နိုင်ဝင်းသီ - လွင့်​​မျောတ​စ္ဆေ
(အက်ဆေးလှည်းတန်း ၄ စာအုပ်မှ) မိုးမခ၊ ဧပြီ ၁၊ ၂၀၁၈

( တစ် )
မြို့ပြဟာ မိုးရေစက်တွေအောက်မှာ နစ်မြုတ်ငြိမ်သက်လို့ ...
ရူးနှမ်းနေတဲ့မိုးတိမ်တွေဟာ သွေးရူးသွေးတန်း ပြေးလွှားအော် ဟစ်လို့။  
မိုးလေဟာ တရှပ်ရှပ် ... 
လျှပ်နွယ်တွေဟာ တဝင်းဝင်း ... 
"မနိုးပါစေနဲ့မိုးရယ်"ဟာပြန်လည်လို့ မရနိုင်တော့တဲ့ ကျွန်တော်တို့ရဲ့လူငယ်ဘဝ။ 
နှစ်ပေါင်း သုံးဆယ်ကျော်လေးဆယ်နီးပါး ကြာမြင့်ခဲ့ပြီပေါ့။ 
"မနိုးပါစေနဲ့မိုးရယ်"ကို  စွဲမက်နေသော လူတစ်ယောက်ဖြစ်နေဆဲ။

သီချင်းလေးကိုက အလွမ်းပြဇာတ်​လေး တစ်ပုဒ်ကို ငေးငေးရီရီ ထိုင်ကြည့်နေရသလို ထိခိုက်ကြေကွဲစရာကောင်းနေသည်။ နားထောင်မိလေတိုင်းလည်း အသံများရဲ့ ကြည်လင်လှပမှုထဲမှာ အမြဲတမ်းနစ်မျော
သွားခဲ့။  လူငယ်ဘဝထဲကို လက်ဝဲဆန်သော အယူအဆနှင့် ​တော်လှန်စာပေအရိပ်တွေ ထိုးကျ​နေခဲ့သော်လည်း ဂီတဟာမွန်းကျပ်နေတဲ့ လူငယ်ဘဝရဲ့ ထွက်ပေါက်တစ်ခု ...

ညဘက်ဆိုရင် ကော်မက်သာဇင်လား။
မားလား။ ဘီအီးလား။
အားလုံးဟာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်။
ကိုယ့်အုပ်စုနဲ့ ကိုယ်။
သည့်ထက်အဆင်ပြေသည့် လူတွေကတော့ အရေပြားထဲကို အပ်ဖျားနှင့် ဆစ်ကနဲ ထိုးသွင်းလိုက်ကြ။
ခေတ်ကြီးထဲကနေ ထွက်ပြေးခဲ့ကြတာလား။
 ငြိမ်းအေးရာ နယ်မြေသစ်​ တစ်​ခုဆီရွက်လွှင့်ခဲ့ကြတာလား။
ကိုယ့်ဟာကိုယ် သိပ်​ ပြီးမသဲကွဲလှသော်လည်း ပျော်ရွှင်မှုတွေဟာ ကျွန်တော်တို့ဆီမှာ ပါးလျ​ပျောက်ဆုံးနေခဲ့
ကတော့ အ​သေအချာ။
ညတွေဟာမူးမူးရီရီ၊ သီချင်းတွေဟာ မူးမူးရီရီ ၊ နာရီသံချောင်းခေါက်သံတွေဟာ မူးမူးရီရီ ၊ ဆင်းရဲဒုက္ခတွေဟာလည်း မူးမူး ရီရီ ဖြစ်ခဲ့ရတဲ့ နှစ်ကာလတွေပေါ့။

ဒီလိုနှင့်ပဲ .....
မိုးနှင့်ပတ်သက်ပြီး လွှမ်းမိုးရဲ့မိုးစက်​တင်လေ၊ မင်းအောင်ရဲ့ မြမျက်ရည်မိုး၊ ကိုမြကြီးရဲ့ မိုး ၊ အဲဒီမိုးကိုပဲ ခံစား ပြန်ဆိုထားခဲ့တဲ့ ခင်ညွန့်ရည်ရဲ့ မိုး၊ ပြီးတော့ အလင်္ကာ​ကျော်​စွာ ဆရာစောင်းဦးဘသန်းရဲ့ လျှပ်ပန်းခွေနွဲ့
စောင်းညှင်းလုံးလေးတွေ ...
ပြီးတော့ ယမကာလေး ယစ်ယစ်ထွေထွေနှင့် မနိုးပါစေနဲ့ မိုးရယ်ကို ထိခိုက်ကြေကွဲစွာ ဆိုညည်းလေ့ရှိသည့် သူငယ်ချင်းတစ်ယောက် ...ပြီးတော့ မိုးရေစက်များ ...
ပြီးတော့ လှည်းတန်း ...အင်းလျား...လမ်းနီလေး ....ပြီးတော့ အေးစက်ကြမ်းရှသောလေရိုင်းတွေ ဖြတ်တိုက်သွားခဲ့ရာ နှစ်​ကာလများ ...
