လှကျော်ဇော ● ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွှန့်သို့ ... ဂါရဝ

 
 လှကျော်ဇော ● ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွှန့်သို့ ... ဂါရဝ
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈

မတ်လ (၁ဝ) ရက်နေ့မနက်ပိုင်းမှာ ဗိုလ်မှူးချစ်ကောင်းရဲ့ဇနီး ဒေါ်ခင်မျိုးညွန့် မတ်လ (၉) ရက်နေ့ညက ကွယ်လွန်သွားပြီဆို တဲ့သတင်း သတင်းကွန်ရက်မှာတက်လာပါတယ်။ အသက် (၉၅) နှစ်ရှိပါပြီ။  အိပ်ရာထဲလဲနေတာတောင်  (၇) (၈) နှစ်ရှိခဲ့ပြီ လို့လည်း ကြားရပါတယ်။ ဒေါ်ဒေါ်ငြိမ်းချမ်းစွာအနားယူပါတော့။  မသာယာခဲ့ပေမယ့်  လှပလှတဲ့ဘဝကို ဒေါ်ဒေါ်ရခဲ့ပြီးပါပြီ။
                                    
ကျွန်မမေမေအကြောင်းရေးတဲ့ဆောင်းပါးများကို စုထုတ်တဲ့ “အလွမ်းစာပန်းခြင်းလေး”  စာအုပ်ထွက်အပြီး စာအုပ်ဝေဖန်ရေး ရေးတဲ့ ဆရာကြီးမောင်စွမ်းရည်က  ဒီလိုထည့်ရေးထားခဲ့ပါတယ်။

“သခင်အောင်ဆန်း၊ သခင်နု၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ သခင်ဗဟိန်း၊ သခင်ဇင်၊ ကာနယ်ချစ်ကောင်းစတဲ့နိုင်ငံရေးသမားတို့ရဲ့ဇနီးတွေအကြောင်းကိုရေးနိုင်ကြရင်ကောင်းမှာပါပဲ” တဲ့။

အဲဒီဆောင်းပါးထဲမှာပဲရေးထားသေးတာက ...

“တစ်ခါက စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က သခင်စိုး သခင်သန်းထွန်း ဗိုလ်အောင်ဆန်းတို့နဲ့အတူနေရပုံကို ပြန်လည် ပြောပြရင်း နိုင်ငံရေးသမား ဇနီးဖြစ်ရတာ မလွယ်ပုံ၊ သူတို့အပေါင်းအသင်းတွေကိုလည်း မရှိ ရှိတာ ချက်ပြုတ်ကျွေးရပုံ၊ ပေး ရပုံတွေ၊ ကိုယ်တွေ့မျက်မြင်တွေ၊ ပြောပြပါတယ်။  တချို့ရဲဘော်တွေဟာ နိုင်ငံရေးသမားတွေကို အချိန်မရှိ အချိန်ရှိလာသမျှ ချက်ပြုတ် ကျွေးမွေးရ၊ အဝတ်တွေလျှော်ပေးရနဲ့၊ မကျန်းမာရင် စောင့်ရှောက်ရနဲ့လုပ်ရပုံတွေ၊ တချို့မိန်းမတွေ နိုင်ငံရေးသမား တွေမဟုတ်ဘဲ ဖမ်းဆီးနှိပ်စက် အသက်အန္တရာယ်ဖြစ်ရပုံတွေကို ပြောပြဖူးတယ်။  သူတို့ဟာ မော်ကွန်းထိုးမခံရတဲ့ ကျေးဇူး ရှင်တွေပါ။  သူတို့အကြောင်းတွေ ငါရေးရဦးမယ် မကြာခဏပြောဖူးပါတယ်” တဲ့။ 


(ပုံ - ၁)

အဲဒီစာအုပ်ဝေဖန်ရေးဆောင်းပါးဖတ်မိသူတိုင်းက ကျွန်မကို ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွန့်အကြောင်းရေးပါဦး လို့တိုက်တွန်းကြ
ပါတယ်။  အကြောင်းကတော့ ကျွန်မနဲ့ဒေါ်ဒေါ် (သူ့သားသမီးများအပါ)  အလွန်ရင်နှီးခင်မင်ကြမှန်း သိကြလို့ပါ။

ဟုတ်ပါတယ်။ ကျွန်မတို့မိသားစုနဲ့ ဒေါ်ဒေါ်တို့မိသားစုဟာ ဆွေမျိုးရင်းချာတွေလို ရင်းနှီးခဲ့ကြပါတယ်။  ဒေါ်ဒေါ် ဒေါ်အမာ ပြောစကားကိုယူသုံးရရင် နိုင်ငံရေးဆွေမျိုးတွေပေါ့။
                                
ဒေါ်ဒေါ်ကို ကျွန်မစတွေ့ဖူးတာ ၁၉၆၃ ခုနှစ် ဆရာကြီးမှိုင်းဈာပနမှာပါ။  ၁၉၆၃ ဇူလိုင်လ (၂၃) ရက်နေ့မှာ ကွယ်လွန်တဲ့ ဆရာကြီးမှိုင်းကို စမ်းချောင်းပဒုမ္မာကွင်းထဲမှာ (၂) ပတ်ထားပြီးနောက် သြဂုတ်လ (၈) ရက်နေ့မှာ ကန်တော်မင်ပန်းခြံသို့ ပို့ဆောင်သင်္ဂြိုဟ်ပါတယ်။  ရုပ်ကလာပ်ကိုခြေလျင်သယ်ဆောင်ရာမှာ ကျွန်မတို့တတွေ အတူပါခဲ့ကြတာပါ။

