မင်းကိုနိုင် ● ပုံမပြောချင်ဘူး

မင်းကိုနိုင် ● ပုံမပြောချင်ဘူး
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၈

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

မီးမောင်းတွေက အပ်ပျောက်ပင်ရှာနိုင်သည့် အလင်းအားနှင့်၊ အသံစနစ်ကလည်း အသက်ရှူသံပင် ကျယ်ကျယ် ကြားသည့် စက်တွေနှင့်၊ ပရိသတ်ကလည်း ကွင်းလုံး ပြည့်ခဲလို့။

ဒီလိုမဏ္ဍပ်မျိုးက သံချပ် အသင်းကားတွေအကြိုက်။ ကျ နော်တို့အသင်း ဒီမဏ္ဍပ်ကို ဝင် ရမှာ တာစူနေသည့် ပြိုင်မြင်းများ နှယ်။ သင်္ကြန်ဒိုးသံ တုံချပ်ချပ်နှင့်အတူ စင်ပေါ်ရောက်ကတည်းက အရာရာကွက်တိ။ ခေတ်နှင့်စနစ် အကြောင်း၊ လူတေ အကြောင်း ဟာသသံချပ် သောင်းပြောင်းမွှေ လိုက်သည်။ ဒါပေမဲ့ စိတ်ရော ကိုယ်ပါ လွတ်လပ်ပေါ့ပါးစွာ တော့မဟုတ်။ မဆလခေါ် တပါတီ အာဏာရှင်စနစ်အောက်မှာ သံချပ်ထိုး သရုပ်ဖော်ရတာ တ ကွက်မှားတာနဲ့ အစားခံရမည့် ကျားကွက်နှင့် တူလှ၏။ ရှေ့မှာ က နောင်တော်အသင်းကြီးတွေကို ရေကြည်အိုင် စစ်ကြောရေးသို့ ဆွဲကုတ် ခေါ်သွားတာလည်း အ တွေ့သား။

ပြဇာတ်တို အသစ်ဝင်မည်။ ဌာနဆိုင်ရာတခုသို့ မသွားမဖြစ် ရောက်ရသူ ပြည်သူ့ဘဝ သရုပ် ဖော်ဖြစ်၏။ ကြိုးနီစနစ်အောက် မှာ အကျင့်ပျက်ယန္တရားကြီးနှင့် ဆက်ဆံရသည့် မခံချင်စရာဇာတ် ကွက်။ ထိုပြည်သူက ငုံ့မခံ၊ ခွန်း တုံ့ပြန်၍ ဌာနတွင်း တဆင့် တက်တိုင်လိုက်၊ တိုင်သူကို ဖိ ထောင်းချလိုက်၊ နောက်တ ယောက်ထံ အရေးဆိုလိုက် ပိုဆိုး သည့် တုံ့ပြန်မှုဖြင့် ပယ်ချခြိမ်း ခြောက်လိုက်၊ နောက်ဆုံးထိုပြည်သူက ဟစ်အော်လိုက်သည်။

‘‘တိုင်မယ်၊ တိုင်မယ် မခံဘူး၊ အပေါ်ဆုံးကိုတိုင်မယ်။ အထက်လူကြီးကိုတိုင်မယ်။ ဖုန်း ဆက်မယ်’’

ပြည်သူတစ်ဦးအဖြစ် သရုပ် ဆောင်ရသည့် ကျနော့်စကား ကြောင့် ရုံးဌာနတွင်းရှိ အခုနက တင်းမာခဲ့သူ အရာရှိကြီးငယ်တို့ ခြေကာကာ လက်ကာကာ ဖြစ် ကုန်သည်။ တယောက်မျက်နှာ တယောက်ကြည့်၊ ဘာလုပ် ရမှန်းမသိ။

