ရန်နောင်(ဗိုလ်တထောင်) - သင်္ကြန် ကာလ ပိတ်ရက် အိမ်မပြန်နိုင်သူများလည်းရှိ



ရန်နောင်(ဗိုလ်တထောင်) - သင်္ကြန် ကာလ ပိတ်ရက် အိမ်မပြန်နိုင်သူများလည်းရှိ
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၈

(ရန်ကုန် ဧပြီ ၁၂) ယခုနှစ် သင်္ကြန်ကာလတွင် ရုံးပိတ်ရက်ကာလမှာ ငါးရက်တည်းသာ ဖြစ်သည့်အတွက် ခရီးဝေး လွန်းသူများ ပြန်မည့်သူမရှိသဖြင့် ယခုနှစ် မဟာအတာသင်္ကြန်တွင် ကားစီးသူ ယခင်နှစ်တွေလောက် ကျပ်သိပ်ခြင်း မရှိကြောင်း အဝေးပြေးယာဉ်လိုင်းတစီးမှ ယာဉ်နောက်လိုက် တစ်ဦးမှ ပြောပြခဲ့သည်။

"ဟုတ်တယ်ဗျ ၊ ဒီနှစ်က အရင်နှစ်တွေ လောက် နယ်ဝေးသမားတွေက မပြန်နိုင်တော့ဘူးလေ။ ပိတ်ရက်က နည်းတော့ လမ်းမှာတင် အချိန်ကုန်ပြီး ခရီးပန်းတာပဲ အဖတ်တင်မယ်လေ။ ကျနော်ဆို ဒီနှစ်မပြန်ဘူး၊ ၁၈ မိုင် ၃ ဖာလုံမှာ ရှိတဲ့ ဖားအောက်တောရမှာ တရားသွားဝင်မယ်ဆိုပြီး စာရင်းပေးလိုက်တယ်။ ရုံးကလည်း ဒီနေ့ထိ တက်ရတော့ အခုလို မိုးချုပ်မှ ကြုံရာကား တားဆီးပြီး တရားရိပ်သာ ဝင်ဖို့ သွားရမှာလေ။ နေတာကတော့ တောင်ငူမှာပါ။ ရက်ကလေး နည်းနည်းနဲ့တော့ အိမ်မပြန်ချင်ဘူးဗျာ ..." ဟု အဝေးပြေးကားစီးနင်းရန် စောင့်ဆိုင်းနေသူ ခရီးသွားတစ်ဦးမှ ပြောပြခဲ့သည်။

 အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းတွင် ယာဉ်လမ်းကြောင်းများ ရှင်းလင်းရေးအတွက် ယာဉ်ထိန်းရဲများ ပိုမိုချထားသဖြင့် ယာဉ်လမ်းကြောင်း ကျပ်ပိတ်ဆို့မှုများ ယခင်နှစ်တွေလောက် မဖြစ်ပေါ်တော့ကြောင်း၊ တိုးဂိတ်တွင် လမ်းကြေးပေးဆောင်မှု ကောင်တာများ တိုးချဲ့ဖွင့်လှစ်သဖြင့် ယာဉ်များ ပိတ်ဆို့မှုမရှိတော့ကြောင်း ၊ အမြန်လမ်းတွင် ပြေးဆွဲနေသည့် အဝေးပြေးယာဉ်မောင်း တစ်ဦးက ပြောပြခဲ့သည်။

သို့သော်လည်း ရန်ကုန် မန္တလေး အမြန်လမ်းတွင် ကားကြီး၊ ကားလတ်၊ ကားလေးများ အမြန်လမ်း မန္တလေး ဘက်သို့အသွားတွင် စီတန်းသွားနေသည်မှာ ရှင်လောင်းလှည့်နေသလား တောင် ထင်ရတယ်ဟု အဆိုပါယာဉ်မောင်းမှ ထပ်လောင်းပြောကြားခဲ့သည်။


ယနေ့ အထိ ရုံးဖွင့်သည့်အတွက် နယ်ပြန်သူများ ရုံးဝတ်စုံများဖြင့်ပင် အဝေးပြေးဂိတ်သို့လည်းကောင်း၊ အမှတ် ၃ လမ်းဆုံတွင် လည်းကောင်း စောင့်ဆိုင်းကာ အဝေးပြေးကားများကို တားစီးနေကြပြီး ရန်ကုန် ပဲခူးကားခမှာ တစ်ထောင့်ငါးရာကျပ်၊ ရန်ကုန် လှည်းကူး တစ်ထောင်ကျပ်၊ ဘောနက်ကြီးအထိ လေးထောင်ကျပ်၊ ၁၁၅ မိုင်အထိ ငါးထောင်ကျပ် ပေးစီးရပြီး အဝေးပြေးယာဉ်လိုင်းများပေါ် အလယ်လျှောက်လမ်းတွင် ပလပ်စတစ်ထိုင်ခုံများတွင် အပြည့်သာမက ရှေ့ဒရိုင်ဘာနံဘေးတွင် လေးငါးခြောက်ယောက် ပြုံလိုက်နေသည်ကိုလည်း တွေ့ ရှိခဲ့ရပါသည်။

အမြန်လမ်းတွင် မောင်းနှင်သော ယာဉ်များစည်းကမ်းမဲ့ ခရီးသည်များကို ပိုမိုတင်ဆောင်နေခြင်းကို "ခရီးသွားများ သွားလာမှုအဆင်ပြေရေးအတွက် တရားဝင်ခွင့်ပြုတာလား ၊ ခရီးသည် အသက်အန္တရာယ်ကို ထည့်မတွက်တာလား ။ မစဉ်းစားတတ်တော့ဘူးဗျာ" ဟု နယ်သို့ ပြန်သူ အား လိုက်ပို့ပေးသည့်သူမှ ပြောပြခဲ့သည်။

Comments