အဲဒီတုန်းက တောပြန်အုပ်က အလွန်တောင့်ပါတယ်။  ပါတီရဲ့ ၅၅ လမ်းစဉ်အောက်မှာ မြို့ပြန်ရောက်သူတွေရော၊ စစ်ဆင် ရေးစစ်ကြောင်းတွေမှာမိပြီး ထောင်တန်းကျအပြီး ထွက်လာသူများရော၊ အတော်များပါတယ်။  (ဖဆပလခေတ် အစောပိုင်း မှာ မိလာသူများက ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။  တိုက်ပွဲမှာ ကျရင်ကျမှသာ၊ ဒဏ်ရာနဲ့မိသူများရော၊ အရှင်မိသူများရော၊ အကုန်ဖမ်းမြို့ပေါ် ခေါ်လာကြပါတယ်။ နောက်ပိုင်းအထူးသဖြင့် မဆလခေတ်ရောက်တော့မြို့ပေါ်မှာ ကွန်မြူနစ်ရှားလို့ မင်းတို့ကို တောထဲကခေါ်လာခိုင်းတာမဟုတ်ဘူးဆိုတဲ့ ဗိုလ်နေဝင်းနှုတ်မိန့်နဲ့  မိလာသူမှန်သမျှ တောထဲမှာ တင်အသတ်ခံရ တာပါ။)  အဲဒီအုပ်က ရန်ကုန်တင်မက နယ်မြို့အသီးသီးမှာလည်း ရှိကြပါတယ်။ သူတို့တတွေက  ဘဝအရကို ပြည်တွင်းငြိမ်း ချမ်းရေးလုပ်ငန်းတွေကို အပြတ်ထောက်ခံကြတာပါ။

ဗိုလ်မှူးချစ်ကောင်းကတော့ ထောင်ကလွတ်လာပြီးနောက် ၁၉၆၁ ခုနှစ် ဖေဖေတို့ရဲ့ တရုတ်ဖြူကျူးကျော်မှုနဲ့ နယ်ချဲ့ဆန့် ကျင်ရေး အမျိုးသားကော်မတီထဲ ခဏပါလိုက်ပြီး တောပြန်ခိုသွားပါတယ်။  အဲဒီ ၁၉၆ဝ ခုနှစ်များကစလို့ ကျွန်မတို့မိသားစုနဲ့ ဒေါ်ဒေါ်တို့မိသားစု တရင်းတနှီးဆက်ဆံလာခဲ့ကြတာပါ။ ဖေဖေကလည်း သူ့စာအုပ်မှာ ဒေါ်ဒေါ်တို့မိသားစုနဲ့ ကျွန်မတို့ဆက်ဆံရေးအကြောင်း ဒီလိုထည့်ရေးထားပါတယ်။

“ကျွန်တော်တို့သည် တောတွင်းမှ ဖမ်းမိထောင်ကျပြီး လွတ်လာကြသည့် တောပြန်မိသားစုများနှင့်လည်း ရင်းရင်းနှီးနှီးခင်ခင်
မင်မင်နေခဲ့ကြရပါသည်။  ထိုသူများထဲတွင် ကျွန်တော်တို့မိသားစုနှင့် ဆွေမျိုးသားချင်းကဲ့သို့ တောက်လျှောက်ခင်မင်ရင်းနှီးခဲ့သည့် မိသားစုတစုရှိပါသည်။  ထိုသူများမှာ ဗိုလ်မှူးချစ်ကောင်း၏ဇနီး ဒေါ်ခင်မျိုးညွန့်နှင့် သားသမီးသုံးဦးတို့ ဖြစ်ကြပါသည်။
“ကျွန်တော်နှင့်ဗိုလ်မှူးချစ်ကောင်းမှာ ဘီဒီအေကတည်းကသိရှိခဲ့ကြသော်လည်း သိပ်ရင်းနှီးခြင်းမရှိပါ။  သူထောင်ကလွတ်
လာစဉ်က ကျွန်တော်တို့နယ်ချဲ့ဆန့်ကျင်ရေး၊ တရုတ်ဖြူဆန့်ကျင်ရေး အမျိုးသားကော်မတီဖွဲ့သည့်ကာလနှင့်တိုးသဖြင့် လာရောက်ပါဝင်ခဲ့ဖူးသော်လည်း မကြာမီမှာပင် တောပြန်ခိုသွားပြီး တောတွင်းတိုက်ပွဲတနေရာတွင် ကျဆုံးသွားခဲ့ရှာပါသည်။

“သူ့ဇနီးသည် ဒေါ်ခင်မျိုးညွန့်မှာ သားသမီးသုံးယောက်နှင့်အတူ အတော်ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်ရပါသည်။ ကျွန်တော်သာမက ကျွန်တော်တို့တမိသားစုလုံးက သူတို့အပေါ်အလွန်ကြင်နာစွာ စောင့်ရှောက်ခဲ့ကြပါသည်။

“ကျွန်တော့်သားနှစ်ယောက်ဖွင့်သည့် မြေနီကုန်းကစာအုပ်ဆိုင်တွင် သူတို့၏သားလေးကိုခေါ်၍ အလုပ်ပေးထားပြီး ကျွန် တော့်သမီးကြီးအလုပ်လုပ်သည့် အရှေ့ပိုင်းဆေးရုံမှ ဆရာဝန်များအတွက်ပေးသည့်အိမ်ခန်းတွင်မူ ဒေါ်ခင်မျိုးညွန့်နှင့် သမီး နှစ်ယောက်ကိုခေါ်ထားပါသည်။  ကျွန်တော်တောခိုလာစဉ် ကျွန်တော့်ဇနီးတယောက်တည်းထားခဲ့ရစဉ်က သူမကျန်းမမာ ဖြစ်နေတုန်း ဒေါ်ခင်မျိုးညွန့်ကသမီးကြီးခင်မာအေးနှင့်အတူ ကျွန်တော့်ဇနီးအား လာရောက်စောင့်ရှောက်နေထိုင်ခဲ့ကြောင်း ကျွန်တော့်ဇနီးက ကျွန်တော့်ကို ပြန်ပြောပြခဲ့ပါသည်။

