မောင်အောင်မွန် ● လှသောပို၍လှသောနှင့် ခင်သန်းနု

မောင်အောင်မွန် ● လှသောပို၍လှသောနှင့် ခင်သန်းနု
(မိုးမခ) ဧပြီ ၁၅၊ ၂ဝ၁၈

(၁)
၁၉၅၉ ခု၊ မြန်မာ့အသံသို့ ကျွန်တော်မရောက်မီကတည်း စာရေးဆရာဖြစ်နေပါပြီ။ ဇာတ်လမ်းပမာ နားဆင်စရာ တာဝန်ခံ စန္ဒရားအောင်ခင်နှင့် မောင်အောင်မွန်၏ဝတ္ထုတိုများကလည်း လူချင်းမဆုံမီကပင် ရင်းနှီးနေနှင့်၏။ ကျွန်တော်ပထမဆုံး ရေးသော သိင်္ဂီရယ်မေ့ပါနိုင်ကိုတောင် ရှာတွေ့ပြီး ဇာတ်လမ်းလုပ်ကာ သူထုတ်လွှင့်ခဲ့သည်ကိုသာ ကြည့်ကြပါ။

၁၉၆၈ ခုတွင် မြန်မာပိုင်းသို့ ပြောင်းရသော်လည်း လုပ်ဆောင်ရမည့်တာဝန်တွေထဲ အသံလွှင့်ဇာတ်ရေးဖို့မပါ၊ စိတ်ကူးရ ကြိုးစားကြည့်ရင်း အောင်မြင်သွားသည်။ အသံလွှင့်ဇာတ်တွင် Narator မပါ၊ ဇာတ်ကောင်တို့ ပြောဆိုကြရင်း သရုပ်ဖော် ကြရ၏။

စာရေးဆရာ မင်းရှင်ထွက်သွားကတည်းက အသံလွှင့်ဇာတ်ညွှန်းကောင်းမရဟု ပင်တိုင် Producer ကို သစ္စာဆို၏။ အများ ဆုံးလာရောက် သရုပ်ဆောင်ပေးသူ ဝင်းဦးက ကျွန်တော်သည် ဘောလုံးပွဲကို ရေဒီယိုနားထောင်သူ မျက်စိထဲမြင်လာအောင် တိုက်ရိုက်အသံလွှင့်နေသူမို့ ဇာတ်ညွှန်းအရေးကောင်းတာဟု ထောက်ပြဖူးသည်။ ပင်ပန်းလက်ဝင်သည်မို့ မောင်အောင်မွန် က စိတ်ပါမှရေးသည်၊ ရေးချင်မှ ရေးသည်။

(၂)
ယခု ရေးပေးဖို့ ပူဆာလာသူက စန္ဒရားအောင်ခင်။

၁၉၇၃ ခု၊ ဇူလိုင်လထုတ် ငွေတာရီမဂ္ဂဇင်းထဲက မောင်အောင်မွန်၏ လှသောပို၍လှသောကို အသံလွှင့်ဇာတ်အဖြစ် သူ Producer လုပ်ချင်သည်ဟု ပြော၏။ သီချင်းစပ်ဖို့တောင် စိတ်ကူးနေပြီတဲ့။ ကျွန်တော်တို့ကြား လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေ အပြင် ပညာသည်ချင်း အပြန်အလှန်လေးစာမှုကလည်းရှိ၏။ မင်းသားနေရာမှာ လင်းထင်ကိုထားရင် ရေးပေးမည်ဟု ဆို လိုက်သည်။

ကြိုက်တဲ့မင်းသားပြော ရတယ်၊ ကိုရင် ဝင်မလုပ်ရင်ပြီးရောဟု နောက်ကြရင်း သဘောတူလိုက်၏။ ဇာတ်ညွှန်းရေးလိုက်၏။ အဆင့်ဆင့်တက်သွားပြီးနောက် ခွင့်ပြုချက်ရလိုက်၏။ မြူးနေသော စန္ဒရားအောင်ခင်၊ သီချင်းစပ်--အဆိုတော် နွဲ့ယဉ်ဝင်း မြန်မာ့အသံတီးဝိုင်းနှင့် အသံသွင်းရာ၌ စန္ဒရားကို သူမတီးပဲ ကိုလှထွဋ်ကို တီးစေသည်ကိုသာကြည့်။

ကိုသစ္စာကလည်း စိတ်အားထက်သန်နေ၏။

ပြဿနာတက်လာသည်က မင်းသမီးနေရာ၌ ခင်းသန်းနုအား ရွေးထားခြင်းတည်း။ လင်းထင်ယှဉ်နိုင်ပါ့မလား။ မင်းသား မင်းသမီးတွေပဲ--အဆင်ပြေသွားမှာပါဟု စန္ဒရားအောင်ခင်ပြောသော်လည်းကျွန်တော်က ရှုမဝတိုက်၌ တွေ့ဆုံခင်မင်ခဲ့သူ တက်သစ်စမင်းသားလေးအတွက် ပူနေမိဆဲ။

အသံသွင်းဖို့ ရောက်လာကြပြီ။

လင်းထင်အား ပခုံးဖက်က ဖြစ်သွား--အဆင်ပြေသွားမှာပါကွာဟု ခပ်တိုးတိုး အားပေးစကားဆိုရာ အစွမ်းကုန် ကြိုးစားပါ့မယ်၊ ဒါကျွန်တော့်အတွက် အခွင့်ကောင်းပဲဟု ပြန်ဖြေသည်။ Studio C ၌ ထုံးစံအတိုင်း အဆင်ပြေလွယ်ကူသော အခန်းများစ၍ အသံသွင်းကြသည်။ Producer စန္ဒရားအောင်ခင် အလုပ်များနေပြီး ကိုသစ္စာနှင့်ကျွန်တော်က ဝင်ကူနေကြ၏။