ကျနော်က ဖုန်းကိုလှည့် ပြီ။ တကယ်တော့ ထိုခေတ်က လက်ကိုင်ဖုန်းတွေ ပေါ်သေး သည်မဟုတ်။ လမ်းဘေးက အများသုံးဖုန်းပေါ့။ ဇာတ်ဝင်ခန်း သဘောအရ မဟုတ်တာလုပ် ထားသူတွေ ချောက်ချားရပြီ။ ကျနော် ဖုန်းဆက်နေတာကြည့် ပြီး ရင်မ နေကြပြီ။ ပရိသတ်ကား ဇာတ်ထွတ်ကို ငံ့လင့်လျက်၊ အထက်လူကြီးက ဘယ်လိုတုံ့ ပြန်မယ် သိချင်လှ။

ကျနော်က ပရိသတ်၏ စိတ်အားသန်နေပုံကို ကြည့်ပြီး စိတ်ထဲ တင်ကြိုအားနာနေမိ သည်။ ရှေ့က မဏ္ဍပ်တွေမှာ ကခဲ့ပြီးတော့ ကျွန်တော်တို့ဇာတ် သိမ်းအကြောင်း ကျနော်တို့ သာသိသည်။ အထက်လူကြီးကို တိုင်ခါမှ သူက အကျင့်ပျက်ဌာန သူ့ဝန်ထမ်းတွေဘက်ကရပ်၊ ပြည် သူ ကျွန်တော့်ကို အရှိုက်ထိ အောင် ခြောက်လှန့်လုံးတွေ တရ စပ်နှင့် ထိုးနှက်လိုက်တာ ပြည်သူ ကျနော့်မှာ ပက်လက်လန်ရပုံ ကို ပြခဲ့သည်ပဲ။ အဲ ...ခုမဏ္ဍပ်မှာ တော့ နည်းနည်းထူးတာတစ်ခုရှိ နေသည်။

အရင်မဏ္ဍပ်တွေတုန်းက ဖုန်းဆက်သည့်အခါ ကျနော် တို့အသင်းသား သူငယ်ချင်းတယောက်က မိုက်ခရိုဖုန်းအပို ယူ နှင့်ပြီး ကားပေါ်မှ ဖုန်းပြောအသံ သရုပ်ဆောင်ခဲ့ရမြဲ။ သူ့အသံ သြဇာကြီးကြီးနှင့် ပြန်ရှင်းကာ ပြည်သူကို အမှုပြန်ပတ်အောင် စွမ်းပုံက အတော်သရုပ်ပါသည်။ ပရိသတ်တွေ မျက်နှာက ထိုအခါ တိုင်းမှာ ‘‘ထင်သားပဲ၊ ဒီလိုပဲတုံ့ ပြန်မှာပေါ့။ တို့ပြည်သူတွေဘဝ က တိုင်ခါမှ အမှုပြန်ပတ်ရတာပဲ’’ ဟူသည့်အဓိပ္ပာယ်ဖြင့် စနစ်ကို နောကျေနေသည့် စောဖေတို့ မျက်နှာများ ပေါ်လာစမြဲ။ ဒါက ပင် ထိုခေတ်၏ အတွင်းသရုပ်ကို ကျနော်တို့ ဆယ်ကျော်သက် အရွယ် စွမ်းသမျှနှင့် ဖော်ထုတ် ခြင်းဖြစ်ပါ၏။

ခု မဏ္ဍပ်မှာတော့ ခက်နေ သည်။ မိုက်ခရိုဖုန်းက ကြိုးတိုနေ ၏။ ကားဆီမမီ။ ကြုံသလိုလုပ်ဖို့ ကျနော် ဆုံးဖြတ်ရသည်။ အထက်လူကြီးအဖြစ် သရုပ် ဆောင်သူ သူငယ်ချင်းကို ဤသို့ တောင်းပန်ရ၏။

‘‘မင်း ဇာတ်ခုံအောက်ဝင် ကွာ။ ကြမ်းကြားကနေ မိုက်ကို ချပေးလိုက်မယ်။ အောက်ကပဲ ဖုန်းပြန်ပြောပေါ့ ဟုတ်လား’’