“ဒေါ်ခင်မျိုးညွန့်မှာ အလွန်စိတ်ဓာတ်ခိုင်မာကောင်းမွန်သူဖြစ်ပြီး နိုင်ငံရေးရပ်တည်ချက်လည်း ပြတ်သားပါသည်။ သူတို့ မိ သားစု ချို့တဲ့မှန်းသိသဖြင့် ထိုစဉ်က လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ကိုလှမြိုင်က သူ့ကို သတင်းစာ ကိုယ်စားလှယ်ပေးပါသည်။ သူက လက်မခံပါ။  ဗမာပြည်ကွန်မြူနစ်ပါတီကို အပုတ်ခတ်ဆုံးရေးသားနေသည့် သတင်းစာက ကျွေးသည့်ထမင်း မစားချင်ပါဟု ဆိုခဲ့ပါသည်။  သူ့လုပ်အားနှင့်ပင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရှာပါသည်”
(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပေါင်းချုပ်၊ ယဉ်မျိုးစာပေ၊ နှာ၂၉၄ ၂၉၅။) 


(ပုံ - ၂)

ကျွန်မအရှေ့ပိုင်းဆေးရုံမှာ လက်ထောက်ဆရာဝန်အဖြစ် အလုပ်လုပ်စဉ်က (၁၉၇၂ ၇၅) ကျွန်မရတဲ့တိုက်ခန်းလေးထဲမှာ ဒေါ်ဒေါ်နဲ့သမီးကလေးနှစ်ယောက် ကျွန်မနဲ့အတူ ကာလတပိုင်း နေထိုင်ခဲ့ဖူးပါတယ်။

တကယ်တော့ ဒေါ်ဒေါ်မှာ ဗိုလ်မှူးချစ်ကောင်းရဲ့ အလွန်ကြီးမားလှတဲ့ သူရဲကောင်းပုံရိပ်ကြီးရဲ့ အရောင်ဟပ်နေမှု (Halo effect) သို့မဟုတ် နိုင်ငံရေးဂုဏ်သိက္ခာကြီးကို ရရှိထားပါတယ်။ အဲဒီကာလ (၁၉၅၇- ၆ဝ ခုနှစ်များ) က ဖဆပလအစိုးရက ဖမ်းမိရင် ဆုငွေငါးသောင်းပေးမယ်လို့ ကြေညာထားခြင်းခံရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဗိုလ်မှူးချစ်ကောင်းကို ရန်ကုန်မြို့လည်ခေါင်မှာဖမ်းမိလိုက်တာ ရုံးတင်တရားစွဲဆိုရာမှာ မိမိဘာသာမိမိ လျှောက်လဲချက်တင် တာ နောက်ဆုံးနိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေဒဏ်ကျခံလိုက်ရတာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကွင်းလုံးကျွတ် လွတ်လာတာ  စတဲ့အဖြစ်အပျက်တွေဟာ ဂန္တဝင်မြောက်ပြဇာတ်ကြီးတခုကို ရင်သပ်ရှုမော ကြည့်ရှုနေရသလိုပါပဲ။ (တ ကယ်တော့ သမ္မတမန်းဝင်းမောင်က သူ့မှာ ဒီလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခွင့်ရှိကြောင်း မသိပါဘူး။ ဒီအချက်ကိုတရားလွှတ် တော်ရှေ့နေကြီး ဒေါက်တာအေးမောင် (ပမညတ) က ရှာဖွေထောက်ပြပေးတာဖြစ်ပါတယ်။ ဒီသမ္မတနဲ့ ရှေ့နေအကြား ဆက်သားက ဒေါ်ဒေါ်ပါ။ ဒါ့အပြင် အဲဒီကာလနိုင်ငံရေးနောက်ခံကလည်း ဦးလေးအတွက် တပန်းသာစေပါတယ်။ ဖဆပလကွဲပြီး ပထစအနေနဲ့ ပမညတနဲ့ပူးပေါင်းလိုက်ရတာ၊ စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ တည်မြဲကို ပြည်သူလူထု ကြီး တရပ်လုံးကပစ်ပယ်လိုက်တာတွေပါ။)

ဒါတွေအားလုံးကို ထပ်ဆောင်းလိုက်တဲ့ဖြစ်ရပ်ကတော့  ဦးလေးကိုချစ်ကောင်းကလွတ်လာပြီး အပြင်မှာ ခဏလေးနေရ သခိုက် သူထောင်တွင်းမှာရေးသားခဲ့ဟန်ရှိတဲ့  (သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိ)  အနှစ်နှစ်ဆယ်ဆိုတဲ့စာအုပ်ကို ထုတ်လိုက်နိုင် တာပါ။ ဒီစာအုပ်ဟာ ဗမာပြည်အတွက် အခုထိမပြီးဆုံးနိုင်သေးတဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းကြောင်းအတွင်းကအချို့အဖြစ်အပျက်များကို အစောဆုံး မှတ်တမ်းတင်ပေးခဲ့တဲ့ သမိုင်းဝင်စာအုပ်တအုပ်ပါ။  လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်အတွင်းက (ဖဆပလက ဖုံးကွယ်ထားတဲ့) ပြည်သူတွေအကြား သိရှိမှုနည်းတဲ့ အဖြစ်အပျက်တွေ  (ဥပမာ လေထီးဆင်း ရဲဘော်များအကြောင်း) ကိုအလွန်ပြောင်မြောက်တဲ့ အရေးအသားများနဲ့ ရေးသားထားတာပါ။  စိတ်ထဲထိသွားအောင်ရေးသားနိုင်တာပါ။

ဥပမာအားဖြင့် စာအုပ်ဖွင့်ဖွင့်ချင်းရေးထားတဲ့အပိုဒ် ....