အာရုံဟာ မိုးရေစက်တွေထဲကို တွန့်လိမ်ကောက်ကွေးပြီး တိုးဝင်သွားခဲ့တာ။ မိုးတိမ်တွေဟာ မြို့ပြထဲကို တဖြည်းဖြည်းနဲ့ နိမ့်ဆင်းလာခဲ့တာ။မိုးဟာ ​လောကသုံးပါးထဲကို ဘာအဆက်အစပ်မှ မရှိပါဘဲနဲ့ လွင့်စဉ်
ကျရောက်နေခဲ့တာ။ စိတ်ဟာ လမ်းနီလေး၊ကုက္ကိုင်းလမ်းဆုံ၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်း၊ ခြောက်
မိုင်ခွဲ၊ အင်းလျားကန်၊ လမ်းနီလေးထိပ်က ကိုဆန်းတို့ ညီအစ်ကိုရဲ့လက်ဘက်ရည်ဆိုင်လေး၊ သမိုင်း ခဝဲခြံ လမ်းနီလေး ပြေးဆွဲနေတဲ့ ကားလေးဂိတ်။ အာရုံဟာ တရှပ်ရှပ်နဲ့လွင့်ပြေးနေရာက လှည်းတန်းထဲကို ပွတ်သပ်တိုးဝင်လာခဲ့။

ဝင်းဆံသ၊ နွားဖြူဘိနပ်ဆိုင်၊ ရွှေဝါဖူးဓာတ်ပုံတိုက်၊ D . Mate ၊ ဂိုးရှိုး ၊ မာလာဆောင်၊ ရတနာဆောင်၊ သီရိဆောင်၊ ညဥ့်နက် ထမင်းကြော်ဆိုင်လေးများ။ အဲဒီတုန်းက လှည်းတန်းဟာ အခုလို ဘီဗာလီတောင်ကုန်းဆန်သော အရပ်ဒေသ မျိုးမဟုတ်သေး။ နွယ်ရိပ်သစ်ရိပ် စိမ်းစိမ်းနဲ့၊ မြေလမ်းလေးတွေနဲ့၊ ပျဉ်ထောင်အိမ်လေးတွေနဲ့၊ စာအုပ်အငှားဆိုင်လေးတွေနဲ့၊ တိတ်ခွေအငှားဆိုင်လေးတွေနဲ့ ၊ လူမသိသူမသိ အရက်အိမ်လေးတချို့နဲ့ ခေတ်တွေကို တစ် ခေတ်ပြီးတစ်ခေတ် ...နှစ်တွေကို တစ်နှစ်ပြီး တစ်နှစ် အေးစက်လေးကန်စွာနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကွန်တမ်ပိုရာရီလှည်းတန်းပေါ့။
အဲဒီ ကွန်တမ်ပိုရာရီ လှည်းတန်းထဲမှာပဲ "လှည်းတန်းကပ်စ်ထရို " ကို စတင်​တွေ့ရှိခဲ့ရတာပါပဲ။ အဲဒီ ကာလတွေတုန်းက လှည်းတန်းက အဆောင်တော်တော်များများမှာ သူ့ရဲဝပ်ကျင်းလေးတွေ အသေအချာ ရှိခဲ့ဖူးပါတယ်​။ ဦးထွန်းလင်းခြံ၊ စပယ်ခြံ၊ ​ဇေယျာသီရိလမ်း၊ ၂ လမ်း၊ ၆ လမ်း။ အမြဲတမ်းလိုလို အိမ်အပြန် ညဥ့်နက်လေ့ရှိတဲ့ သူ့အရိပ်ကို အဲဒီလမ်းကလေးတွေဟာ အသေအချာ မှတ်မိနေခဲ့ပြီ။ လမ်းကလေးထဲကို ခြေသံတရှပ်ရှပ်နဲ့ နောက်ဆုံးမှ ဝင်လာခဲ့ရင် သူမှတစ်ပါး အခြားလူမရှိပြီ လို့ ပြောလို့ရအောင် အမြဲတမ်း အိမ်အပြန်​ ​နောက်ကျတတ်တဲ့ လူ။ အဲဒီလို အမူအကျင့်​​တွေကြောင့်လည်း ဘယ်လိုအ​ဆောင်မျိုးမှာမှ သူဟာ အဆင်မပြေခဲ့။

ကပ်စ်ထရိုဆောင်းလေ့ရှိတဲ့ ဦးထုပ်​မျိုးကို ​တော့သူ ဆောင်းတတ်ပါတယ်။ ကပ်စ်ထရိုလို မုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေကိုလည်း သူ့ရဲ့မျက်နှာပေါ်မှာ အခါမလပ် မြင်​​တွေ့ရတတ်ပါတယ်။ ကပ်စ်ထရိုဂိုက် ဘယ်
လောက်ပဲဖမ်းဖမ်း ဆေးပြင်းလိပ်နံ့ကိုတော့ သူ ဘယ်လိုမှမခံနိုင်ပါဘူး။ ဟာဗားနားဆေးပြင်းလိပ်ကိုတော့ အလကားလာ​ပေးတောင် မသောက်ဘူးကွာ။ ကိုယ်တို့ကတော့ Three Lion ပဲတဲ့။Three Lion ဆိုတာ ခြင်္သေ့သုံး​ကောင် ဆေးပေါ့လိပ်ကို ​ပြောတာပါ။