သူငယ်ချင်းက ဒေါသငေါ ငေါ တုံ့ပြန်သည်။

‘‘ဘာကွ ငါက အထက်လူ ကြီးလေ။ ဇာတ်ခုံအောက်မဝင် နိုင်ဘူးကွ’’

အလိုလေး မဏ္ဍပ်နှစ်ခု လောက်သာကရသေး။ မောင်မင်း ကြီးသား အထက်လူကြီးက စိတ် ကြီးပါဝင်လေပြီ။ ကားပေါ်က ငေါက်နေကျမို့ ဇာတ်ခုံအောက် မဝင်နိုင်တဲ့။ ကျနော့်မှာ ထို အထက်လူကြီးအား မျိုးစုံနားချ တောင်းပန်ရပါတော့သည်။ မင်း မလုပ်ရင် ဇာတ်ပျက်ရချည်ရဲ့။ ဒီလို အသံသြဇာမျိုး မင်းပဲရှိတာ ပါ... စသဖြင့်။

အဆုံးမတော့ သူပေစောင်း စောင်းဖြင့် ဇာတ်ခုံအောက် လေး ဖက်တွား ဝင်သွားသည်။ ကျနော့်အား ဂြိုဟ်ကြည့် ကြည့်လျက် ဘာတွေပွစိပွစိ ရေရွတ် သွားသည်မသိ။
* * *

စင်ပေါ်ကနေ ဖုန်းဆက်ပြီ။ အကဲဖြတ်ဒိုင်လူကြီးများနှင့်တကွ ပရိသတ်များမှာ အထက်လူကြီး ဘယ်လိုတုံ့ပြန်မှာကို စောင့်နေ ကြပြီတမုံ့။ ကျနော်က‘‘ဟယ် လို ... အထက်လူကြီးလားခင်ဗျ’’ ဟု မေးလိုက်ပြီ။ မိုက်ခွက်ကြိုးက ဇာတ်ခုံအောက် ဝင်သွားသည်။

အသံချဲ့စက်မှ" ကိန် ကိန် ကိန် " အသံများဖြင့် တုံ့ပြန်ပါတော့ ၏။ မထင်မှတ်ထားသည့် အသံမို့ ကျနော်ကိုယ်တိုင် ဘာဆက် လုပ်ရမှန်းမသိ။ အကဲဖြတ်များနှင့် ပရိသတ်တွေကြည့်တော့ အံ့သြ မှင်တက် မျက်နှာများ။ အကဲဖြတ် တွေက မျက်လုံးကျယ် တုန်လှုပ် ကုန်ပြီ။ ခွေးအော်သံတွေက ပို ကျယ်လာပါ၏။ ပရိသတ်မှာ တစ် စုံတစ်ရာကို ယခုမှ သဘော ပေါက်သွားကြသည့်နှယ်။ ခွေး ဟောင်သံကလည်း တဝုတ်ဝုတ်။

‘‘ကြိုက်ပဟေ့၊ ဆော်ပဟ’’

ကျနော် အသင်းသားများ ကို ကြည့်လိုက်သည်။ ရုတ် တရက် ဖြစ်သွားသည့် အလှည့် အပြောင်းအပေါ် ထိတ်လန့်သွား ကြပြီး အကြီးအကျယ် ချောက်ကျ ပြီဟူသည့် မျက်နှာကြီးတွေနှင့် မရယ်ကြဘဲလည်း မနေနိုင်။ ပါး စပ်တွေ အတင်းစေ့ထားသည့် ကြားက တစ်ယောက်စသည်နှင့် တအုန်းအုန်း ရယ်ကြတော့သည်။ ပွဲခင်းတစ်ခုလုံးလည်း ပက်လက် လန်အောင် ရယ်နေဆဲ။
* * *