“အနှစ် ၂ဝ မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုပြန်၍ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲ သို့ ရောက်၍နေသည်ကို တွေ့ရလေသည်” ဆိုတဲ့အရေးအသား။

“ဤအနှစ်၂ဝ သည် တရက်အတွင်း ဖြစ်သလိုဖြစ်နေ၏။  အင်္ဂလိပ်ကိုမနက်က တိုက်ခဲ့ပြီး နေ့လည်ကဂျပန်ကိုတော်လှန်ကာ
ညနေတွင် လွတ်လပ်ရေးရလျှက် ယခုညတွင် ကျွန်တော်သည် ကြိုးတိုက်ထဲသို့ရောက်နေခဲ့လေပြီ”   ဆိုတဲ့အရေးအသားတွေ ဟာ အလွတ်ကျက်စရာမလိုဘဲ အလွတ်ရသွားစေနိုင်တဲ့ အရေးအသားများပါ။

၁၉၄ဝခုနှစ်လောက်များကစလို့ ကျောင်းသားသမဂ္ဂဝင် လူငယ်လေးတယောက်ရဲ့ လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် လှုပ်ရှား လာခဲ့မှုများနဲ့ အတွေးအခေါ် အပြောင်းအလဲဖြစ်စဉ်တွေကို ခေတ်အဆက်ဆက် သမိုင်းနဲ့အတူ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် သက်ရှိ သမိုင်းဝင် လူပုဂ္ဂိုလ်များအကြောင်းနဲ့အတူ ရေးသားထားရုံမျှမက ဖဆပလထဲက အာဏာရနိုင်ငံရေး သမားများရဲ့ မတော်မတည့်လုပ်ဟန်တွေ၊ စကားအမျိုးမျိုးပြောင်းပြောပုံတွေအပြင် အဲဒီအချိန်စလာနေပြီဖြစ်တဲ့စစ်တပ်ရဲ့ တိုက်ပွဲတွင်းမိတဲ့ သူတွေ (ဥပမာ ဂျပန်တော်လှန်ရေးသူရဲကောင်းတွေဖြစ်တဲ့ ဗိုလ်သိန်း၊ ဗိုလ်အာဠာဝက) ကို ထွက်ပြေးဖို့ကြိုး စားလို့ ပစ်သတ်လိုက်ရမှုဆိုတာတွေအထိ ရသမျှဘောင်ကလေးအတွင်း ဖွင့်ချရေးသားချက်များကလည်း လူထုကြီးကို နိုင်ငံရေးပညာ တဆင့်မြှင့်တင်ပေးလိုက်သလိုပါပဲ။

ဒါတွေကြောင့်ပဲ ဦးလေးကိုချစ်ကောင်းရဲ့ အနှစ်နှစ်ဆယ်  စာအုပ်ဟာ သမိုင်းတွင်ခဲ့တာပါ။ အဲဒီခေတ်အဲဒီကာလက ဒီစာအုပ် ကို မဖတ်ဖူးသူဟာ ခေတ်မမီဘူးလို့တောင် ဆိုရမတတ်ပါပဲ။ နိုင်ငံရေးစိတ်ဝင်စားတဲ့ (အထူးသဖြင့် သူရဲကောင်းကိုးကွယ် တတ်တဲ့ လက်ဝဲဘက်ယိမ်းတဲ့) လူငယ်လူရွယ်များအတွက်တော့ ဒီစာအုပ်ကလေးဟာ နိုင်ငံရေးသမ္မာကျမ်းစာအုပ်ပါ။

ဒါတွေအရှိန်နဲ့ဒေါ်ဒေါ်ကို တလေးတစားဆက်ဆံခဲ့ကြရာမှာ၊ ဒေါ်ဒေါ်ရဲ့ ပင်ကိုယ်နိုင်ငံရေးမာန်က ဦးလေးပေးခဲ့တဲ့နိုင်ငံရေး ဂုဏ်သိက္ခာကြီးကို ထိမ်းသိမ်းနိုင်ရုံမက ပိုမိုတောက်ပြောင်လင်းလက်စေခဲ့နိုင်တာ တွေ့ရပါတယ်။ ဒါကလည်း သိပ်တော့ မထူး ဆန်းလှပါဘူး။

ဒေါ်ဒေါ်ကဦးလေးနဲ့ မဆုံစည်းခင်ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရဲဘော်တဦးဖြစ်ခဲ့လို့ပါပဲ။  ပါတီရဲ့တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်နေစဉ်ကာလအတွင်းမှာ ဦးလေးနဲ့ ဖူးစာဖက်ခဲ့တာပါ။  တောတွင်း လက်နက်ကိုင်တော်လှန်ရေး ကာလ၊ ဖမ်းမိထောင်ကျ နိုင်ငံရေးအကျဉ်းသမားဘဝ၊ စတဲ့ဘဝတွေအပြင် နောက်ပိုင်းဘဝအထွေထွေအတွင်းမှာလည်း ဘာအမဲစက်မှ မရှိအောင်နေနိုင်ခဲ့သူပါ။

ဒေါ်ဒေါ်ကိုတွေ့တွေ့ချင်း ကျွန်မသတိထားလိုက်မိတဲ့အချက်က ဒေါ်ဒေါ်ရဲ့ ပွင့်လင်းရိုးသားလွန်းတဲ့ဆက်ဆံရေးပါ။  ဘယ် သူ့ကိုမဆို ထိပ်ဆုံးသမ္မတကြီးကစလို့ တောပြန်ထောင်ထွက်ဆင်းရဲနွမ်းပါးလှတဲ့ မိမိရဲဘော်ဟောင်းများအဆုံး လူတိုင်းကို  (မာနမပါ သိမ်ငယ်မှုမရှိ)  တပြေးညီ ဆက်ဆံနိုင်မှုပါ။  သင့်တော်တဲ့လေးစားမှုပြတာကိုတော့ တခါတခါတွေ့ရပါတယ်။  သူ့မျက်စိထဲ အမြင်မတော်တာရှိရင်လည်း ဒိုးဒိုးဒေါက်ဒေါက် ပြောထည့်လိုက်တာပါပဲ။  အလွန့်ကို လိပ်ပြာရှင်း လိပ်ပြာသန့်တဲ့ လူသားတဦးရဲ့ လုပ်ဟန်အပြည့် ရှိပါတယ်။

