေ့ကောင် မင်းက တစ်နာရီကျော်လောက် မတ်တပ်ရပ်ပြီးစီးမှာလား၊ စီးနိုင်တယ်ဆိုပေမယ့် စာက ဘယ်လိုဖတ်တော့မလဲ လက်ကိုင်ကွင်းက တစ်ဖက်ကိုင်ရဦးမယ်၊ စာမူအိတ်ကဆွဲရဦးမယ်၊ တွန်းတာတိုက်တာတိုးတာ ခြေထောက်တွေ ဖိနပ်တွေကို တက်နင်းတာကခံရဦးမယ်၊ မင်းက ဖိနပ်နင်းခံရတာကို အမုန်းဆုံးမဟုတ်ဘူးလား။ အခြားသူတွေ ထပေးလိမ့်မယ်။ ကားပေါ် မှာမင်းတစ်ယောက်တည်းမဟုတ်ဘူး။ ထိုင်ခံ ၄၄ ယောက်စာပါတယ်ကွ။ မင်း မထပေးလည်းကျန်တဲ့ ၄၃ ယောက်ထဲက တစ်ဦးတစ်ယောက်ထပေးရင် ရတာပဲ။ မှတ်တိုင်အနီးဆုံးသူတွေ ထပေးလိမ့်မယ်ကွာ။ မင်းက ဂိတ်ဆုံးစီးရမှာ မင်းကထပေး လိုက်ရင် မတ်တပ်ရပ်ရမယ်။ အားအင်ကုန်ခမ်းမယ်။ ပင်ပန်းမယ်။ မလန်းမဆန်းဖြစ်မယ်။ မင်းက စိတ်တွေ ကိုယ်တွေ နှုန်း ပြီး အားအင်ချိနဲ့သွားရင် မင်းကိုအားကိုးပြီးပို့ခိုင်းထားတဲ့ စာမူခထုတ်မယ်၊ စာမူပို့မယ့်တာဝန်တွေ လစ်ဟင်းကုန်ရင် ဘယ်လို လပ်မှာလဲ။ မင်းလည်းဘာရယ်ညာရယ်မဟုတ် နိုင်ငံကိုကိုယ်စားပြုပြီးအများအတွက် အလုပ်လုပ်နေတာပဲ။ မင်းအနောက်မှာ စာမူတွေအများကြီး၊ လူတွေ အများကြီးမိသားစုတွေ အများကြီးရပ်တည်နေကြတာ ဘာညာနဲ့ ကျွန်တော့် မထပေးချင်အောင် လာပြောနေပါလေရောလား။

မျိုးချစ်စိတ်ကလည်းမခေဟေ့ကောင် မင်းက မျိုးချစ်စိတ်မရှိဘူးလားလူဆိုတာ ကိုယ့်အမျိုးကိုကိုယ် ချစ်တတ်ရတယ်ကွ အဘလက်ထဲကအထုပ်တွေကလေးနေတာဆိုတော့ အထုပ်တွေကိုယူပေးလိုက် ထပေးစရာမှမလိုတာ လူတွေကြားအောင် အဘအထုပ်လေးတွေ ယူပေးထားပါမယ်ပေးပါလို့ အကျယ်ကြီးပြောပြီး ယူပေးလိုက်ရင် ရတာပဲ။ မင်းအသံကိုကြားရင် အခြား သူတွေ ထပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ လူကျပ်နေလို့ မလှုပ်သာတဲ့အခြေအနေဖြစ်နေတဲ့အတွက် ဂိတ်ဆုံး စီးရမှာဖြစ်တဲ့အတွက် ဘာလုပ်ပေးလိုက်ပါ ညာလုပ်ပေးလိုက်ပါ ကူညီပေးကြပါ ပြောလိုက်ရင် အဆင်ပြေသွားမှာပါဆိုပြီး တရားတွေ ဟောနေလေရဲ့။

ကောင်းတဲ့ စိတ်ကလေးကတော့ ဘာပဲဖြစ်ဖြစ် ထပေးလိုက်ပါကွာ။ လူကြီးသူမဆိုတာ စောင့်ရှောက်ပေး ပြုစုပေး အားပေး ခွင့်ရတာ အင်မတန်မှကုသိုလ်ထူးလို့ပါ။ သိကြားမင်းက လူယောင်ဖန်ဆင်းပြီး မင်းစိတ်နေစိတ်ထားကို စစ်ဆေး စမ်းသပ် နေတာဆိုရင် ဘယ်လိုလုပ်မှာလဲ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ သူရဲကောင်း အာဇာ နည်တစ်ဦးရဲ့မျိုးဆက်တွေ ဖြစ်နေရင်ကော၊ မင်းမျိုးမင်းနွယ် တွေထဲကများဖြစ်နေမလား၊ မင်းကိုယ်တိုင် သိပ်မသိတဲ့ အဖေအမေ အဖိုးအဖွားတွေဘက်က ဆွေမျိုးဦးကြီးတွေဖြစ်နေရင်ကော၊ လူကြီးသူမတွေဆိုတာ မင်းထက်ပိုပြီးအားအင် နည်းတယ်၊ မင်းပင်ပန်းတယ်ဆိုတာထက်၊ လူကြီးသူမတွေက ဆယ်ဆ အဆနှစ်ဆယ် ပိုပင်ပန်းတာပေါ့ကွာ။ ၄၄ ယောက် ထဲက ဘယ်သူမှ မထပေးလည်း မင်းထပေးတာနဲ့ ရနေတာပဲလေ။ ဘာတွေစဉ်းစားနေတာလဲ စာဖတ်တာလည်း နောက်မှဖတ်ရင် ရတာပါပဲ။ အဘက လေးငါးမှတ်တိုင်လောက်ပဲ ခဏလေးစီးပြီး ဆင်းမယ့်မှတ်တိုင်ရောက်ရင် မင်း ပြန်စီးလို့ ရတာပဲလေ။ လူကြီးသူမတွေကို ကူညီပေးရတာ ကုသိုလ်ရပါတယ်လို့ နားချနေလေတယ်။

