လက်ဝါးကြီးအုပ် စင်ကလဲယားရုပ်သံအုပ်စုက မီဒီယာကို တသံတည်းနဲ့ ပြစ်တင်နေ


လက်ဝါးကြီးအုပ် စင်ကလဲယားရုပ်သံအုပ်စုက မီဒီယာကို တသံတည်းနဲ့ ပြစ်တင်နေ
(မိုက်ခဲစိန်) ဧပြီ ၄၊ ၂၀၁၈

မီဒီယာတွေဟာ ဒီမိုကရေစီကို အကြီးအကျယ် ခြိမ်းခြောက်နေပါပြီ။
(This is extremely dangerous to our democracy)

 ဒီစကားတခွန်းတည်းကို အမေရိကားက မြို့ခံရုပ်သံဌာနပေါင်း ၁၉၀ က သတင်းကြေငြာသူတွေက ထပ်ခါ ထပ်ခါ တသံတည်းထွက်ပြီး ပြောနေကြပါတယ်။ သူတို့တွေက သူတို့အခြေစိုက်ရာ မြို့ခံ ရုပ်သံဝန်ထမ်းတွေ။ main stream media တွေလို တပြည်လုံးလွှင့်တဲ့ ကေဘယ်သတင်းဌာနကြီးတွေက မဟုတ်ပါ။ local tv stations တွေက သတင်းကြေငြာသူတွေပါ။  သူတို့ကို သူတို့ပိုင်ရှင်က ပြောခိုင်းလို့ ထည့်ထည့် ပြောရတာပါ။ 'မီဒီယာကြီးတွေဟာ မယုံရဘူး၊ fake news တွေ လွှင့်နေတယ်' လို့လည်း အမြဲတန်း သတင်းကြေငြာတိုင်းမှာ ထည့်ပြောရပါသေးတယ်။ ပြောပုံဆိုပေါက်က တသံတည်း တလုံးတည်း တပုံစံတည်း ပြောရတာပါ။ လက်ရှိ အမေရိကန်သမ္မတကြီး ထရန့် ပြောခိုင်းနေတဲ့အတိုင်းပဲ။ သို့သော် ထရန့်ပြောခိုင်းတာ မဟုတ်ရပါ။ သူတို့ပိုင်ရှင်က  Sinclair Broadcast Group, လက်ယာစွဲ၊ ရှေးရိုးစွဲ၊ ရီပတ်ဘလစ်ကန်ပါတီစွဲ၊ ထရန့်ကို ထောက်ခံသူတွေ ဖြစ်ပါတယ်။ သူတို့က ဒီစကားတွေကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပြီး သူတို့ မြို့ရွာက ပရိသတ်ကို ၀ါဒဖြန့်နေကြတာ ဖြစ်ပါတယ်။ သူတအုပ်စုတည်းပိုင်တာ tv stations ပေါင်း ၁၉၀ ဆိုတော့ ဘယ်နည်းလိမ့်မလဲ။

စင်ကလဲယားအုပ်စုက ပြောတာကတော့ ဆိုရှယ်မီဒီယာတွေက သတင်းမှားတွေ သတင်းတုတွေ ဘက်လိုက်တဲ့သတင်းတွေကို သတိထားကြဖို့ မြို့နယ်အသီးသီးက ပရိသတ်ကို ပြောနေတာပါလို့ ဆိုပါတယ်။ 'တဘက်သတ်သတင်းတွေဟာ တိုင်းပြည်ကို ဖျက်နေတယ်လို့လည်း သူတို့က အမြဲ ၀ါဒဖြန့်လိုက်ပါသေးတယ်။ မီဒီယာကြီးတချို့ဟာ သူတို့ကိုယ်ကျိုးအတွက် သူတို့စင်မြင့်ကို အလွဲသုံးစားပြုနေကြတယ်၊ ပြည်သူကို ကြိုးဆွဲပြီး ကခိုင်းနေတယ်' လို့လည်း စင်ကလဲယားက သူ့သတင်းကြေညာသူတွေကို ထည့်ထည့်ပြီး ပြောခိုင်းပါသေးတယ် တဲ့။ အကယ်၍ အဲသည်မြို့ခံ သတင်းကြေညာသူက သူ့ဖာသာသူ လွတ်လွတ်လပ်လပ် ထုတ်ပြောတာဆို တော်သေးတယ်။ အဲသည် ဇာတ်ညွှန်းလိုရေးထားတဲ့ စကားကို ဖတ်ခိုင်းလို့ ထည့်ဖတ်နေရတာဆိုတော့ မြန်မာပြည်က 'တို့တာဝန်အရေးသုံးပါးတို့ ဘာတို့' ထည့်ထည့် ကြေညာနေရသလိုနဲ့ ထပ်တူ ၀ါဒဖြန့်တာ ဖြစ်နေပါတော့တယ်။