(ဒီနေရာမှာ ကြုံလာလို့ ကိစ္စတခုပြောပြရပါဦးမယ်။  မေမေ ကျွန်မတို့နောက် (၁၉၈ဝ) တောထဲလိုက်လာတော့၊ ပါတီတွင်းမှာ အတွေးအခေါ် အရှုပ်အထွေးတွေ စပေါ်နေချိန်နဲ့တိုးပါတယ်။ တရုတ်ပြည်ရဲ့ တံခါးဖွင့်ပေါ်လစီအောက်မှာ တပြည်သူ တပြည် သားများ အိမ်ပြန်ဖို့ ပြင်ဆင်ကြပါတော့တယ်။ တချို့က အိမ်အပြန်အိတ်အပြည့် ပါရေးအတွက် ကြိုးစားပမ်းစားစု ဆောင်းနေတဲ့အချိန်ပါ။  မေမေက ပါတီတွင်းကအဲဒီအခြေအနေတွေကိုမြင်တော့ တော်သေးတယ်။  ဒေါ်ကြည်ကြည် (သ ခင်ဇင်ဇနီး) တို့  ဒေါ်ခင်မျိုးညွန့်တို့ ပါမလာတာ၊ နို့မို့ သူတို့ပါးစပ်နဲ့တော့ တွေ့တော့မှာ ... တဲ့။ )

နောက်ဒေါ်ဒေါ်ရဲ့ ထူးခြားချက်တချက်ကတော့ အလွန်အပင်ပန်း အဆင်းရဲခံနိုင်မှုပါ။  ဒေါ်ဒေါ်က ခပ်ညှက်ညှက်ပါ။  ဒါပေမဲ့ ကြည့်ရတာ တကိုယ်လုံးကြွက်သားတွေနဲ့ပဲ တည်ဆောက်ထားသလား အောက်မေ့ရပါတယ်။  မာရည်ကျောရည် ခံနိုင်ရည် က အံ့စရာပါ။  ကာယအလုပ်ကြမ်းတွေကိုလုပ်ပြီး နေရေးထိုင်ရေး ဖြေရှင်းရပါတယ်။  ဒါပေမဲ့ ဒေါ်ဒေါ်ကို ဘယ်တော့ကြည့် ကြည့် သန့်ရှင်းဖြူစင်လန်းဆန်းနေပါတယ်။  လူကလည်း သွက်လက်နေတာပါ။  ဘယ်လောက် ခက်ခဲကြပ်တည်းပါစေ။  ဘယ်သူ့မှ ဒုက္ခမပေးပါဘူး။ ဘယ်သူ့ဆီမှလည်း သွားအကူအညီတောင်းတာ မကြားဖူးပါဘူး။

ဒေါ်ဒေါ်ရဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တဲ့စိတ်ဓာတ်ကို ပြသတဲ့ဖြစ်ရပ်တခုရှိပါတယ်။ သူ့အတွင်းခံအိတ်ထဲမှာ အမြဲငွေ (၂၅) ကျပ်နဲ့စာတစောင်ထည့်ထားပါတယ်။  အဲဒီစာက သူဆုံးသွားရင် ရေခဲတိုက်ကိုလှူထားတယ်ဆိုတဲ့စာပါ။  ငွေ (၂၅) ကျပ်က တော့ သူ့အလောင်းကို ရေခဲတိုက်ပို့ဖို့တဲ့။  သူဘယ်လောက် ခက်ခဲခက်ခဲ အဲဒီငွေကို ဘယ်တော့မှမထိပါဘူး။  အဲသလို အဆုံးစွန်ဘဝကို ပြင်ဆင်ထားတာပါ။

နိုင်ငံရေးဂုဏ်သိက္ခာဆိုတာ လိုချင်လှချည့်ရဲ့ဆိုပြီး တောင်းတိုင်းရတာမဟုတ်သလို ကိုယ်မလိုချင်တိုင်းလည်း မရတာမ ဟုတ်ပါဘူး။  ဒေါ်ဒေါ်ကို အနယ်နယ်အရပ်ရပ်က ဝိုင်းကူညီတာတွေ တွေ့ဖူးပါတယ်။  ထားဝယ်ဘက်ကဆိုရင် ငါးပိ ငါး ခြောက် ပုဇွန်ခြောက်စတာတွေကို သံပုံးတွေနဲ့ကို ပို့ပေးတာပါ။  တခါက ဒူးရင်းယိုတောင် ပါလာပါတယ်။  ဒါတွေကို သူက တခါ ပြန်ဝေငှပေးကမ်းတာတွေ လုပ်ပါတယ်။   ဒေါ်ဒေါ်ရယ် နေ့ဖို့ ညစာလေးများထားပါလားလို့ ကျွန်မက ကြားကမနေနိုင် မထိုင်နိုင် ဝင်ပြောမိပါတယ်။  ဒေါ်ဒေါ် ကျွန်မကို ပြန်ပြောခဲ့တဲ့စကားကတော့ ကျွန်မတသက်မှတ်သားစရာပါပဲ။

“သူများက ဆန်ကောလှိမ့်လာရင် ကိုယ့်ဖက်ကလည်း ကွမ်းသီးလုံးလောက်တော့ပြန်လှိမ့်ရမှာပေါ့”… တဲ့။

