မင်းခိုင် - စကားလုံးများသာ ဓားသံလျက်များဖြစ်ခဲ့သော် ......


မင်းခိုင် - စကားလုံးများသာ ဓားသံလျက်များဖြစ်ခဲ့သော် ......
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၈


 [လူပုဂ္ဂိုလ်နဲ့ တွဲနေတဲ့ အမှန်တရားဆိုတာ မသာစော်နံလှတယ်]

အွန်လိုင်းပညာရေးဟာ နိုင်ငံတကာမှာ စနေတာ ကြာပါပြီ။ ဥပမာ အိန္ဒိယလို နိုင်ငံမျိုးမှာဆို တွင်ကျယ်ထိရောက်အောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုပါ။

ဒါကြောင့်လည်း ကိုအောင်ကျော်မျိုးက Online Education (online broadcasting) လုပ်မယ်ဆိုတော့ အကျိုးများမယ့် ကိစ္စမို့ အားပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ပါဖို့ကတော့ စိတ်မပါလို့ တကယ့်ဝါရင့်ဆရာကြီးတွေကိုသာ ဖိတ်ပါလို့ ငြင်းခဲ့ပါတယ်။ (အဓိကက ကျနော်က ဟောတာပြောတာထက် အရေးကိုပဲ အားသန်လို့၊ ဟောတဲ့ပြောတဲ့နေရာမှာလည်း တယ်မကောင်းဘူးလို့ ထင်လို့၊ နောက် ကိုယ့်ထက် တော်သိတတ်တဲ့သူတွေလည်း အများကြီးရှိသမို့)

ဒါပေမဲ့ ဆရာအောင်ကျော်မျိုးနဲ့ နောက်တစ်ခါဆုံတော့ သူက အားတက်သရောနဲ့ သူ့အစီအစဉ်တွေကို ပြောပြန်တယ်။

သူ့ရည်ရွယ်ချက်က အရမ်းကြီးပါတယ်။
သင်တန်းဖွင့်မယ်ဆိုတာလည်း သင်တန်းမည်ကာမတ္တမဟုတ်ပါဘူး။
အဓိက သူ့ရည်ရွယ်ချက်က ပညာရပ်တွေကို ပျံ့နှံစေချင်တာ ... ။
ဥပမာ ရူပဗေဒဆိုရင် ရူပဗေဒနဲ့ ပတ်သက်တာတွေ အကုန်ပြော ... ပြောချင်တာ ပြော ... ။
ဆယ်တန်းရယ် ကိုးတန်းရယ် မဟုတ် ... ။
နားထောင်တဲ့သူက အသိအမြင်၊ အတွေးအခေါ်တွေ အများကြီးရ ... အဲဒီ့ထဲကမှ ကိုယ့်ကျောင်းသားတွေ ကိုက်ညီမယ့်ဟာတွေကို ပြန်အသုံးချ .... ။
ပြောတဲ့ဆရာကလည်း သူ့ပညာ သူ့အတွေ့အကြုံ သူ့အမြင်တွေကို အကန့်အသတ်မရှိ ပေးနိုင်မည့် အစီအစဉ်။
တစ်ခွန်းတည်းပြောရရင် ဆရာဖြစ်သင်တန်းမဟုတ် .. သူ့ရည်မှန်းချက်က အဲဒါထက် အများကြီး အများကြီးပိုသည်။

ကျနော်လည်း သဘောကျသည်။
အဲသဟာဆိုလည်း .. လုပ်ကြည့်တာပေါ့ ဆရာရယ် ... ။
ကျနော် သဘောတူလိုက်သည်။

နောက်တစ်ခုက သူ့ရဲ့စေတနာကို ယုံတာလည်း ပါသည်။ သူ့ရဲ့အစွမ်းကို ယုံတာလည်း ပါသည်။

ကျနော်သိသလောက်က ကိုအောင်ကျော်မျိုးဆိုတာ Jupiter Education Myanmar Website တစ်ခု ထောင်ပြီး ပညာရပ်တွေ ဖြန့်နေသူ။ ဒါကလည်း မနေ့တနေ့ကမှ ထလုပ်သည့် အလုပ်မဟုတ်။ ဟိုး လွန်ခဲ့တဲ့ နှစ်တွေကတည်းက အိတ်စိုက်လုပ်နေသူ။ (၂၀၁၃ ကတည်းကပါ)

