လင်းသက်ငြိမ် ● မပို့ဖြစ်တဲ့စာ


လင်းသက်ငြိမ် ● မပို့ဖြစ်တဲ့စာ
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၈
သူတို့ရဲ့ချစ်မေတ္တာက
သိပ်ကြွပ်ဆတ်လွန်းတာပဲ အမေရယ်
ကျနော်နင်းထားမိတာ မုန့်လေပွေတစ်ချပ်များလား
ဘဝဟာ ပျော်စရာကြီးလို့ သူတို့ပြောကြတယ်
ကျနော့်အငေးတွေမှာ ပျော်စရာတွေပါလို့လား
ဘဝဟာ ကြေကွဲစရာတွေချည်းပါပဲတဲ့
သူတို့ကိုလည်း ကျနော်ပြုံးမိပြန်တယ်
အစွန်းတွေဟာ နေရာအနှံ့ အနက်ကြီးတွေ
ကိုယ့်ဦးခေါင်းကို ဘယ်သူ့ဆီပုံအပ်လိုက်ရမလဲ
နေပူလွန်းသော နေ့များ မိုးရွာလွန်းသော ညများ
ပင်လယ်ကိုမမြင်ဖူးခဲ့တဲ့ ကျနော်
လမ်းမကြီးစီးဆင်းနေပုံကို ငေးမော
အလင်းတွေ လှိုင်းလိုလူးလို့ မြို့ကြီးဟာ ခိုစီးဖို့မဟုတ်ခဲ့ဘူး
ကိုယ့်ကိုယ်ကာယဟာ ကိုယ့်ရဲ့မနက်စာ ညစာ
ကိုယ့်အချိန်အကြောင်း
ကိုယ်တွေးမိလေ ညပိုနက်လေပဲ
အဆင်မပြေမှုတွေကို ကျနော်မဆောင်းပါရစေတော့နဲ့
ညညအမေ လန့်လန့်နိုးနေတာ
အဝေးက ကျနော့်အိပ်မက်ဆိုးတွေကြောင့်လား
အနာတွေကိုပြပြီးတောင်းနေတဲ့ သူတောင်းစားလို
ကျနော့်ကဗျာတွေဟာ သိက္ခာမဲ့နေပြီလား
အပိုအလျှံတွေနဲ့ တူတူတန်ကလေးနေချင်ပြီ အမေ
ဝီရိယမရှိပဲ အစောကြီးနိုးချင်မိတဲ့ကောင်လား
ကံကနည်းတော့ ဉာဏ်လည်းနည်းနည်း
တရားနဲ့ ပိုပိုဝေးခဲ့တော့တာပဲ
လူမရှိတဲ့တောင်ကုန်းသွားပြီး အသံကုန်အော်ငိုမိတဲ့ညနေတွေ
မကြည်လင်တဲ့မနက်ခင်းတွေ
ရှုပ်ထွေးနေတဲ့ နေ့လည်တွေ
ရွှေအိုးထမ်းပြန်မလာနိုင်လည်း
အမျှော်က မမှိန်ဖျော့မှန်းသိပါတယ်
ငွေနံ့လေးတွေဆွတ်ပြီး အိမ်တံခါးကို
ခေါက်ချင်မိတဲ့စိတ်က အပြန်လမ်းကို ရိုက်ချိုး
တွေးခေါ်ခြင်းဟာ မြောင်းထဲထိုးထိုးကျနေတာ
မနက်ဖြန်​ဟာ နာလံမထနိုင်​​တော့တာ
အရှုံးဖမ်းစားထားတဲ့ကာလတွေ
မပြီးဆုံးသေးဘူးအမေ
ကိုယ့်အသက်ကိုယ်ပိုက်ပြီးရှက်ရွံ့နေတဲ့သား
အကောင်းမြင်စိတ်လည်း မထားတတ်တော့ဘူး
ကိုယ့်အရိပ်ကိုယ်ခြေဆောင့်နင်း
ကိုယ့်ဒဏ်ရာကိုယ်တူးဆွ
မအိပ်​တတ်​​တော့တဲ့ည​တွေလည်းများ​ပေါ့
အဝေးမှာ ပျက်ကျနေတဲ့ လေယာဉ်အကြောင်း
ဘယ်သူမှ သတင်းသွားမပေးကြဖို့ ကျနော်မှာထားပါတယ်
မသေမချင်း ရှင်ရဦးမယ့်ဘဝမှာ
အမှိုက်တစ်စအဖြစ်နဲ့ ဘယ်တော့မှ
ကျနော်ပြန်မလာဘူးအမေ။

လင်းသက်ငြိမ်
0