မဆလခေတ်ကြီးကို က ပ ရ "၈"စီးပြီး ရွေ့လျားခဲ့ရတဲ့ ရက်စွဲတချို့မှာ လှည်းတန်းကပ်စ်ထရိုနဲ့ ကျွန်တော်ဟာအင်းလျားညတွေကို လွမ်းမောစရာကောင်းလောက်အောင် ဖြတ်သန်းခဲ့ကြပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ဌာနကြီးတစ်ခုကနေ အင်းလျားထဲမှာရှိတဲ့ လှေလှော်ရွက်တိုက်စခန်းတစ်ခုမှာ တွဲထားတဲ့ လူငယ်တစ်ယောက်။ ဘုတ်ကလပ်လို့ ခေါ်တဲ့ လှေလှော်ရွက်တိုက်အသင်းမှာ ကျွန်တော့်​ ဂျူတီရက်​မျိုးဆိုရင်​ လှည်းတန်းကပ်စ်ထရိုဟာ ညနေ လေးနာရီလောက်ကတည်းက ကျွန်တော့်ဆီကိုရောက်နှင့်နေခဲ့ပြီ။ သူလာရင် ဘီအီးတစ်လုံးပါလာမယ်။ သိပ်အဆင်ပြေတဲ့ရက်မျိုးဆိုရင် ရမ်ပေါ့။ မန္တလေးရမ်ပေါ့။ ဂစ်တာတစ်လက်ပါလာမယ်။ တစ်ခါတစ်ခါ မယ်ဒလင်။ တစ်ခါတစ်ခါ ဝါးပတ္တလားလေးကိုတောင် လိပ်ပြီးယူလာခဲ့တတ်သေးတယ်​။ ဂစ်တာတီးပြီး သီချင်းဆိုရင်တော့ သန်းနိုင်၊ ဘိုဘိုဟန်၊ ခိုင်ထူးသီချင်းတွေ သူဆိုတတ် ပါတယ်။ ရေချိန်အမြင့်ဆုံးရောက်လာခဲ့ရင် လမ်းဆက်လျှောက်မယ်ကို အပြင်းထန်ဆုံး ပေါက်ကွဲပြီး ဆိုလေ့ရှိတာပေါ့။ နောက် ရှိပါ သေးတယ်။ 

အထင်ကရ အလှ တို့တတွေမပါ ...
နှစ်ယောက်သား ဘဝကွာခြား .......
အညတြ ကိုယ့်အခြေဟာ
 အောက်တန်းကပါလား ....
သန်းနိုင်ရဲ့ ပကာသနဇာတ်ပျက်သမားပေါ့။
ဘုတ်ကလပ်ထဲမှာကလည်း အော်ချင်သလောက်အော် ၊ ဟစ်ချင်သလောက်သာဟစ်၊ ညကြီးတစ်ခုလုံး ပွင့်ထွက်သွားအောင် အော် ဟစ် ပစ်လိုက်။ ဘာပြဿနာမှ မရှိဘူးဆို​တော့ ကျွန်တော်ဂျူတီကျတဲ့ ရက်မျိုးဆိုရင် သူဟာ ဘုတ်ကလပ်ရဲ့ဝိုင်းတော်သားတစ်ဦး​ပေါ့။ ညဥ့်သိပ်နက်လာခဲ့ရင် လှည်းတန်းထဲမှာ ပေါက်ကွဲဖို့ရာ သူ့အတွက် အဆင်သိပ်မ​ပြေ​နိုင်​​တော့ဘူးမို့လား။ ဘုတ်ကလပ်ဝန်းကျင်မှာတော့ မှောင်သွားပြီဆိုတာနဲ့ ပိုးကောင်မွှားကောင်တွေရဲ့ တစီစီမြည်အော်သံတွေကိုသာကြားနေရတာပါ။ ညဥ့်နက်လာ​လေ တိတ်ဆိတ်လာလေလေမို့ ဘုတ်ကလပ်မှာ ဂျူတီစဝင်ရတဲ့ရက်တွေတုန်းကဆို စိတ်ဟာချောက်ချောက်ချားချား ဖြစ်ခဲ့ဖူးတာပေါ့ ။ မီးရောင်မရှိရတဲ့ကြားထဲ ဝန်းကျင်တစ်ခုလုံးကပါ တိတ်ဆိတ်နေလေ​တော့ လှေရုံထဲမှာ မှောက်ထားတဲ့ ရှည်မျော​မျော ​လှေကြီးတွေကို မြင်တွေ့​နေရတာဟာ လူသေအလောင်းကောင်​​တွေကို တန်းစီ ချထားတဲ့ အတိုင်းပဲ။ အရမ်းတိတ်ဆိတ်နေတဲ့ သန်ကောင်သန်လွဲညမျိုးဆိုရင် အဲဒီရှည်မျောမျော အလောင်းကောင်ကြီးတွေဟာ ​ငေါက်ကနဲ ထထိုင်လာမှာလားလို့တောင် ထင်မှတ်ရပါရဲ့။
လှည်းတန်းကပ်စ်ထရိုဟာ ရှုပ်ထွေး လှုပ်ခတ်နေတဲ့ လှည်းတန်းထဲမှာနေပေမယ့်  တိတ်ဆိတ်အေးစက်နေတဲ့ ညမျိုးကိုစွဲမက်ခုံမင်တဲ့ လူတစ်ယောက်ပါ။ တိတ်ဆိတ်နေတဲ့ ညထဲကိုယမကာလေး ရီရီဝေဝေနဲ့ သီချင်း