ထိုမဏ္ဍပ် စင်မြင့်ပေါ်မှ ဘယ်လိုပြန်ဆင်းလာသည် မမှတ် မိတော့ပါ။ ဇာတ်ခုံအောက်က အထက်လူကြီးကတော့ ပုဆိုး ဖို သီဖတ်သီဖြင့် ကုန်းကွကွထွက် လာပြီး ‘‘ခွေးကြီးကွ အိပ်နေတာ။ အမြီးတက်နင်းမိတော့ လန့်အော် ရော။ ငါလည်း ရှူး...ရှူးလို့ တိတ် ခိုင်းတာပဲ။ မိုက်ကြိုးကိုလှမ်းဆွဲ လည်းမမီ။ ငါ့ကိုလှမ်းဟပ်မလို့ တဝုတ်ဝုတ်ထိုးဟောင်တာ’’ စသဖြင့် နတ်သံနှောကာ ဖြစ်ကြောင်းရယ်ကုန်စင် အစီရင်ခံနေပါ၏။

အရပ်ဝတ်နှင့် လူတချို့ ချက်ချင်းရောက်လာသည်။ ကျနော်တို့အသင်း၏ တာဝန်ခံ အစ်ကိုကြီးများလည်း ရယ်ချင် စိတ်ကို မျိုချလျက် ခြေကားရား လက်ကားရား ရှင်းနေရပါတော့သည်။
* * *

မနေ့က သင်္ကြန်လက်ဆေး မိုး ရွာသည်။ အဖူးတွေခဲနေအောင် ဝေသည့် ပိတောက်တွေပွင့်ပြီ မှတ်တာ။ မနက်ကျတော့ တစ် ပွင့်မှတောင်မပွင့်။ ဘာကြောင့် ကျနော်မသိ။

လင်းပွင့်လာသည့်ခေတ်ထဲ စဝင်လာပြီ။ သံချပ်တိုက်နေသည့် အသင်းတွေ အပြိုင်းအရိုင်း ရုန်းကြွလာကြသည်မှာ ပင်ယံပေါ်အုံခဲ နေသည့် ပိတောက်ဖူးများနှယ်။ ဆုပေးမဏ္ဍပ်များမှာတော့ သံချပ် သင်္ကြန်အစဉ်အလာကြီးသည့် ရန်ကုန်မြို့ကြီးတွင် ကျွန်တော်သိ သမျှ လက်တစ်ဖက်စာမျှသာ တွေ့ရ၏။ ဘာကြောင့်မသိ။

ခဲယဉ်းသည့် ခေတ်ကျပ်ကြီး တုန်းကတောင် နား၊ မျက်စိ၊ ပါး စပ်တွေ မရမက ဖွင့်ခဲ့သည့် သံ ချပ်အသင်းကြီးတွေကို ဆုပေး မဏ္ဍပ်တွေ မြို့လုံးပြည့်ခင်းကာ ရင်ဖွင့်ကြိုဆို နိုင်ခဲ့ကြသေးသည်။

ဒီနှစ် တစ်မြို့လုံး မဏ္ဍပ် အရေအတွက်က ဟိုအရင်တောင်ဥက္ကလာ တစ်မြို့နယ်စာကိုပင်မမီ။

နေ့စဉ်ဘဝတွေထဲ ဖျော်ဖြေ ရေးတွေ၊ အာရုံခံစရာတွေ ပြည့် လျှံနေရ၍လား၊ ဆုပေးမဏ္ဍပ် အကဲဖြတ်ဒိုင်မျိုးဆက် ပြတ်ကုန် ၍လား၊ ခေတ်တွေ၏ လမ်း ကြောင်းအပြောင်းအလဲတွေ မြန် လွန်းသည်လား ...။

ချိန်ခါမီ ပွင့်ချင်လှပြီဖြစ် သည့် ပိတောက်ဖူးတွေကို ကျနော် ငေးလျက်တွေးပါသည်။

နှောင်းလူတို့အား ‘‘ရှေး ရှေး တုန်းက သင်္ကြန်ဆိုရင် ရင်ဖွင့်သံ ချပ်ထိုးတာတွေ ရှိခဲ့သကွဲ့’’ဟု အစချီ ပုံပြင် ကျနော် မပြော ချင်ပါ။။

မင်းကိုနိုင်#
6 April 2018
7day daily သတင်းစာ
0