အဲဒါကို သတိထားမိတဲ့ Deadspin ဆိုတဲ့ အားကစားသတင်းဆိုက်က အဲသည် စတေရှင် ၁၉၀က သတင်းသမားတွေ ထပ်တူပြောတဲ့ စကားတသံတည်းကို စုစည်းပြီး ထုတ်လွှင့်ပြလိုက်တဲ့ဆီမှာ မီဒီယာကို အလွဲသုံးစား ၀ါဒဖြန့်နေတာ ဗူးပေါ်သလို ပေါ်ကုန်ကြတော့တာပါပဲ။ 

စင်ကလဲယာအုပ်စုက Fox လို လက်ယာစွန်းရောက်တဲ့ သတင်းဌာနအုပ်စုပါ။ FOX ကတော့ ကေဘယ်နယူးစ် ဖြစ်ပါတယ်။ တပြည်လုံးလွှင့်တာပေါ့။ စင်ကလဲယာကတော့ မြို့နယ်အလိုက် ထုတ်လွှင့်တဲ့ မြို့ခံတီဗီစတေရှင်လေးတွေကို ၀ယ်ထားပြီး မြို့နယ်အလိုက်ပဲ လွှ့င်တဲ့ အုပ်စုဖြစ်ပါတယ်။ သူက အခုဆိုရင် Tribune Media ဆိုတဲ့ အခြားတီဗီအုပ်စုတခုကို ၀ယ်ဦးမှာတဲ့။ ဒါဆိုရင် တပြည်လုံးက မြို့နယ်တီဗီတွေအတော်များများ စင်ကလဲယာအောက်ရောက်ပြီး လူတိုင်း သူတို့မြို့တီဗီဖွင့်တိုင်း - "မီဒီယာတွေဟာ ဒီမိုကရေစီကို အကြီးအကျယ် ခြိမ်းခြောက်နေပါပြီ။" ဆိုတဲ့ တသံတည်း ဦးနှောက်ဆေးခိုင်းတဲ့အသံ ကြားနေကြရတော့မှာ စိုးရိမ်စရာပါ။

အမေရိကားမှ အဲသလို စီးပွားရေးလုပ်ငန်းခွင်တခုတည်းမှာ တဦးတည်း မောင်ပိုင် လက်ဝါးကြီးအုပ်ခွင့်ကို တားမြစ်တယ်၊ မြို့နယ်အလိုက် တဦးချင်း ပိုင်ဆိုက် ယှဉ်ပြိုင်ခွင့်ကို အကာအကွယ်ပေးတယ်ဆိုပေမယ့် လက်ရှိ ဒေါ်နယ်ထရန့်လက်ထက်မှာ သူတို့နဲ့ သဘောချင်းမျှတဲ့ စင်ကလဲယားကိုတော့ မျက်စိမှိတ်ချင် မှိတ်ထားမှာပါ။ ထရန့်ဟာ သူ့ကိုဝေဖန်တဲ့ Washington Post သတင်းစာကို ပိုင်တဲ့ Amazon လုပ်ငန်းရှင် Jeff Bezos ကိုတော့ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပါတယ်။ Amazon လုပ်လို့ အမေရိကန်စာတိုက်လုပ်ငန်း ဈေးနှိမ်ခံနေရတာ စသည်ဖြင့် ပြောနေပါတယ်။ အမေရိကန်တွေကို အားပေးလည်း ဆိုသေး အမေရိကန်တွေ ပြည်တွင်းမှာ အလုပ်ဖြစ်နေတာကိုတော့ သူ့ဘက်သားမဟုတ်ရင် တိုက်ခိုက်နှိမ်နင်းချင်တာ ထရန့်တို့ စင်ကလဲယားတို့ သဘာဝဖြစ်မယ် ထင်ပါတယ်။

