စာရေးဆရာ အောင်လင်း နှစ် ၉၀ ပြည့် အမှတ်တရပွဲ ရေစကြိုမြို့တွင် ကျင်းပပြုလုပ်




 
စာရေးဆရာ အောင်လင်း နှစ် ၉၀ ပြည့် အမှတ်တရပွဲ ရေစကြိုမြို့တွင် ကျင်းပပြုလုပ်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ ဧပြီ ၇၊ ၂၀၁၈

( ရေစကြို ၊ ဧပြီ ၆) တေးပြုစာဆို ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ နိုင်ငံကျော် ဂန္တဝင်စာရေးဆရာ အောင်လင်း အနှစ် ၉၀ ပြည့် အမှတ်တရ ဂုဏ်ပြု ပွဲကို မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူ ခရိုင် ၊ ရေစကြို မျြိ့  ဓမ္မကလျာဏီ သာသနာ့ဗိမာန်တော် တွင် ဧပြီလ ၆ ရက် ယနေ့ တွင် အပိုင်းသုံးပိုင်းခွဲကာ ကျင်းပပြု လုပ်ခဲ့သည်။



နံနက်ပိုင်းတွင် စာရေးဆရာအောင်လင်း အနှစ် ၉၀ ပြည့် အမှတ်တရပွဲ ဖြစ်မြောက်ရေးကော်မတီ နာယကများ ဖြစ်ကြသော ဦးအောင်ဆန်း ၊ ဦးလှရွှေ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ငွေ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူး( ၃) စာရေးဆရာမှော်ဝန်းကြည်မြတ်၊ စာရေးဆရာအောင်လင်း ၏ သမီး အဆိုတော်၊ စာရေးဆရာ မေအောင်လင်း ၊ ပခုက္ကူ မှ ဆရာဦးခင်မောင်အေး၊ စာရေးဆရာ လေးကိုတင် တို့မှ စာရေးဆရာအောင်လင်း အမှတ်တရ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။
 
 နေ့လယ်ပိုင်းတွင် ဆရာအောင်လင်း အား အမှတ်တရ ဂုဏ်ပြုသောအားဖြင့် ကဗျာဆရာများက ကဗျာများရွတ်ဆိုခြင်း ကို ပြုလုပ်ခဲ့သည်။ ညပိုင်းတွင် မြန်မာ့အသံမှ စန္ဒရားခွန်တင်ကြွယ် နှင့် တွဲဖက်၍ စာရေးဆရာများ ၊ ကဗျာဆရာများ ၊ ကာတွန်းဆရာများက ဆရာအောင်လင်း ၏ ဂုဏ်ပြုကာ တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။


 
 

စာရေးဆရာ အောင်လင်းကို ၁၉၂၈ ခုနှစ် မတ်လ ၃၁ ရက် ၊စနေနေ့. နံနက် ၉နာရီခွဲတွင် အဖ အငြိမ်းစားခရိုင်ရဲဝန်ထောက် ဦးဘရှိန်၊ အမိဒေါ်မြစ်တို့မှ မကွေးတိုင်းဒေသကြီး ၊ရေစကြိုမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ယောက်ရှိသည့် အနက် အငယ်ဖြစ်ပြီး အမည်ရင်းမှာ တင်ဖေ ဖြစ်သည်။ ပခုက္ကူ မြို့  ၊ ဝက်စလီကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ခုနစ်တန်းအရောက်တွင် အာရှလူငယ်အစည်းအရုံး၌ ပါဝင်ခဲ့သည်။ ဂျပန်ခေတ်တွင် လူငယ်ကြီးပွားရေးအသင်းတွင် ပါဝင်ခဲ့သည်။ နေသူရိန် အစည်းအဝေးကြီးသို့ ပခုက္ကူ ခရိုင်မှ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်း ခံရသည်။ စစ်ပြီးခေတ် ဖဆပလ နှင့် ကွန်မြူ နစ်ပါတီတို့တွင် ပါဝင်ခဲ့ပြီး အလံနီကွန်မြူ နစ်ပါတီတို့တွင် ပါဝင်ခဲ့ပြီး အလံနီကွန်မြူ နစ်ပါတီ တောခိုသောအခါ နိုင်ငံရေးလောကမှ ထွက်ခဲ့သည်။

၁၉၄၇ တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ပခုက္ကူ အပုလေး၊ တက္ကသိုလ်မြသွေး ၊ တက္ကသိုလ်အပုလေး ၊ ရွှေကူတင်၊တက္ကသိုလ်ဝတီ ၊ ဆူးညှောင့်စသော ကလောင်အမည်များဖြင့် စာများ စတင်ရေးသားခဲ့သည်။ ၁၉၄၈ တွင် သထုံဆောင်တွင် နေရင်း တက္ကသိုလ်တက်ရောက်ခဲ့ကာ အောင်လင်း ကလောင်အမည်ကို သုံး၍ စာများ စတင်ရေးသားခဲ့သည်။

