ရဲရင့်သက်ဇွဲ ● ပိတောက်တွေ ရွှေရည်လူး ဖူးကြပြီလေ


ရဲရင့်သက်ဇွဲ ● ပိတောက်တွေ ရွှေရည်လူး ဖူးကြပြီလေ
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၈

နှင်းပွင့်တွေက မြေပြင်ပေါ်ကို
အရှိန်ပြင်းပြင်း ပြေးဆင်းလာကြတယ်…။
လေအဝှေ့မှာ အအေးဓာတ်က
အရိုးထိအောင် ထိုးထဲ့လိုက်သလိုမျိုး
ခြောက်သွေ့နေတဲ့ မြေပြင်ကတော့
ငိုပွဲဆင်နေလေရဲ့….။

ငါရောက်နေတဲ့ အရပ်ကနေ
အလွမ်းတွေ  ကိုင်းကူးဆက်
ဖူးပွင့်လာတဲ့ဝေဒနာ
ပိတောက်ဝါ
ပိတောက်ဝါ
တို့ရေ တို့မြေမှာ
အတာရေလောင်း ချမ်းမြေ့စေကြောင်း ဆုတောင်းပြီ …။

နှစ်ကာလများ
သတိရတမ်းတမိပေါ့
ဒီမှာတော့
ဆောင်းအကုန် နွေအကြိုညမျှားမှာ
ငါ့ … ပြူတင်းမှမြင်ရတဲ့ လမင်း
ပိတောက်ဝါအရောင်နဲ့ 
ထိန်ထိန်တောက်လို့  ……

ဒိနေ့ တနေ့လုံး
ငါ … အထီးကျန် အဖေါ်မဲ့ ရေခဲဖုံးမြေအပေါ်မှာ
ပိတောက်တွေကို အလွမ်းတွေနဲ့ ဖုံး
အလွမ်းတွေကို ပိတောက်တွေနဲ့ ဖုံးနေတုန်း
တံခါးခေါက်သံကြားတယ်
နေအောင်ရယ် ခင်သန်းနုရယ် ဇင်ဝိုင်းနဲ့ 
မေသန်းနု သီတာသိမ့် ဇော်ဝမ်းတို့
ရေတွေရွှဲရွှဲစိုလို့
ငါ့ …အိမ်ရှေ့မှာ ….. ။

ရဲရင့်သက်ဇွဲ

Comments