ဒေါ်ဒေါ်တို့သားအမိတွေ တစုတည်းတလုံးတည်း မနေနိုင်တဲ့အချိန်တွေရှိပါတယ်။ ကျွန်မနဲ့ ဒေါ်ဒေါ်လာနေရတုန်းက သမီး လေးနှစ်ယောက်ပဲ ပါလာပါတယ်။  အဲဒီကာလက ကိုးကိုးကျွန်းက နိုင်ငံရေးအကျဉ်းသားများ ရန်ကုန်ပြန်ရောက်လာပြီး တသုတ်ပြီး တသုတ် လွှတ်ပေးနေချိန်နဲ့လည်း သွားတိုက်ဆိုင်နေပါတယ်။  ဒီတော့ အဲဒီရဲဘော်များကလည်း လွတ်တာနဲ့ ဒေါ်ဒေါ်ကို လာတွေ့နှုတ်ဆက်ကြပါတယ်။  နယ်ကရဲဘော်များကိုလည်း ရန်ကုန်ကပဲလွှတ်ပေးတာဖြစ်လေတော့၊ သူတို့ တတွေက နယ်မပြန်ခင် ဝင်နှုတ်ဆက်ကြပါတယ်။ ဒေါ်ဒေါ် ကျွန်မအိမ်ရောက်စမှာ၊ သူ့မိတ်ဆွေများ (ဥပမာ ဥက္ကဋ္ဌသခင် သန်းထွန်းဇနီး ဒေါ်ခင်ကြီးတို့၊ ဖြူးသခင်သန်းဖေဇနီး ဒေါ်ခင်ရီတို့) က အနေအထိုင် အဝင်အထွက်တွေ သတိထားဖို့  သူ့ကို သတိပေးခဲ့တယ်တဲ့။  ကျွန်မက အစိုးရဝန်ထမ်းဖြစ်နေလေတော့ မခင်မျိုးညွန့်ရယ်၊ ကိုယ်တို့ကြောင့် လှလှဒုက္ခရောက်နေ ပါဦးမယ်။  ခါတိုင်း လာနေကျ သွားနေကျလူတွေကိုလည်း သတိပေးထားပါဦးလို့ ဆိုသတဲ့။  ဒါ့ကြောင့် ဒေါ်ဒေါ်လည်း အတော်ဂရုစိုက် သတိထားပါတယ်။  ဒါပေမဲ့ ကိုးကိုးကျွန်းပြန်ရဲဘော်များကိုတော့ ဒေါ်ဒေါ်ကကြည့်ရတာ ခြွင်းချက်ထားဟန် ရှိပါတယ်။ အဲဒီရဲဘော်တွေအတွက် လိုအပ်လာပြီဆိုရင် ဒေါ်ဒေါ်မနေသာတော့ပါဘူး။  “ကိုယ်တော့ လူနာပွဲစားးကြီးဖြစ် နေပြီဟေ့” လို့စကားစလာရင် တယောက်ယောက်ကို ဆေးရုံတင်ခိုင်းတော့မယ်ဆိုတာ ကျွန်မသိလိုက်ပါပြီ။

ဒီလိုနဲ့ ကိုးကိုးကျွန်းပြန်ရဲဘော်များ  အရှေ့ပိုင်းဆေးရုံကြီးမှာ ဆေးရုံတက်ကုသဖို့ လိုသူများတက်ကြ၊ ဆေးစစ်ဖို့လိုသူများ ဆေးစစ်ကြ၊ အပြင်ဌာနကနေပဲ ဆေးကုသဖို့လိုသူတွေ ဆေးကုကြနဲ့၊ ကျွန်မဆေးရုံက အိမ်လေးမှာ တရုန်းရုန်းနဲ့ လူစည် ကားနေပါ တော့တယ်။  ဒေါ်ဒေါ်က ဘယ်တယောက်ကိုမှ ဘာတခုမှ မလစ်ဟင်းစေရပါဘူး။  ကျွန်မက သက်ဆိုင်ရာဆေး ခန်းကို တင်ပေးလိုက်ရုံပါပဲ။  ကျန်တာကတော့ ဒေါ်ဒေါ်ပဲ ဆက်ဆောင်ရွက်တာပါပဲ။

အဲဒီကျွန်းပြန်တွေထဲက ဒေါ်ဒေါ်နဲ့ အလွန်ရင်းနှီးတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ ကိုဉာဏ်ဝင်းနဲ့ ကိုတင်မောင်ဝင်း ကျောင်းသားခေါင်းဆောင် ညီအစ်ကိုနှစ်ယောက်ပါ။  သူတို့က အစောဆုံးလွတ်လာသူများပါ။  ထောက်လှမ်းရေးချုပ် ဗိုလ် မှူးချုပ်တင်ဦးနဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးပါတယ်။ သူတို့ဖခင်က ဗိုလ်တင်ဦးရဲ့ကျေးဇူးရှင် ဆရာရင်းပါ။ ဒါ့ကြောင့် ဗိုလ်တင်ဦး ကိုယ်တိုင် မိဘတွေလက်ထဲပြန်ပို့တာပါ။  သူတို့ဖခင်က အစိုးရအရာရှိကြီးဖြစ်တာကြောင့် သူတို့နှစ်ယောက်စလုံး ပြန်ရောက် ပြီး မကြာခင်မှာပဲ၊ အလုပ်အကိုင်လေးတွေရကြပါတယ်။  အဲဒီခေတ်က ပြည်သူ့ဆိုင်က ထုတ်ပေးလို့ရသမျှလေးတွေ  (နို့ဆီ ဘူး၊ ဆပ်ပြာ) ကို ဒေါ်ဒေါ်ကိုပဲ လာပေးတတ်ပါတယ်။  ဒေါ်ဒေါ်ကလည်း သူရတတ်သမျှတွေကို ပြန်ပေးတတ်တာ တွေ့ရပါ တယ်။ စားစရာသောက်စရာကောင်းကောင်းလေးများ ရှိရင်လည်း ချန်ထားပြီး သူတို့အလာကို မျှော်နေတတ်ပါတယ်။  သူတို့ ညီအစ်ကိုကလည်း မြေပေါ်မှာ သိပ်ကြာကြာမနေလိုက်ပဲ၊ တောခိုသွားရာမှာ မကြာမီမှာပဲ တောတွင်းတနေရာမှာ ကျဆုံးသွား ပါတယ်။ သူတိုနှစ်ယောက်ကို တောတွင်းလက်နက်ကိုင်အဖွဲ့တဖွဲ့က လုပ်ကြံလိုက်တာပါ။ အဲဒီအဖွဲ့ကခေါင်းဆောင်တဦးက သူတို့အဖွဲ့ထဲက လူမျိုးရေးအစွန်းရောက်များရဲ့လုပ်ကြံမှုအတွက် ပါတီကိုနောက်ပိုင်းမှာ တောင်းပန်ပါတယ်။