ကျနော်တောင် ပြောမိသေးတယ် ... ဆရာ ဒီမှာ Website တွေက ခေတ်မစားဘူး။ လူတွေ မကြည့်ကြဘူးလို့။  အဲဒီတော့ "ကိုအောင်ကျော်မျိုးက ဘာဖြစ်လဲဗျ .. ပစ္စုပ္ပန်မှာ အကျိုးမရှိတောင် အနာဂတ်မှာ အကျိုးရှိမှာပေါ့၊ ကျနော်က အမြတ်အတွက်လုပ်တာမှ မဟုတ်တာ" လို့ ခပ်ပြုံးပြုံးနဲ့ ပြန်ပြောပါတယ်။

နောက် .. သူ့ဂျူပီတာစာအုပ်တိုက်က ထုတ်တဲ့ စာအုပ်တွေ လက်ဆောင်ပေးပါတယ်။ ဒါလည်း သူ့စေတနာအရ ထုတ်တာ ... ။ အရူံးခံထုတ်တာလို့တောင် ပြောလို့ ရတယ်။ ရှုံးမယ်ဆိုလည်း ရှုံးလောက်တယ်။ဈေးကွက်မှာ လူသိပ်မဖတ်တဲ့  ပညာရပ်ပိုင်း စာအုပ်တွေကိုး။

ဥပမာ သူ နောက်ဆုံးထုတ်တဲ့ ဆရာကြီးဒေါက်တာခင်မောင်ဝင်းရဲ့ တန်ဆာသရုပ်ခွဲ (Tensor Analysis)ဆို ပညာရှင်အသိုင်းအဝိုင်းကပဲ ဖတ်မှာ ... ။ အုပ်ရေ ၂၀၀၊ ၃၀၀ ကုန်ရင်ကို ဟုတ်လှပြီ ... ။
ဒါပေမဲ့ သူကတော့ ထုတ်သင့်တယ်ထင်တာကို အေးဆေးထုတ်သည်။ ထုတ်နိုင်သည့်အ ခြေအနေလည်း ရှိသည်။ နိုင်ငံတကာပညာရေးကျူရှင်အသိုင်းအဝိုင်း (IGCSE, AP, IB, A LEVEL) မှာ အောင်မြင်နေတဲ့ ကျူရှင်ဆရာတစ်ယောက်အတွက် ငွေကြေးကလည်း ပူစရာမလို ... ။ ဒီတော့ သူ့စေတနာတွေ သူ့အကြံတွေကို အကောင်အထည်ဖော်ခွင့်ကလည်း ရနေသည်။

အခု online broadcasting ကတော့ သူ အကြီးကြီးမက်တဲ့ အိပ်မက် ... ။

နောက်တစ်ခေါက် ဆုံတော့ သူဖိတ်ကြားထားတဲ့၊ ပါဝင်မယ့် ဆရာတွေစာရင်းကို ကျနော့်ကို ပြောပြသည်။
ကျနော် သူ့ရဲ့ စုစည်းနိုင်စွမ်းကို အံ့သြသွားရသည်။ နည်းနည်းနောနော အင်အားမဟုတ်။
ဘာသာရပ်ပေါင်းစုံအတွက် ဆရာဆရာမပေါင်း (၃၈) ယောက် ... ။တကယ့်ဝါရ င့်ဆရာကြီး ဆရာမကြီးတွေ ... ။ တိုင်းသိပြည်သိတွေ .... ။

သူတို့ဆီက အတွေ့အကြုံတွေ ပညာရပ်တွေ ရလိုက်လို့ကတော့ တကယ့်ရွှေအိုး .... ။

ကျနော် သူ့အစား ဝမ်းသာမိပါသည်။ သို့သော် ဝမ်းသာမှုက တာရှည်မခံ ... ။

ပါဝင်သည်ဟု ကြေညာထားသော ဆရာကြီးတယောက်က သူမပါဘဲ သူမသိဘဲ သူ့နာမည် ယူသုံးပါတယ်၊ အဲ့ဒီအဖွဲ့အစည်းနဲ့ လုံးဝ(လုံးဝ) ပါဝင်ပတ်သက်ခြင်း မရှိပါ (မသိပါ)လို့ ကြေညာလိုက်ပါတယ်။

တစ်ခွန်းတည်းပြောရရင် လူလိမ်အဖွဲ့အစည်းပေါ့ဗျာ ... ။ သူ့ရဲ့ပို့စ်ကို ဖတ်ကြည့်တော့လည်း အဲလိုပဲ အဓိပ္ပာယ်ရပါတယ်။

