အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း - ၃

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း - ၃
အခန်း (၃) - အိမ်၌ အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၈

အလုပ်သမားတိုင်းသည် မိမိ၏အန္တရာယ်ကင်းရေးအတွက် မိမိကိုယ်တိုင်တွင် တာဝန်ရှိသည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။ အလုပ်ရှင်သည်လည်း အန္တရာယ်များသည့်အလုပ်များကို အလုပ်သမားအား မခိုင်းရဟု ဥပဒေရှိ၏။

သင်သည် အိမ်အကူလုပ်သားအနေနှင့် အထပ်မြင့်အဆောက်အဦများ၌ ပြတင်းပေါက် သန့်ရှင်းရေး လုပ်ရမည်။ အဝတ်လှမ်းရမည်။အထပ်မြင့်အဆောက်အဦများတွင် ပြတင်းပေါက်သန့်ရှင်းရေးလုပ်ခြင်းနှင့် အဝတ်လှမ်းခြင်းတို့သည် အန္တရာယ်များ၏။ အကယ်၍ သင် သည် ပြတင်းပေါက် အပြင်ဘက်ကို သန့်ရှင်းရေးလုပ်ပါက အသက်ကြီးသူတစ်ဦးဦး၏ အနီးကပ် ကြီးကြပ်မှုဖြင့်သာ လုပ်ရမည်။

အေးဂျင့်သည် MOM မှ ချမှတ်ထားသော အန္တရာယ်ကင်းရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို အလုပ်စတင် မဝင်ရောက်မီ သင့်ကို နားလည်အောင် ရှင်းပြထားရမည်။ ပြတင်းပေါက်သန့်ရှင်းရေးနှင့် ပတ်သက်၍ အိမ်ရှင်နှင့်သင် အပြန်အလှန် သဘောတူနားလည်မှု ယူရမည်။

ပြူတင်းပေါက်ကို သန့်ရှင်းရေးလုပ်ခြင်း
-----------------------------------------

ပြူတင်းပေါက်ကို သန့်ရှင်းရေးလုပ်ရာတွင် အတိုအရှည်လုပ်၍ရသည့် တုတ်တံကိုသုံးပါ။ မရှိလျှင် အိမ်ရှင်ကို ဝယ်ခိုင်းပါ။


 ပြတင်းပေါက် အတွင်းပိုင်းကိုသုတ်နေစဉ် ပြတင်းပေါက်ကို သော့ခတ်ထားပါ။ ပုံ - ၁



ကုလားထိုင်၊ လှေကား၊ ခွေးခြေ၊ အဆင့်များပေါ်တက်ပြီး မတ်တပ်မရပ်ရ။ ပုံ - ၂


 ပြတင်းကို အဖွင့်အပိတ်လုပ်ရာတွင် ဤကဲ့သို့လုပ်ပါ။ ပုံ - ၃

အဝတ်လှမ်းခြင်း
-----------------


၁။ ကြမ်းပြင်ပေါ်တွင်မြဲမြံစွာရပ်ပါ။ သင့်ခန္ဓာကိုယ်သည် ပြတင်းပေါက်၏ အနောက်ဘက်တွင်သာ ရှိပါစေ။ ပုံ - ၎


၂။ ခြေဖျားမထောက်ပါနှင့်။ ပြတင်းပေါက်အဆင့်များပေါ် တက်မရပ်ပါနှင့်။ ပုံ - ၅


၃။ ပြတင်းပေါက်အပြင်ဘက်သို့ အရမ်းမထွက်ရ။ အလွန်ကုန်းပြီးမလှန်းရ။ ခွေးခြေ၊ အဆင့်များပေါ် တက်မရပ်ရ။ ပုံ - ၆


၎။ လေးသောအ၀တ် များကို အရင်းဘက်တွင် ထားပါ။ ပုံ - ၇


၅။ အ၀တ်ရုတ်လျှင် အ၀တ်တန်းကိုအိမ်ထဲသို့အရင်ဆွဲသွင်းပြီးမှ အ၀တ်များကိုဖြုတ်ယူပါ။ ပုံ - ၈


၆။ အ၀တ်တန်းပေါ်တွင် အ၀တ်များ အများအပြား မလှန်းပါနှင့်။ ပုံ - ၉

၇။ လေပြင်းတိုက်နေ၊ မိုးသည်းထန်စွာရွာနေပါက သတိထားပါ။ မိုးရွာတော့မည်ထင်ပါက အ၀တ်များကို မြန်မြန်ရုတ်ပါ။ မိုးရွာချိန်အ၀တ်ရုတ်လျှင်အထူးသတိရှိပါ။ အ၀တ်တန်း အလွန်လေးလျှင် အပြင်သို့ထုတ်လှန်းခြင်း၊ အတွင်းသို့ပြန်သွင်းခြင်း မလုပ်ရ။

 
၈။ ပြတင်းပေါက်အပြင်ဘက်သို့ကျသွားသော အ၀တ်များ သို့မဟုတ် အခြားပစ္စည်းများကို ပြန်ကောက်ယူရာတွင် ပြတင်းပေါက်အပြင်ဘက်သို့ အလွန်အမင်း အားပြုမထွက်ရ။ အလုပ်ရှင်ကို အသိပေးပြီး အကူအညီရယူပါ။ ပုံ - ၁၀


၉။ ပြတင်းပေါက်အပြင်ဘက် အစွန်အဖျားများပေါ်သို့ မတက်ပါနှင့်။ ပုံ - ၁၁

၁၀။ အမြင့်မှာ အလုပ်လုပ်ရမှာကြောက်ရင် အိမ်ရှင်ကို ဖွင့်ပြောပါ။ ဘယ်လိုလုပ်ရမလဲမသိရင် အိမ်ရှင်ကို မေးပါ။

၁၁။ ဒီသင်တန်းမှာ သင်လိုက်တာတွေကို လက်တွေ့ အသုံးချပါ။

၁၂။ ဖြစ်လာမယ့် အန္တရာယ်တွေကို အလေးမထားဘဲ အရဲမကိုးပါနဲ့။

၁၃။ အန္တရာယ်များတဲ့အလုပ်တွေကို အလုပ်ရှင်က ခိုင်းရင် မလုပ်နိုင်ကြောင်း ငြင်းပါ။ အတင်းအကျပ်လုပ်ခိုင်းရင် MOM ဖုန်း - ၁၈၀၀ ၃၃၉ ၅၅၀၅ ကိုဆက်ပါ။

အခန်း (၃) ပြီး၏။
ဆက်ပါဦးမည်။

Comments