စင်ကလဲယာအုပ်စုဟာ သူတို့ပိုင်တဲ့ တီဗီဌာနတွေကနေ အတိုက်အခံတွေ ဒီမိုကရက်တွေ လက်ဝဲယိမ်းသဘောထားတွေ မီဒီယာကြီးတွေကို အမြဲတစေ ဦးတည် တိုက်ခိုက် အပုတ်ချလေ့ ရှိပါတယ်။ မီဒီယာတွေက ဘက်မလိုက်ဘူးဆိုပေမယ့် သူတို့ကတော့ ဘက်လိုက်သတင်းတွေ သဘောထားတွေ အာဘော်တွေ ထုတ်ဖော် လွှင့်ထုတ်နေကြဖြစ်ပါတယ်။ အခုလို ပြင်ပမီဒီယာတွေက သူတို့သတင်းတွေကို ဖော်ထုတ် ဝေဖန်လိုက်ကြတော့ ထရန့်ကတော့ စင်ကလဲယားဘက်က ကာကွယ်ပြောကြားပါတယ်။ သူ့တွစ်တာအကောင့်ကနေပါ။ 'စင်ကလဲယာကို ဘက်လိုက်တယ် ပြောကြတော့ ရယ်တောင် ရယ်ချင်သေးတယ်။ စင်ကလဲယာဟာ CNN တို့ NBC တို့ထက် အများကြီး သာလွန် မြင့်မြတ်ပါတယ်။ ဒါဟာ ပြက်လုံးသက်သက်မျှသာ" တဲ့။

မီဒီယာတွေ စာနယ်ဇင်းတွေဟာ ဒီမိုကရေစီ၏ တန်ဖိုးတခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ထုတ်လွှင့် ပုံနှိပ်ခွင့်ကို အာမခံခြင်း စောင့်ရှောက်ခြင်း မြှင့်တင်ခြင်း ကာကွယ်ခြင်းကို ပြုလုပ်ရပါတယ်။  အမှန်နဲ့ အမှားကိုလည်း ခွဲခြားရပါတယ်။ အချက်အလက်နဲ့ အထင်အမြင်တွေကိုလည်း ခွဲပြရပါတယ်။ ဘက် ၂ ဘက်က အမြင်ကိုလည်း တင်ပြရပါတယ်။ အဲသည် ဒီမိုကရေစီတန်ဖိုးကို ထိခိုက်လာရင် သူတို့တွေဟာ သူတို့စည်းမကျိုးပေါက်အောင်လည်း စောင့်စည်း တွန်းလှန်ပေးရပါသေးတယ်။ အဲသည်လို မဟုတ်ပဲ အကျိုးစီးပွားကြည့် ဘက်လိုက်တင်ဆက်မှုတွေလုပ်လာရင်တော့ စာနယ်ဇင်းတွေရဲ့ စည်းကျိုးပေါက်ပါတယ်။ ဒီမိုကရေစီရဲ့ တန်ဖိုးလည်း ထိခိုက်နစ်နာ ပျက်စီးစေပါတယ်။ ပြည်သူတွေရဲ့ အသိဥာဏ်ပညာတန်ဖိုးကို ဖျက်ဆီးစေသလို ဖြစ်ပါတယ်ခင်ဗျား။



https://theconcourse.deadspin.com/video/3499981?utm_medium=sharefromsite&utm_source=The_Concourse

https://www.npr.org/sections/thetwo-way/2018/04/02/598794433/video-reveals-power-of-sinclair-as-local-news-anchors-recite-script-in-unison


Comments