လေးတွေဆိုပြီး တိုးဝင်သွားချင်တဲ့လူပေါ့။ ဘာကိုမှမျှော်လင့်လို့မရတဲ့ ခေတ်ကြီးထဲက​နေပြီး ဘာကိုမှ မျှော်လင့်မထားခဲ့တဲ့ လူထူး လူဆန်းတစ်ယောက်ပေါ့။ ကျွန်တော်မှတ်မိ ​နေသေးတယ်။ အဲဒီ ကာလတုန်းက အနက် ရောင် 929 တွေကို ပြည်လမ်းပေါ်မှာတွေ့ ​တွေ့၊ ကမ္ဘာအေးဘုရားလမ်းပေါ် ​တွေ့တွေ့၊ ​တွေ့တဲ့နေရာမှာ သူ ​ဒေါသတကြီးနဲ့ ဆဲဆိုတတ်ပါတယ်။ နောက်ပိုင်းကျတော့ 929တင် မကတော့ဘူး။ 323 ကားရောင်စုံ တွေ့ ရင်လည်း ဆဲတော့တာပဲ။ သိပ်ပြီးပေါက်ကွဲ လာတဲ့ရက်မျိုးဆို ဘာပြောကောင်းမလဲ။ မာဇဒါဂျစ်အစိမ်း စီးလာတဲ့လူတွေကိုပါ သူ ဆဲလေ့ရှိပါတယ်။ မဆလ ​ခေတ်ဆိုးကြီးထဲမှာ ဒီလူတွေဟာ သူတို့နည်း သူတို့ဟန်နဲ့ အခွင့်ထူးတွေ ရနေကြတဲ့ အခွင့်ထူးခံ လူတန်းစားတွေပဲ မဟုတ်လား။
လမ်းဆက်လျှောက်မယ်၊ ရွှေတောင်ကြား၊ အားလုံးကို ကျော်ဖြတ်ရမယ်၊ အတ္တသမားကျွန်တော် ... လို သီချင်းတွေနဲ့ ညဟာ ဆူပွက်တုန်ခါသွားပြီလား။ လက်ကျန်အရက်ခွက်ကို တစ်ချီတည်း မော့ချလိုက်ပြီး " ဖွီး... မီးခဲတွေကို မျိုချလိုက်ရတဲ့အတိုင်းပါပဲလားကွာ" ဆိုပြီး ညည်းညူပြလိမ့်မယ်။ သူဟာအရက်ခွက်ထဲကို ဘယ်တုန်းကမှ ရေရောခဲ့တဲ့လူ မဟုတ်ပါဘူး။ အရက်ခွက်နဲ့ ရေခွက်ကို တစ်လှည့်စီ မော့လိုက်၊ အမြည်းလေး တစ်ဖတ်နှစ်ဖတ် ကောက်ဝါးလိုက်နဲ့ တအောင့်လောက်နေရင် ဂစ်တာအစား မယ်ဒလင်ကို သူကောက်ကိုင်
လိမ့်မယ်။ စောင်း ကိုသိန်းဖေရဲ့ အချစ်ရေကို  မယ်ဒလင်​​လေးတီးပြီး ​ဆွေးဆွေးမြည့်မြည့်နဲ့ သူဆိုပြလိမ့်မယ်။ အဲဒီလို အချိန်မျိုးဆိုရင် လရောင်မှုန်မှုန်အောက်က အင်းလျားညဟာ  အချစ်​​ရေ ....အချစ်​​ရေ .......စကားလုံး​တွေ ​အောက်​မှာ လွမ်းလွမ်းရီရီ ​ကြေ​ကြေကွဲကွဲ။
တစ်ခါတစ်ခါမှာတော့ စိတ်ဟာဘယ်လို ထွေပြားသွားတယ်မပြောတတ်။ လှေရုံထဲမှာ ဖယောင်းတိုင်မီးလေးထွန်းပြီး ဝါးပတ္တလားလေးကို သူ့ဟာသူ တစ်ယောက်တည်း တီးနေတတ်ပါတယ်။  သူ့ရဲ့ ဝါးပတ္တလားသံ​ ထုံထုံရီရီ​လေးကို ကြားလိုက်ရရင် ဘုတ်ကလပ်မှာနေတဲ့ ကြီးမြင့်လို စိတ်ကြမ်းကိုယ်ကြမ်းနဲ့ အရိုင်းထည်ကြီးတောင်မှ ငြိမ်ကျသွားပြီးညိုမှောင်​ တိတ်ဆိတ်နေတဲ့ အင်းလျားရေပြင်ကို ရီ​ဝေ ​ဝေမျက်လုံးကြီးတွေနဲ့​ငေးကြည့်နေတတ်ပါတယ်။ တလွန့်လွန့် လှုပ်ခတ်နေတဲ့ ​ရေပြင်ထဲမှာတော့ ညဥ့်နက်ကြယ်တစ်အုပ်ဟာ တဆတ်ဆတ်နဲ့ တုန်ရီလို့ပေါ့။ လှေရုံရဲ့ အ​နောက်ဖက်ဆီက လေစိမ်းတွေတရှဲရှဲနဲ့ တိုးဝင်လာခဲ့ရင်တော့ ယိမ်းနွဲ့နေတဲ့ဖယောင်းတိုင် မီးတောက်လေးရဲ့​အောက်မှာ သူ့ရဲ့အရိပ်မည်းမည်းကြီးဟာ ရှည်မျောတွန့်လိမ်
သွား။ အေးစက်ပြာမှိုင်းနေတဲ့ အင်းလျားညဟာလည်း ရှည်မျောတွန့်လိမ်သွား။ ဝါးပတ္တလားလေးဆီကထုံရီမျောလွင့်လာတဲ့  ဝေဇယန္တာပတ်ပျိုးဟာလည်း ရှည်မျောတွန့်လိမ်သွား။ နောက်ဆုံး ကျွန်တော်တို့ရဲ့ ရင်ခုန်
သံတွေပါ ရှည်မျောတွန့်လိမ်သွားခဲ့တဲ့ အင်းလျားရဲ့ ညပြာရိုင်းများ။