၁၉၄၈ - ၁၉၄၉ ရန်ကုန်တက္ကသိုလ်မှ ကြီးမှူးကျင်းပသော ဂီတပြိုင်ပွဲတွင် ပတ္တလားပထမဆု ၊ မယ်ဒလင် ပထမဆု၊ တယော ဒုတိယဆု ရရှိခဲ့သည်။ ဂီတအနုပညာကို ဝါသနာပြင်းပြလှသဖြင့် ပညာကို ဆုံးခန်းတိုင် မသင်ဘဲ တက္ကသိုလ်မှ ထွက်ခဲ့သည်။ ဆန်းသစ်စ၊ဆန်းအဖွဲ့ ၊ တေးသစ်လွင် စသည့် အပျော်တမ်းတူရိယာအဖွဲ့များကို ဦးဆောင်ကာ သီချင်းများ ရေးသား အသံလွှင့်ခဲ့သည်။


 

သီချင်းပုဒ်ရေ ၆၀ ကျော်ခန့် ရေးသားခဲ့သည်။ မေရှင် သီဆိုခဲ့သော မေတ္တာရေလှိုင်း ၊ လီလီကြာညွန့် သီဆိုခဲ့သော မေတ္တာရွှေစောင်း ၊ နွယ် ညီအမများ၊( အေဝမ်းဦးတင်နွယ်၏ သမီးများ) သီဆိုခဲ့သော တေးပန်လွှာ သီချင်းများ အောင်မြင်ကျော်ကြားခဲ့သည်။ ဂီတနက်သန်ကိုစောညိမ်း ရေးသားခဲ့သော မိုးသက်လေနှင် သီချင်းကို တင်မဟာ အမည်ဖြင့် သီဆိုခဲ့ပြီး လူကြိုက်များ ထင်ရှားခဲ့သည်။ ဂီတပညာကို မြန်မာညွန့်ဦးချစ်မောင်နှင့် စောင်းဦးဘသန်းတို့ထံမှ ဆည်းပူးခဲ့ပြီး ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်၊ ဂီတနက်သန်ကိုစောညိမ်းတို့နှင့် ရင်းနှီးကာ အသံတိတ်ရုပ်ရှင်နောက်ခံတေးများ ရေးစပ်ခြင်း ၊ တီးမှုတ်ခြင်း တို့ကို အေဝမ်း၊ ဗြိတိသျှဘားမားကုမ္ပဏီတွင် လုပ်ခဲ့သည်။ ၁၉၄၉ - ၅၀ တွင် စန္ဒယားဆရာ အေဝမ်းဦးခင်မောင်၏ တီးဝိုင်းတွင် တယောဆရာ၊ ပတ္တလားဆရာ၊ တေးရေးဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

အနုပဋိလောမ အဖွင့်၊ငယ်ကျွမ်းဆွေရုပ်ရှင်ဝတ္ထု ၊ ချစ်သံသရာ၊ နှောင်းသစ္စာ ၊ လူမော်၊ လက်ရွေးစင်ဝတ္ထု တိုများ ၊ ပစ်တိုင်းထောင်၊နွေသဇင်၊ ဗေဒါ ၊ ချစ်နှင်းမှုန်မှုန် ၊ အရိုင်းစံပယ် စသော ဝတ္ထုများ ရေးသားခဲ့သည်။ အရိုင်းစံပယ် ဝတ္ထုမှာ ၁၉၆၀ ပြည့်နှစ် စာပေဗိမာန် ဝတ္ထု ရှည်ဆု ရရှိခဲ့ပြီး အကြိမ်ပေါင်း ၁၇ ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ရသည်။

 ဗေဒါ ဝတ္ထုကို လူဇော် အမည်ဖြင့် ဒါရိုက်တာ ဇော်ထက်က ကျော်ဟိန်း၊ ဆွေဇင်ထိုက် တို့နှင့် ရိုက်ကူးခဲ့ပြီး ဆရာအောင်လင်း ကိုယ်တိုင် ဗေဒါ အမည်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဆရာအောင်လင်း၏ ဝတ္ထု တော်တော်များများကို ရုပ်ရှင် ရိုက်ကူးခဲ့ကြပြီး အရိုင်းစံပယ်၊ စိမ်းနဲ့တေဇာ စသော နာမည်ကြီး ဇာတ်ကားများ ပါဝင်ခဲ့သည်။

 မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စာအုပ်ပေါင်းများစွာ၊ တေးသီချင်းပေါင်းများစွာ ရေးခဲ့ကာ ၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် တိုက်အမှတ် ၄ ၊ အခန်းအမှတ် ၅ ၊ ဖဆပလ အိမ်ယာ၊ ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ပါသည်။



Comments