အတ္တသမားစိတ်ဓါတ်ကလည်း မနေ။ ဘာအကြောင်းနဲ့မှ ထပေးစရာမလိုဘူးကွ။ ဒီထိုင်ခုံရဖို့ မင်းဘယ်လို ဘယ်လောက် ကြိုးစားခဲ့ရလဲ မင်းအသိပဲလေ။ တိုးရတယ် ပြေးရတယ် လုရတယ် ဇွဲရှိရတယ် လုံ့လသုံးရတယ် ဝရိယစိုက်ထုတ်ခဲ့ရတယ်။ ဒီမိုကရေစီစနစ်ပဲလေကွာ။ တန်းစီထားရတာပဲ။ ရှေ့ကရောက်နေသူကို ဦးစားပေးရမှာ။ သူနောက်ကျလို့ မတ်တတ်ရပ်စီး ရတာ ဘာဆန်းသလဲ။ ဒီမိုကရေစီခေတ် အိုင်တီခေတ်မှာနောက်ကျရင် အခုလိုအဖြစ်တွေနဲ့ပဲ အမြဲကြုံရမှာပဲ။ မင်းဟာမင်း ဆက်ထိုင်နေ။ အလွတ်ကြီးပါကွာ။ အမေကျော် ဒွေးတော်လွမ်းပြီး ဘာမှ မျက်နှာလိုမျက်နှာရ အားနာပြနေစရာမလိုဘူးတဲ့။

မကောင်းမြင်စိတ်ကလည်း အလာကြီးပါပဲ။ သံဃာတော်တွေ သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေအတွက် ထိုင်ခုံတွေ သီးသန့်ရှိနေပြီးသားပဲလေ။ အဲသည်ထိုင်ခုံတွေမှာထိုင်နေတဲ့သူတွေက ထပေးရဖို့ တာဝန်ရှိတယ်ကွ။ သူတို့တောင် ထမ ပေးရင် မင်းလည်းထပေးစရာမလိုဘူးလေ။ ပြီးတော့ မင်းထိုင်နေတဲ့ ထိုင်ခုံကိုမရောက်ခင် ရှေ့မှာထိုင်ခုံတွေ အများကြီးရှိ နေတာပဲ။ အဲထိုင်ခုံကသူတွေက ဘာလို့မထပေးကြတာလဲ။ အဘကကော ဘာလို့ အဲရှေ့က ထိုင်ခုံတွေအနားမှာ မရပ်ဘဲ မင်းထိုင်ခံအနားမှာ လာရပ်နေရတာလဲ။ ဒါ ထူးဆန်းတယ်၊ မရိုးသားဘူးလှည့်ကွက်တွေ ဘာတွေရှိနိုင်တယ် ထမပေးနဲ့ ထပေးမယ်ဆိုလည်း သေချာလေ့လာဦးကွ တဲ့။

“အဘလာလာဒီမှာထိုင်ပါ” နောက်ဆုံးတော့ ရွှေဘပဲမင်းသားလုပ်သွားပါပြီ။ မကောင်းတဲ့ စိတ်ထားတွေ စိတ်ညစ် စိတ်ယုတ် စိတ်ပုတ်တွေကို နှိမ်နင်းကျော်ဖြတ်ပြီး အလွန်တရာဆုံးဖြတ်ရခက်လှစွာသော ထိုင်ခုံလုပွဲအရေးအခင်းကြီးကို အောင်မြင်စွာ တိုက်ခိုက်ပြီးသကာလ ရွှေဘက အဘကိုနေရာပေးလိုက်ပြီလို့ထင်ရင် မြန်မာ VIDEO ကားတွေ ရုပ်ရှင်ကားတွေကြည့်တာ လျှော့သင့်နေပါပြီ။ အမှန်က ထိုသို့မဟုတ်ပါ အဘကိုနေရာပေးလိုက်သူမှာကား အခြားမဟုတ် တကူးတကထပေးသူ မဟုတ်ပဲသူဆင်းရမည့်မှတ်တိုင်သို့ရောက်ပြီဖြစ်သောကြောင့် ထချင်ချင် မထချင်ချင် ထပေးရမည်ဖြစ်သော အကျွန်ပ်၏ ဘေးမှ ဇာတ်လမ်းအစအဆုံးတွင် ဇာတ်သိမ်းခန်းရောက်မှ သူရဲကောင်းလုပ်တတ်ကြသူ၊ သူရဲကောင်း လုပ်ပြတတ်သူတို့၏ မူအ တိုင်း နှမ်းဝင် ဖြူးကာအရူးထက် တမူးသာ ဘိန်းစားချင်းအတူတူ တစ်မူးပိုရှူသွားသူပေတည်း။ သို့သော် အဘသည်လည်း ထိုမှတ်တိုင်မှာပင် ဆင်းမည်ဖြစ်သောအခါ လောကကြီးဟာ ဆန်းကြယ်လှပါတကားဟု ဆိုညည်းရုံမှတပါး အခြားမရှိပြီ။

လေးစားစွာဖြင့်
အမ္ဗနဒီကျော်စွာ
0