သူဟာ ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို မယ်ဒလင်ကိုလည်း အသံသာအောင် သပ်သပ်ရပ်ရပ်လေးတီးနိုင်တဲ့လူပါ။  ဂီတနှင့်ပတ်သက်ပြီး အဆိုရော၊ တီးခတ်မှုအပိုင်းမှာပါ အဲဒီလို လက်စလက်န ရှိသော်ငြားလည်း အင်းယားဆောင်၊ မာလာဆောင်၊ ရတနာဆောင်၊ သီရိဆောင် ည​တွေအစား လူသူ အရောက်အပေါက် လုံးဝ မရှိ​လေတဲ့ အင်းလျားရဲ့ ညတွေကိုသာ သူဟာချစ်မက် စွဲလမ်းခဲ့ပါတယ်။ ဘုတ်ကလပ်ညတွေပေါ့။
လှည်းတန်းသားတစ်ပိုင်းဖြစ်နေခဲ့ပေမယ့် သူ ကျင်လည်ခဲ့ဖူးတဲ့ တက္ကသိုလ်အကြောင်းကို ဘယ်တုန်းကမှသူ မပြောဖူးဘူး။ အင်္ဂလိပ်စာ​တော့ အရမ်းကောင်းတဲ့လူပါ။ ဟာရိုးရော်ဘင်နဲ့ အာသာဟေလီစာအုပ်တွေကို မူရင်းအတိုင်း ဖတ်ခဲ့တဲ့လူပေါ့။ သူ့ကြောင့်ပဲ ဂျက်ဟစ်​ဂင်၊ ဆစ်ဒနီရှယ်လ်ဒန်၊ ရော်ဘင်ကွတ်....... ​တော်တော်များများရှိပါတယ်။ သူမိတ်​ဆက်​​ပေးလို့ ကျွန်တော်ဖတ်ခဲ့ရတာပါ။ ကိုယ်တွေကတော့ ဘာသာပြန်တွေကို ရှာပြီးဖတ်ရတာပေါ့။

ညထဲမှာ လွင့်မျောနေရင်းနဲ့ အင်းလျားပေါ်မှာ နက္ခတ်တာရာတွေစုံလင်လာပြီဆိုရင် လှည်းတန်းကို သူ သတိပြန်ရသွားပါပြီ။ အရက်တွေလည်းကုန်၊ အမြည်းတွေလည်းကုန်၊ သီချင်းတွေလည်း ကုန်စင်သွားရုံမက
ခံစားချက်တွေဟာလည်း ပါးလျသွားခဲ့ပြီ မဟုတ်လား။ အူထဲမှာ တကြုတ်ကြုတ်နဲ့ အော်မြည်လာပြီး အားလုံးဟာ ဆာလောင် မွတ်သိပ်လာပါပြီ ။ ကျွန်တော်တို့ရဲ့ ပါစကမီးတွေ ​တောက်လောင်လာတာက ညဦးပိုင်းဆိုရင် ပြဿနာ သိပ်မရှိလှပါဘူး။ ဘုတ်ကလပ်ထဲမှာ ငါးရှာဖားရှာလုပ်လို့ရတဲ့ တံငါလှေလေးတစ်စီးရှိပါတယ်။ အဲဒီလှေလေးနဲ့ အင်းလျားရဲ့ ဟိုဘက်အခြမ်းကို ဗေဒါပင်တွေကြားကနေပြီးကပ်ကပ်သပ်
သပ်​လှော်ခတ်သွား။အဲဒီတုန်းက လစ္စဒေါင်းကထွက်တဲ့ ဗိုက်ပူ ၁၆ လိုင်းဟာ ကုက္ကိုင်းလမ်းဆုံမှာ ဂိတ်ဆုံးပါတယ်။ တက္ကသိုလ်ရိပ်​သာလမ်းဘက်အခြမ်းပေါ့။ အဲဒီ ၁၆ဂိတ်ဆုံးကားတွေထိုးရပ်ထားတဲ့ ​နေရာနား​လေးမှာပဲ လက်လုပ်လက်စားမိသားစုတွေ ​ရောထွေးစိမ့်ဝင်နေတဲ့ အဝန်းအဝိုင်းလေးတစ်ခု ရှိပါရဲ့။ စုံစီနဖာပြဿနာမျိုးစုံနဲ့ အမြဲတစေဆူညံ ပွက်လောရိုက်နေတတ်တဲ့ အိုအေစစ်အပူ​လေးပေါ့။ အဲဒီ အိမ်စုလေးတွေထဲမှာ ကျွန်​တော်တို့ မကြာခဏ ​ရောက်​ ​ရောက် သွားတတ်​တဲ့ အမိုးတို့ရဲ့ ဆိုင်လေး ရှိပါတယ်။ အိမ်သေးသေးလေးထဲမှာ ဖွင့်ထားတဲ့  အိမ်ဆိုင်လေးပါ။ အမိုးလက်ရာ ဆိတ်ပဲနဲ့ ကြက်ခေါင်းသုတ်ကိုတော့ သူတအားကြိုက်လှတယ်။ နံနွင်းတွေ ဝါထိန်နေတဲ့ အာလူးစိတ်လေးတွေနဲ့ ကုလားပဲလုံးကို နူးနေအောင်ပြုတ်ပြီး မန်ကျည်းရည်ရွှဲရွှဲနဲ့ ရောထွေး နယ်ဖပ်ထားတဲ့ ကုလားပဲလုံးသုတ်ကိုလည်း သူ အရမ်း ခံတွင်းတွေ့တယ်။ အရက်ကတော့ ဘီအီးပေါ့။ တစ်ခါတစ်ခါမှာတော့ ဂျန်းဂဲလ်လို့ခေါ်တဲ့ ထွေးညိုပေါ့။
ဘာပဲပြောပြော ကျွန်တော်တို့ဟာ ​ပျော်ရွှင်ခဲ့ပါတယ်။ ကုန်လုပ်ဆက်ဆံရေးတို့၊ ကုန်ထုတ်စွမ်းအားစုတို့၊ လူနှင့် ရုပ်ပတ်ဝန်းကျင်တို့၏ အညမညဖြစ်စဉ်တို့၊ နှစ်တိုနှစ်ရှည် စီမံကိန်းတို့လို စကားလုံးတွေနဲ့ မချိမဆန့် ပစ်