ကျွန်မတို့မိသားစုတောထဲထွက်လာပြီးနောက် မေမေတယောက်တည်း ကျန်ခဲ့ချိန် မကျန်းမမာဖြစ်တော့ ဒေါ်ဒေါ်က ခင်မာ အေးနဲ့အတူလာနေပြီး မေမေကို စောင့်ရှောက်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်မမောင်အငယ် ကျော်ဇောဦးဇနီး စီစီ၊ သားသူရိန် ငယ်ငယ်နဲ့ ပုသိမ်ပြောင်းရတုန်းကလည်း ဒေါ်ဒေါ်က သမီးတွေကို မိတ်ဆွေရဲဘော်အိမ်တွေမှာအပ်ထားခဲ့ပြီး အတူလိုက်နေ ပြီး စောင့်ရှောက်ခဲ့ပါတယ်။ တကယ်က ဒေါ်ဒေါ်ဟာ ကျွန်မတို့မိသားစုက ကွမ်းသီးလောက်လှိမ့်ခဲ့တာကို သူကပြန်ပြီး ဆန် ကောလောက် လှိမ့်ပေးခဲ့တာပါ။ အဲဒါ ဒေါ်ဒေါ်ရဲ့စိတ်ဓာတ်ပါ။

ကျွန်မဒီဆောင်းပါးကိုဒေါ်ဒေါ်ဆုံးသွားပြီလို့ ကြားသိသိချင်းစရေးတာပါ။  ဒါ့ကြောင့် ဆောင်းပါးခေါင်းစဉ်ကို  ဒေါ်ဒေါ် (ဒေါ် ခင်မျိုးညွန့်) သို့….ဂါရဝ…လို့ စိတ်လှုပ်လှုပ်ရှားရှားနဲ့ တပ်ခဲ့မိပါတယ်။  အခုဆောင်းပါးကို အဆုံးသတ်ဖို့လုပ်တဲ့အချိန်ကျတော့ ကျွန်မသတိရလာတာတခုရှိပါတယ်။  ဒေါ်ဒေါ်အနေနဲ့ သူ့တဘဝလုံး အရိပ်ပမာကပ်ပါခဲ့တဲ့ ဦးလေးကိုချစ်ကောင်းနဲ့တွဲပြီး ဂါရဝပြုမှသာ ပြည့်စုံမှာ၊ ကျေနပ်မှာဆိုတာပါပဲ။ ဦးလေးကိုချစ်ကောင်းဟာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင် အမျိုးသားအဆင့် စစ်ပြန်သူရဲကောင်းကြီးတဦးပါ။

လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီရှာဖို့ ဗမာလူငယ်တွေ အရှေ့တသုတ်၊ အနောက်တသုတ် ထွက်ခဲ့ကြတာပါ။  အရှေ့အုပ်က ဂျပန်ရောက်ဗိုလ်ချုပ်အောင်ဆန်းဦးစီးတဲ့ ရဲဘော်သုံးကျိပ်ဖြစ်ပြီး၊ အနောက်အုပ်ကတော့ အိန္ဒိယရောက် ဦးသိန်းဖေမြင့်ဦးစီးတဲ့ လေထီးဆင်းရဲဘော်များပါ။ ဒါပေမဲ့ဒီ အိန္ဒိယအုပ်ရဲ့သမိုင်းဝင်အခန်းကို ခေတ်အဆက်ဆက် အုပ်စိုး သူများက ထိမ်ချန်နိုင်သမျှ ထိမ်ချန်ထားခဲ့ပါတယ်။  အားလုံးနီးပါးဟာ ကွန်မြူနစ်များဖြစ်လို့ပါ။  အများစုကြီးဟာ ဗမာပြည်ရဲ့ မပြီးဆုံးသေးတဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲစဉ်ကြီးအတွင်း ကျဆုံးကုန်ကြပါတယ်။  အဲဒီအာဇာနည်ရဲဘော်ကြီးများ အကြား  ဦးလေးကကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။  ဦးလေးက သူ့တော်လှန်ရေးသက်တမ်းတလျှောက် မြေပေါ်နေရ သခိုက်လေးမှာ  သူကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အနှစ်နှစ်ဆယ်စာအုပ်ကို ထုတ်လိုက်နိုင်တာပါ။  ပြည်တွင်းငြိမ်းချမ်းရေးကို ကွန်မြူနစ်များက ဘယ်လောက်လိုချင်တယ်ဆိုတာကိုဖော်ပြရင်း ဘာ့ကြောင့်ငြိမ်းချမ်းရေးခရီးဟာ ဝေးနေရ တယ်ဆိုတာ လည်း ပါသင့်သလောက်ပါနေတဲ့စာအုပ်ပါ။  ဒီစာအုပ်ရဲ့နောက်ထူးခြားချက်တရပ်ကတော့ ဘယ်အချိန်ပြန်ဖတ်ဖတ် ဘယ်နှ ခေါက်ပြန်ဖတ်ဖတ် မရိုးနိုင်တာပါပဲ။  ငြိမ်းးချမ်းရေးရမှာ စိုးသူများရဲ့လုပ်ဟန်တွေ ပြောဟန်တွေဟာ အခုခေတ်မှာလည်း ရိုးသွားတာ မတွေ့ရပါဘူး။  အဲသလို သမိုင်းဝင်မှတ်တမ်းရေးနိုင်ခဲ့တာ ဦးလေးတယောက်ပဲရှိတာမို့လို့ ကျွန်မကဦးလေးကို ကံကောင်းတယ်လို့ ပြောတာပါ။

အဲဒ်ီစာအုပ်ဟာ ဦးလေးထောင်ကလွတ်တဲ့အချိန် (၉၈ - ၁၉၆ဝ)  အထိပဲ ပါပါတယ်။  ဦးလေးရဲ့ပြောင်မြောက်လှတဲ့ နောက် ဆုံး နိဂုံး မပါပါဘူး။  ဒါပေမဲ့ အဲဒီအခန်းကို မှတ်တမ်းတင်ပေးတဲ့ စာတမ်းတစောင်ရှိပါတယ်။