မကြာခင်မှာပဲ ကိုအောင်ကျော်မျိုးတို့ဖက်က ဖြေရှင်းချက်ကို Jupiter Education Myanmar page မှာ တင်ပါတယ်။ ဆရာကြီးကလည်း အဲ့ဒီ့ပေ့ခ်ျကို share ပြီး သူနဲ့ ကိုအောင်ကျော်မျိုးတို့နဲ့ ပြေလည်သွားပါပြီဆိုပြီး ပြန်ရှင်းပါတယ်။

ကျနော်လည်း ဘေးကနေ အကုန်ဖတ်ကြည့်မိပါတယ်။ ဘေးကရပ်ကြည့်ပြီး ကျနော် နားလည်သလောက်ကတော့ ...
- ကိုအောင်ကျော်မျိုးက ဆရာကြီးနဲ့ သွားတွေ့ပြီး သူလုပ်ချင်တဲ့ အစီအစဉ်တွေကို ပြောပြပြီး အကူအညီတောင်းပါလိမ့်မယ်။
- ဆရာကြီးကလည်း ပညာရေးဆိုတော့ စိတ်ဝင်တစားဖြစ်ပါလိမ့်မယ်။
- အဲလို ဆွေးနွေးပြောဆိုကြပြီးတော့ ကိုအောင်ကျော်မျိုးကလည်း ဖိတ်စာတွေ ဘာတွေ ပေးပြီး ပြန်လာခဲ့ပါလိမ့်မယ်။
အဲဒီမှာ နားလည်မှု လွဲဖို့ ဖန်လာပါတော့တယ်။

- ဆရာကြီးကလည်း အခုလိုတွေ့ဆုံပြောတာ သဘောတူတာမဟုတ်၊ နောက်ထပ် ထပ်တွေ့ဖို့ လိုသေးတယ်လို့ မှာလိုက်ဖို့ မေ့သွားပုံ ရပါတယ်။
- ကိုအောင်ကျော်မျိုးကလည်း အဲဒီအွန်လိုင်းအစီအစဉ်မှာ member ကြေးကောက်မယ်ဆိုတာကို မပြောဘဲ နေခဲ့မယ်။ (ဖိတ်စာမှာတော့ အသေးစိတ်ရေးထားပြီးလို့ မလိုတော့ဟု စိတ်ထဲမှာ ထင်လို့လည်း ဖြစ်မယ်)

အဲဒီမှာ စလွဲပါတော့တယ်။

ကြော်ညာပို့စ်ကို ဖတ်ရတော့မှ Member ကြေးပါမှန်းသိပြီး ဒေါသထွက်ပါလိမ့်မယ်။

ဆိုတော့ ... အဓိက ဆရာကြီး ဒေါသထွက်သည်မှာ ငွေရေးကြေးရေးကြောင့်လို့ ယူဆရပါတယ်။

ဒီလိုကိစ္စမျိုးဆိုတာကလည်း ဂုဏ်သိက္ခာကြီးသော၊ နှလုံးရည် ပညာရည် ပြည့်ဝလှသော ဆရာကြီးတစ်ဦးအနေဖြင့် ဒေါသထွက်မည်သာ ... ။

ဒါပေမဲ့ ကျနော့်အမြင် တုံ့ပြန်ပုံက အရမ်းပြင်းထန်ပါတယ်။

သူ့အနေဖြင့် ဖုန်းဆက်ပြီး ပြောလို့ ရပါလျက် (ဟဲ့ကောင် ငါ ပါမယ်လို့ မပြောရသေးဘူး၊ ပြီးတော့ မင့်ဟာ ပိုက်ဆံနဲ့ .. ဒါ ငါမသိဘူး၊ ငါ့နာမည် ပြန်ဖြုတ်၊ တောင်းပန်စာလေးပါ ပေ့ခ်ျမှာ ရေး ...) အဲဒါမျိုး တခုခုပေါ့လေ ရေးလို့ ရပါလျက်နဲ့ ပို့စ်တင်ပါတယ်။

တင်တော့လည်း သူ့အနေနဲ့ တွေ့ဆုံတာ သက်သက်သာဖြစ်တယ်၊ တကယ်ပါမယ်လို့ ပြောထားတာ မဟုတ်ဘူးလို့ ဖြေရှင်းလိုက်ရင် လုံလောက်ပြည့်စုံပါတယ်။ ဒါပေမဲ့ သူဖြေရှင်းတဲ့ ပထမပို့စ်က သူနဲ့ ဘယ်လိုမှ မပတ်သက်ဘဲ သူလုံးဝမသိဘဲ သူ့နာမည်ယူသုံးတယ်ဆိုတဲ့ သဘောမျိုးဖြစ်လို့ အရမ်းပြင်းထန်ပါတယ်။ (လူလိမ်လို့ မပြောရုံတစ်မယ်ပါပဲ)