ပေါက်ခံခဲ့ရတဲ့ မြန့်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကြီးထဲမှာ ကျွန်တော်တို့ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ရွှင်စရာ အသက်ဇီဝဓာတ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ လူတွေပေါ့။ အရှေ့တောင်အာရှမှာ အချမ်းသာ အကြွယ်
ဝဆုံးဖြစ်ခဲ့တဲ့ မြန်မာပြည်ကြီးကို ကုန်း​ကောက်စရာ မရှိရ​လေ​အောင် စီမံအုပ်​ချုပ်​သွားခဲ့တဲ့ သွားလေသူ ​ဂျော်ကီကြီးကိုလည်း ​ကျေးဇူးတွေ တစိမ့်​စိမ့်​ တင်ရပါသေးတယ်။
အဲဒီ အမိုးဆိုင်လေးမှာ ညဥ့်နက်သွားလို့ အမိုးက ချော့မော့ပြန်ခိုင်းပြီဆိုရင် လှည်းတန်းကို ကျွန်တော်တို့ချီတက်ရပြီပေါ့။ အမိုးဆိုင်လေးထဲကနေပြီး ဟိုတိုးဒီတိုး၊ ဟိုကွေ့ဒီကွေ့နဲ့ အိမ်ကြိုအိမ်ကြားလေးတွေ
က ထွက်လာလိုက်ရင် ၁၆ ဂိတ်ဆုံး ကုက္ကိုင်းလမ်းဆုံပေါ့။ အဲဒီအချိန်ဆို ဘာကားမှလည်း ရှိတာမဟုတ်ဘူး။ ဒါပေမယ့်ကျွန်တော်တို့ဟာ ကုက္ကိုင်းလမ်းဆုံနဲ့ လှည်းတန်း။ လမ်းနီ​လေးနဲ့ လှည်းတန်းကို မကြာခဏ ဆိုသလို လမ်းလျှောက်သွားခဲ့ကြဖူးပါတယ်။ ညမှောင်မှောင် လမှောင်မှောင်ထဲက မဆလ​ခေတ် ​မှောင်မှောင်ကြီးထဲမှာ မူးရီ ယိမ်းထိုးနေတဲ့ ကျွန်တော်တို့ရဲ့ ခြေသံတွေဟာ တဖျတ်ဖျတ်နဲ့။ ကားမီးရောင်တွေက
လည်း တစ်ချက်တစ်ချက် ကျွန်တော်တို့ရဲ့ ကိုယ်ပေါ်မှာ လင်းဖြူစူးရှလို့ ။ မူနွဲ့တဲ့ ရယ်​ ​မောသံလေးတွေကလည်း တစ်ခါတစ်ခါမှာ ကားပေါ်ကနေ လွင့်စဉ်ကျရောက်လို့ ။
လှည်းတန်းထဲရောက်သွားပြီဆိုရင်တော့ ကျွန်တော်တို့ဟာ မီးကို စတင်တွေ့ရှိခဲ့တဲ့ ကမ္ဘာဦး လူသားတွေလိုပေါ့။ အစာရေစာ စားနပ်​ရိက္ခာတွေကို ဖြည့်တင်းလို့ရပြီပေါ့။ လမ်းနီလေး၊ ကုက္ကိုင်းလမ်းဆုံ၊ လှည်းတန်း
ရဲ့ မူးရစ်ဝေသော လွမ်းမောစရာ အလွမ်းညတွေပါပဲ။
သူ့မြို့က လူကြုံနဲ့ ငွေပို့လိုက်လို့ သိပ်ပြီး အဆင်ပြေတဲ့ရက်မျိုးဆိုရင် လှည်းတန်းကနေ ၈ စီးပြီး ဆူးလေကို တက်​ညီလက်​ညီနဲ့ ချီတက်ကြပါတယ်။ အဲဒီအချိန်တုန်းက အိုရီယင့်တို့၊ နန်းသီတာတို့မှာ မန္တလေးဘီယာ
တစ်လုံးမှ မြန်မာငွေ တစ်ဆယ်ကျပ်​ပဲ ပေးရတာပါ။  

ကျွန်တော် ဘုတ်ကလပ်မှာ ရှိနေတုန်းမှာပဲ မြို့ကို ခဏပြန်ဦးမယ်ကွာဆိုပြီး သူ့မြို့ကို ပြန်သွားခဲ့လေတယ်။ သူ့မြို့ဆိုတာက မင်းလှလား၊ အုတ်ဖိုလား။ ကျွန်တော့်အမှတ်သညာ​ထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ။  တစ်ပတ်လည်းမလာ။ နှစ်ပတ်လည်း မလာ။ တစ်လလည်းမလာ။ နှစ်လလည်းပေါ်မလာနဲ့ အဲဒီအချိန်ကတည်းက ကျွန်တော်နဲ့ သူဟာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ ပါတယ်။ ဂျူတီဝင်ရတဲ့နေ့မျိုးဆိုရင် သူများ