၂ဝဝ၁ ခုနှစ် (နအဖခေတ်မှာ) ပြည်ပရောက် အမြင့်ပျံငှက်များဆိုတဲ့အုပ်စုက ဦးလေးရဲ့ “အနှစ်နှစ်ဆယ်” စာအုပ် ကိုပြန် ထုတ်ရာမှာ ရဲဘော်ကြင်မောင် (ရဲဘော်ထွန်း) ရေးပေးခဲ့တဲ့ “အမှာစာ” ပါ။

“ပါတီကကြွေးတင်ထားတဲ့ရဲဘော်များအပေါ် အကြွေးဆပ်ပါရစေ” လို့ အစချီထားတဲ့ သူ့အမှာစာမှာ ရဲဘော်ထွန်းက ဦးလေး
ကိုချစ်ကောင်းနဲ့ပတ်သက်လို့ ဒီလိုရေးထားပါတယ်။

“ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုကို သူရဲ့ပါတီသက်တသက်လုံး လေးစားလိုက်နာတာပါပဲ။  ဘယ်လောက်အထိ လိုက်နာသလဲဆို ရင် သူ့ ‘အနှစ်နှစ်ဆယ်’ စာအုပ်အပေါ် အမြင်မကြည်လင်သူတွေက သူ့ကိုနေရာချထားမှု မှားနေတာတောင် အသက်သေ သည်အထိ သူလိုက်နာသွားပါတယ်”….တဲ့။

ဒါ့အပြင် ဦးလေးရဲ့ “ဗဟိုချုပ်ကိုင်မှု” ကိုလိုက်နာတဲ့စိတ်ဓာတ်ကိုလည်း ရှင်းပြထားပါတယ်။

“ရဲဘော်ချစ်ကောင်းဟာ ‘ဗဟိုချုပ်ကိုင်မှု’ ကို နာခံရင်းကျဆုံးပါတယ်။  ဂုဏ်ရောင်ပြောင်တဲ့ကျဆုံးမှုပါ။  ‘ဗဟိုချုပ်ကိုင်မှု’ ကို ရဲဘော်ချစ်ကောင်းနာခံတာဟာ မျက်ကန်းနာခံမှုမဟုတ်ပါ။ ပါတီရဲ့အမှားဟာ ရပ်တည်ချက်အမှားမဟုတ်တာကို သူသိပါ တယ်။  ပါတီရဲ့အမှားဟာ ‘မူ’ ကိုပစ်ပယ်ပြီး ရန်သူနဲ့ပေါင်းတဲ့အမှားမဟုတ်ပါဘူး။  ဗကပဟာ ပါတီသက် (၆ဝ) ကျော်အတွင်း ရပ်တည်ချက်အမှား ဘယ်တုန်းကမှ မကျူးလွန်ခဲ့ပါ။  မှားခဲ့တဲ့အမှားတွေက အမြင်ဆိုင်ရာအမှား နည်းနာအမှားများဖြစ်ပါတယ်။  ရပ်တည်ချက် အမြင်နဲ့ နည်းနာ ဒီသုံးခုရှိရာမှာ ရပ်တည်ချက်ဟာ အခရာအကျဆုံးပါ။  ဒါ့ကြောင့်လည်း ရဲဘော်ချစ်ကောင်းဟာ ရန်သူကို အမုန်းလွန်သွားပြီး အစွန်းရောက်တဲ့အမှားကို သည်းညည်းခံပြီး ‘ဗဟိုချုပ်ကိုင်မှု’ ကို နာခံခဲ့တာပါပဲ။

“ရဲဘော်ချစ်ကောင်းဟာ ရပ်တည်ချက်မှားသွားရင် ဘယ်သူမှားမှား သည်းညည်းခံ ငြိမ်နေမှာမဟုတ်တဲ့ လူစားမျိုး။  မူအပေါ် အလွန်ကြံ့ခိုင်တဲ့ကွန်မြူနစ်ကောင်းရဲဘော်ကြီးဖြစ်ပါကြောင်း”

ဒီရဲဘော်ထွန်းစာတမ်းက ဦးလေးဘဝရဲ့ မှတ်တမ်းတင်ဖို့လိုနေတဲ့အချက်ကို ဖြည့်စည်းပေးလိုက်ပါတယ်။ ဦးလေးကကျဆုံး ခါနီးမှာ “ပါတီအပေါ်တာဝန်ကျေတယ်။  မခင်မျိုးညွန့်အပေါ် တာဝန်မကျေဘူးလို့ ပြောသွားကြောင်းကြားရတယ်” လို့ ဒေါ် ဒေါ်က ပြောပြဖူးပါတယ်။

မဟုတ်ပါဘူး။  ဦးလေးရော၊ ဒေါ်ဒေါ်ပါ မိမိတို့ချစ်သူများ အားလုံး အားလုံးအတွက် တာဝန်ကျေပါတယ်။  ဦးလေး၊ ဒေါ်ဒေါ် တို့ရဲ့အိပ်မက်တွေအတွက် ဆက်လုံးပန်းကြမယ့် နောက်မျိုးဆက် မျိုးဆက်တွေအတွက် မကုန်ခမ်းနိုင်တဲ့ စိတ်ဓာတ်အင်အား တွေကို လက်ဆင့်ကမ်းပေးခဲ့ပြီပဲ။

ဦးလေးနဲ့ ဒေါ်ဒေါ် ငြိမ်းချမ်းစွာအနားယူပါတော့။

လှကျော်ဇော
၂၁ ၃ ၂ဝ၁၈။

မှတ်ချက်
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရတဲ့အာဇာနည်အပေါင်းအား ဂုဏ်ပြုရေးဖွဲ့ပါတယ်။
(ပုံ - ၁) ဗိုလ်မှူးချစ်ကောင်းနှင့်ဒေါ်ခင်မျိုးညွန့်
(ပုံ - ၂) ကိုတင်မောင်ဝင်းနှင့် ကိုဉာဏ်ဝင်း။  (၁၉၇၄ ကိုးကိုးကျွန်းက ပြန်ရောက်စ)
0