နောက် ... သူပြန်ရှင်းတာက share တဲ့ဟာကို ရှင်းတာဖြစ်လို့ ပြန်ရှယ်တောင် သူ့စာတွေကို လူမတွေ့တော့ပါဘူး။  (ကျန်ာက မောင်ကကြီးရဲ့ ပို့စ်ကို share ပြီး စတေးတပ်တင်တယ်ဆိုပါစို့၊ ကျနော့်ပို့စ်ကို ထပ် share တဲ့သူက မောင်ကကြီးရဲ့ပို့စ်ကိုပဲ ရသွားပါတယ်၊ ကျနော်ရေးတဲ့ စတေးတပ် ပါမသွားပါဘူး)

ကျနော်အနေနဲ့တော့ ဆရာကြီး ပို့စ်တစ်ခု သပ်သပ်ထပ်ရေးပြီး တင်ရင် ပိုကောင်းမယ်လို့ အောက်မေ့မိပါတယ်။

ဂုဏ်သိက္ခာကြီးမားပြီး နှလုံးရည် ပညာရည် ပြည့်ဝလှသော ဆရာကြီးတစ်ဦးအနေနဲ့ တစ်ပါးသူကို ဒုက္ခရောက်စေဆိုတဲ့ စေတနာမျိုး နည်းနည်းလေးမှ ရှိမည် မထင်ပါ။ စိတ်လိုက်မာန်ပါ လွှတ်ခနဲ ပြောမိခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် တဖက်တွင် ဖြစ်ပေါ်လာသော impact ကမူ ပြင်းထန်လှသည်။ လူလိမ်အဖွဲ့အစည်းတမျှ ရုပ်လုံးအဖော်ခံလိုက်ရခြင်းကြောင့် ပါဝင်ပါမည်ဆိုသော ဆရာတစ်ယောက်နှစ်ယောက်ပင် မပါပါဟု ရှောင်ထွက်ကုန်ကြသည်။

ဆရာကြီး ဒေါက်တာတင်အောင်တို့ကိုယ်တိုင်ပင် စာမူများ ချိးမြင့်ပေးနေသော Page တစ်ခုကို သတင်းအမှားတွေ ပေးနေတဲ့ ပေ့ခ်ျအတုပါ၊ ဂျင်းပေ့ခ်ျပါ၊ လုပ်စားတဲ့ပေ့ခ်ျပါလို့ ဝင်ရေးကုန်ကြ၏။

ကျနော် ဒီပို့စ်ကို ရေးရတဲ့ အဓိက အကြောင်းအရင်းက စေတနာကောင်းနဲ့ လုပ်နေတဲ့ လုပ်ငန်းတစ်ခု မပျက်စီးသွားချင်လို့ပါ။

နောက်တစ်ချက်က အမှန်တရားကို ရဲရဲတောက် ချစ်မြတ်နိုးကြတဲ့ သူတွေအတွက်ပါ။

ဆရာကြီးရဲ့ ဘာမှ မသက်ဆိုင်ကြောင်း ကြေညာတဲ့ ပို့စ်ကို share တဲ့ သူ (အမှန်တရားအတွက် ရဲရဲတောက်သူတွေက) ဒီနေ့ဆို ၈၀၀ ကျော်ပါတယ်။ (ဆရာကြီးကလည်း အဲ့ဒီ့ပို့စ်ကို မဖြုတ်ပစ်ပါဘူး) အသည်းနာကြောင်း ဒေါသတွေနဲ့ ဆွေ့ဆွေ့ခုန်နေတဲ့ မန့်ပေါင်းကလည်း ရာချီရှိပါတယ်။

ဒါပေမဲ့ ပြန်ရှင်းတဲ့ပို့စ်ကို ပြန် share တဲ့သူက အယောက် ၂၀ တောင် မပြည့်ပါဘူး။ မန့်လေးကလည်း ဆယ်ခုတောင် မပြည့်ပါဘူး။

အမှန်တရားကို ချစ်မြတ်နိုးလှပေမယ့် ဆက်စပ်စဉ်းစားဥာဏ်ကတော့ တော်တော်လေး အားနည်းပါတယ်။