ရောက်လာလေမလား။ လမ်းနီလေးထိပ်ကို ငေးရီကြည့်နေမိပေမယ့် အင်းလျားညထဲကို သူဟာ ဘယ်တော့မှ ရောက်မလာခဲ့တော့ပါဘူး။
တစ်ခါတစ်ခါကျတော့ လှည်းတန်းဘူတာလေးမှာ နှစ်ယောက်သား မူးမူးရီရီနဲ့ သွားထိုင်ခဲ့ကြတာ၊ စာအုပ်ဟာင်းတန်းက လူတွေဟာ ဆိုင်သိမ်းတဲ့အထိ စာထိုင်မြည်း​နေတတ်တဲ့ သူ့ကိုမြင်​ရင် ရယ်မောပြီး
အလေးပြုတတ်ကြတာ၊ လှည်းတန်းမီးပွိုင့်ထိပ်က ရဲစခန်းထဲကိုဝင်ပြီး ​ဆေးလိပ်လေး​သောက်ချင်လွန်းလို့ ကူညီပါခင်ဗျာလို့ ပြောပြီး ရဲတစ်ယောက် ​သောက်နေတဲ့ ဆေးပေါ့လိပ်တို​လေးကို ​တောင်းပြီး တရှိုက်​မက်​မက် ​​ရှိုက်​ဖွာ​နေခဲ့တာ။ ညတွေဟာ သူမရှိတော့လည်း လွမ်းစရာ​ကောင်းနေပြန်ပါတယ်။ သူ မရှိတော့ပေမယ့် လှည်းတန်းဟာ ကျွန်တော့်ရဲ့ ဘဝထဲမှာ ရှိနေပါသေးတယ်။
လှည်းတန်းအလွန် ခြောက်မိုင်ခွဲက သင်တန်းကျောင်းတစ်ခုမှာ ကျွန်တော့်ရဲ့ "သူမ" ဟာ အဆင့်လတ် စီမံခန့်ခွဲမှု သင်တန်းတစ်ခုကို လာပြီး တက်ရပါတယ်။  ဆိုတော့ စနေလိုရက်မျိုးမှာ သန်လျင်ကိုပြန်ဖို့ ကျွန်တော် အမြဲတမ်း သွားကြို​နေရ​တော့ လှည်းတန်းဟာကျွန်တော် ထရန်​စစ်​ လုပ်တဲ့ နေရာလေးဖြစ်လာပြန်ပါတယ်။သန်​လျင်ကလာရင် လစ္စဒေါင်းအင်းစိန် ၈ ကို စီးပြီး လှည်းတန်းမှာဆင်း။ ဘုတ်ကလပ်မှာ ညအိပ်ရင်တော့ ကုက္ကိုင်းလမ်းဆုံကနေပြီး လှည်းတန်းကို ရောက်အောင်လာ။ အဲဒီကမှ ခြောက်မိုင်ခွဲကို မင်္ဂလာဒုံ ၉ စီးပြီး သွားကြိုရတော့ လှည်းတန်းရဲ့ အရိပ်တွေ အရောင်​​တွေဟာ ကျွန်တော်နဲ့ နီးကပ်စွာ တည်ရှိနေပါသေးတယ်။ ခြောက်မိုင်ခွဲကနေ ၉ စီးပြီးပြန်လာခဲ့ရင် ရတနာဆောင်မှာ ​နေခဲ့ဖူးတဲ့ သူမဟာ အဆောင်နေကျောင်းသူဘဝကို ပြန်လွမ်းသွားနိုင်​သလို ကျွန်တော့်ရဲ့ အာရုံဟာလည်းပဲ အင်းလျား​ရဲ့ဟိုတစ်​ဖက်ဆီက ဘုတ်ကလပ်လေးဆီကို လူးကာလွန့်​ကာ....  ​ဝေ့ကာဝဲကာနဲ့။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ တိုတောင်း လှတဲ့ဘဝလေးတွေဟာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ရှည်လျားခဲ့ရလေတယ်။  အဲဒီကာလထဲမှာပဲ သူငယ်ချင်းတချို့ဟာ မြို့ပြထဲကဆုတ်ခွာပြီး သူတို့ယုံကြည်ရာ လောကသစ်များဆီကို တိုးဝင်ခိုလှုံခဲ့ကြ ​လေတယ်။  ခေတ်ကြီးထဲက မျက်လုံးတွေဟာ ​သွေ့ခြောက်မွဲရီနေတဲ့ မျက်လုံးမျိုးတွေ၊ ဘဝတွေဟာ ဆွံ့အငြိမ်သက်နေရတဲ့ ဘဝမျိုး၊ စနေလို ရက်မျိုးမှာတောင် အသက်ကို ဝဝ လင်​လင် မရှူရှိုက်​ခဲ့ရတဲ့ လူတွေအတွက် ဝုန်းကနဲ ​ပေါက်ကွဲဖို့ရာအဆင်သင့်ဖြစ်နေခဲ့တဲ့ နှစ်ကာလတွေပါပဲ။ အဲဒီအချိန်တုန်းက လူတွေဟာ စနေနေ့မှာ နေ့ဝက် အလုပ်ဆင်းပေးရတယ်။ နေ့ဝက် ကျောင်းတက်ပေးရတယ်။ စ​နေ​ပေး​ဒေး ဗိုလ်​ချုပ်​​ဈေး။ စ​နေ​နေ့​တွေ ငါ့ကိုပြန်​​ပေး။ စ​နေ​နေ့ည ​ဝေဒနာ။ စ​နေဟာ ဘာအဓိပ္ပာယ်​လဲကွာ။ အဲဒီလို အချိန်မျိုးမှာပဲ .....
( နှစ် )

မီးစွဲနေတဲ့ နာရီလက်တံတွေဟာ တဖျစ်​ဖျစ်နဲ့ မြည်အော်လောင်ကျွမ်း ....
တချို့နှစ်တွေမှာ လက်ယာရစ်။
တချို့နှစ်​​တွေထဲမှာ လက်ဝဲရစ်...
အဲဒီကာလအပိုင်းအခြားထဲမှာပဲ ကျွန်တော်ဟာ အင်းလျားကို အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင် ဖြတ်သန်း သွားလာခဲ့။ ပြည်လမ်းဘက်ကလည်း အင်းလျားကို အလွမ်းပြေ ​ငေးရီကြည့်ခဲ့။ ကမ္ဘာအေး
ဘုရားလမ်းဘက်ကလည်း အကြိမ်ကြိမ်ငေး​မော ကြည့်​ခဲ့ဖူးပေါ့။ အဲဒီ နယ်မြေတကြောကို ရောက်သွားခဲ့
လေတိုင်း ဘဝထဲမှာ ဖျပ်​ကနဲ ရှိခဲ့ဖူးတဲ့  လှည်းတန်းကို ငေးမောမင်သက်ခဲ့ရ ... ။ လမ်းငါးသွယ်​ဆုံတွေ့ရာ လှည်းတန်းဟာ ခေတ်ကြီးငါးခေတ်ကိုလည်း ထိစမ်းပွတ်သပ်ခဲ့ဖူးပါတယ်။ ရိုးရှင်းသော လူနေစုဖွဲ့ပုံမျိုးနဲ့
လည်း ကြည်လင်လှပခဲ့ဖူးပါတယ်။ အရေးကြီးရင်လည်း ​သွေးနီးခဲ့ဖူးပါတယ်။ သမိုင်းစာမျက်နှာတွေကိုလည်း သူရဲကောင်းတစ်​​ယောက်လို တည်ငြိမ်စွာနဲ့ ဖြတ်သန်းခဲ့ဖူး​ပေါ့။
သို့ငြား ဘာဘီကျူးယဉ်ကျေးမှုတွေ တိုးဝင်လာခဲ့တဲ့ ဆာရီယယ်လှည်းတန်းဟာ  အရင်တုန်းက လှည်းတန်းမဟုတ်တာတော့ သေချာသွားခဲ့ပြီ။ လှည်းတန်းဘက်ဆီကို ​ရောက်သွားခဲ့​လေတိုင်း ကြည်လင်လှပ
သော လှည်းတန်းကို ပျောက်ဆုံးနေသလိုလို အမြဲတမ်း ခံစားခဲ့ရသည်။
ကျွန်တော်တို့ရဲ့ နှစ်ကာလတွေထဲကို ရောထွေးစိမ့်ဝင်ခဲ့ဖူးတဲ့ လှည်းတန်းရဲ့ဟာ ခေတ်ကြီးထဲကနေ နာကျင်အော်ဟစ်ပြီး ဆုတ်ခွာသွားခဲ့လေပြီလား။ 

မိုးရေစက်တွေဟာ အာရုံထဲမှာ ဖွဲဖွဲ လွင့်လွင့် ......
လှည်းတန်းတစ္ဆေဟာ အေးစက်နေတဲ့ အာရုံကို ဖြဲရဲကုတ်ခြစ်ပြီး တစ်ကောင်ပြီး တစ်ကောင် အတင်းတိုးဝင်လာခဲ့တာ ... 
လမ်းနီလေးထိပ်က ကိုဆန်းတို့ညီအကိုဖွင့်ထားခဲ့တဲ့ လက်ဘက်ရည်ဆိုင်လေး၊
ကုက္ကိုင်းလမ်းဆုံက ဗိုက်ပူ ၁၆ တွေ ​​ခြေပစ်​လက်ပစ် ဂိတ်ထိုးထားရာ ​နေရာလေး။
 မီး​ရောင်မှုန်ရီအောက်က အမိုးတို့ရဲ့ အိမ်ဆိုင်​လေး။ 
ညကြီးအချိန်မေ​တာ်​ အင်းလျားထဲမှာ ပျင်းရိပျင်းတွဲ​ ​ရွေ့လျားနေတတ်တဲ့ တံငါ​လှေမည်းမည်းလေးတစ်စီး။
ပြာရီအေးစက်​​နေတဲ့ အင်းလျားညထဲကို တိုးတိုးညင်ညင်​လေး မျောလွင့်လာတတ်တဲ့ ဝါးပတ္တလားသံလေး၊ 
လှည်းတန်းကပ်စ်ထရိုရဲ့ ပကာသနဇာတ်ပျက်သမား၊
 ခေတ်ကြီး ငါးခေတ်ကို  ဆန်တက်ကူးခတ်ခဲ့လေသော ကွန်တမ်ပိုရာရီလှည်းတန်း။
အားလုံးဟာ ဟိုဖက်နှစ်တွေထဲမှာ ကျန်ရစ်ခဲ့လေပြီ။ ။
နိုင် ဝင်း သီ

Comments