ဥပမာ ကျန်တဲ့ဆရာတွေကိုလည်း တကယ်ပါမပါ မစဉ်းစားတော့ပါဘူး။
တချို့ဆရာကြီးတွေဆို အွန်လိုင်းမှာလည်း ရှိပါတယ်။ စုံစမ်းလို့ ရပါတယ်။
(ဥပမာ ဆရာကြီးဦးဝင်းမောင်၊ ဆရာကြီးညွန့်ဝေမိုး .. စသည်ဖြင့်)
(ကျန်တဲ့ ဆရာကြီးတွေကိုပါ လူလိမ်အဖွဲ့အစည်းနဲ့ အလုပ်လုပ်နေတယ်လို့ မြင်နေသလားမသိ။ ဒါမှမဟုတ် ဒီလောက်ဆရာတွေ အများကြီးကို အွန်လိုင်းကနေ ဗြောင်ကျကျ လိမ်နေတယ်လို့များ ထင်နေလားမသိ)

နောက် ဦးဆောင်ပါဝင်တဲ့သူတွေ ဘယ်သူတွေလဲဆိုတာကိုလည်း မေးမြန်းစုံစမ်းခြင်း မရှိပါဘူး။
ကျနော် သိသလောက် ဆရာဒေါက်တာ အာကာမိုးသူပါပါတယ်။ ဆရာဒေါက်တာအာကာမိုးသူဆို တက္ကသိုလ်ဆရာ အသိုင်းအဝိုင်းမှာ မသိသူ မရှိသလောက်ပါ။
နောက် ဆရာဒေါက်တာထွန်းလင်းကျော် (ကထိက၊ အရှေ့ပိုင်းတက္ကသိုလ်) ပါပပါတယ်။
နောက် ဆရာဦးလှိုင်တင့် (ကထိက၊ အရှေ့ပိုင်းတက္ကသိုလ်) ပါပါတယ်။

အဲဒီဆရာတွေကိုလည်း အားနာဖို့ ကောင်းလှပါတယ်။

တစ်ချို့တွေကမူ အမှန်တရားအတွက် ရင်နာလွန်းလှလို့ ဆရာကြီးသမားကြီးတွေ ဝင်ရေးနေတဲ့ ပေ့ခ်ျကိုပါ အတုအယောင်အပေ့ခ်ျအဖြစ် ဝင်ရေးပါတော့တယ်။ အထက်က ပြောသလို ဘာမှ မစဉ်းစားပါဘူး။ (အမှန်တရားကို မြတ်နိုးလွန်းတာတော့ နလပိန်းတုန်းတွေထက် သာတဲ့အချက်ပေါ့လေ ... )

အဲဒါကြောင့် ဒီပို့စ်ကို ရေးပါတယ်။

ကိုအောင်ကျော်မျိုးခင်ဗျား ... ကိုယ့်ကို ယုံကြည်တဲ့ သူတွေနဲ့ ရှေ့ကိုပဲ ဆက်သွားပါလို့ တိုက်တွန်းပါတယ်။
ဒီအစီအစဉ်ကိုလည်း မဖြစ်ဖြစ်အောင် အကောင်အထည် ဖော်နိုင်ပါစေလို့ ဆန္ဒပြုတိုက်တွန်းပါတယ်။
ပညာရေးအပြောင်းအလဲမှာ ဘယ်သူတွေ ဘာလုပ်ခဲ့တယ်ဆိုတာ အချိန်က ပြောပြသွားပါလိမ့်မယ်။

*********

ကျနော် တခါက ရေးဖူးပါတယ်။
ကျနော်တို့ဆီမှာ လူပုဂ္ဂိုလ်စွဲ အရမ်းကြီးပါတယ်။
ငါ့ဆရာပြောတာ ငါ့ဘကြီးပြောတာ ငါ့အဖေပြောတာဆိုပြီး အမှန်တရားနဲ့ လူပုဂ္ဂိုလ်ကို ချိတ်တတ်ကြပါတယ်။
ဟုတ်ကဲ့ .... လူပုဂ္ဂိုလ်နဲ့ ချိတ်ထားတဲ့ အမှန်တရားဟာ မသာစော် နံလှပါတယ် ... ။
လူဆိုတာ သေတတ်တာကိုးဗျ .. ။

(မိုးမခ အယ်ဒီတာမှတ်ချက် - Jupiter Education Myanmar - JEM - facebook page -  https://www.facebook.com/officialjupitermyanmar
ဖြစ်ပါသည်။ ဖေ့စ်ဘွတ်ပေါ်က လူပြိန်းများ ဆွမ်းကြီးလောင်းစိတ်ဓာတ်ကြောင့် ပညာရေးဆောင်ရွက်နေသည့် လူငယ်လှုပ်ရှားမှုများ ထိခိုက်မနစ်နာစေရအောင် ကိုမင်းခိုင်၏ ဝေဖန်စာကို တင်ဆက်လိုက်ပါတယ်။ 

Comments