ဝါရင့် အကယ်ဒမီခင်သန်းနုက ဖေးမလမ်းခင်းပေး၍ လင်းထင်လည်း အားတက်ပုံရ အဆင်ပြေ၏။ တခန်းပြီး တခန်း အသံ သွင်းပြီးသွားလေပြီ။
(၃)
ဇာတ်လမ်းက အလွန်အမင်း အလှကြိုက်သော လှပသူ ပပသည်၊ ကိုယ်ဝန်အရင့်အမာကြီးနှင့် ကြမ်းတိုက်၏။ ပြောင်ချော နေကြမ်းပြင်ပေါ် ချော်လဲရာ ဗိုက်ကိုမထိအောင် မျက်နှာနှင့်အကျခံလိုက်၍ သွားတွေကျိုးနေသည်ကို နယ်မှပြန်လာသော ခင်ပွန်းသည်အား ရှင်းပြပုံနှင့် အဆုံးသတ်ထား၏။

ဇာတ်ရှိန်အမြင့်ဆုံး Climax ရောက်ချိန်၌ အဆုံးသတ်ခြင်းကို ကြိုက်သူမို့ ယခုဇာတ်ညွှန်းတွင်လည်း ထိုနည်းကိုသုံးထား၏။ ဇာတ်သိမ်းခန်းအသံသွင်းရာ ခင်သန်းနုက မူလစကားလုံးများအတိုင်းမဟုတ်ပဲ အဆင်ပြေသလို ပြောသွားသည်ကို ကျွန် တော်တို့ သုံးယောက်စလုံး သတိထားမိလိုက်၏။

ကျွန်တော်က မကျေနပ်နိုင်၊ ပေါ့ပျက်ပျက် ဖြစ်သွားပြီလေ။

ဇာတ်ညွှန်းတွင် ရေးထာသည်ကား-- မောင်ရေ--ကြည့်ပါဦး-- မောင့်မယား သွားကျိုးမကို- အရုပ်ဆိုးသွားပြီ--- -- ချော်လဲ တော့-- မျက်နှာနဲ့အကျခံလိုက်တယ်-ဗိုက်ထဲက မောင့်ရင်သွေးကို ထိမှာစိုးလို့-ပါ-- မလှတော့ဘူးနော်မောင်-- ဟူ၍ဖြစ်ပြီး၊ လင်းထင်၏-- လှပါတယ်ကွယ်၊ အဲဒီစိတ်ထားက - ပို၍တောင်လှသေးဟုပြောကာ ဇာတ်သိမ်းထားသည်။

ကိုသစ္စာနှင့် Studio ထဲဝင်ကာ ခင်သန်းနုအား ကျွန်တော်ရှင်းပြရ၏။

ဇာတ်ညွှန်းတပုဒ်လုံး မယားဆိုတာ ဒီတကြိမ်သာသုံးထားတယ်--လင်ရယ် မယားရယ် ဗိုက်ကြီးတာရယ် စတာတွေကို ဒီ စကားလုံးနဲ့ အားယူထားပုံပြောပြတော့ ဘာမှမပြောပဲ နားထောင်နေ၏။ Producer စန္ဒရားအောင်ခင်က Second Cut ယူ မယ်--Ready ဆိုကာနောက်ထပ် အသံသွင်းကြရာ--ခင်သန်းနုက အသံနေအသံထား အနိမ့်အမြင့် အဖြတ်အတောက်နှင့် သရုပ်ဆောင်လိုက်ပုံမှာ ကြက်သီးမွေးညင်းထလောက်ပါရဲ့။

သည်လိုနှင့် အသံသွင်းပြီးသွားပြီ။

(၄)
သို့သော်လည်း မပြတ်သေးပါ။

လိုအပ်သလို တည်းဖြတ်၊ အခန်းပြောင်းတီးလုံးများထည့်အပြီး ဇာတ်သိမ်းခန်း ဘယ် Cut ယူမလဲဟု ၃ ယောက်သား နား ထောင်တိုင်ပင်ကြသည်။ Producer က Second Cut ကိုဖွင့်ပြပြီး ခင်သန်းနုကတော့ ကဝေပဲဟုဆို၏။ နားထောင်သူတို့အား ဖမ်းစားလိုက်ပုံကို တင်စားပြောဆိုခြင်းပါ။ လင်းထင်ခမျာ မယှဉ်သာ ပြတ်ကျန်နေ၍ကျွန်တော်မျက်နှာပျက်နေပြီ။

Editing ၌ လက်ရဲသော ကိုသစ္စာက ဒီလိုလုပ်ကြည့်ရအောင်ဆိုကာ First Cut က လင်းထင်အသံကို ဖြတ်ယူကာ Second Cut ၌လဲထည့်လိုက်ရာ အတော်ဟန်ကျလာ၏။ သို့သော် ခင်သန်းနုအသံအဆုံးနှင့် တေ့ဆက်မို့ မချောမွေ့--ဒုတ် ဆိုသော အသံလေးလည်းပါနေသည်ကို အသံဖမ်းအင်ဂျင်နီယာ (၇) နှစ်တာ လုပ်ခဲ့သူမို့ ကျွန်တော့်နားက လက်မခံချင် ဖြစ်ရပြန်၏။

ဇာတ်သိမ်းသီချင်း အပါအဝင် တိပ်ခွေအားလုံးယူပြီး ၃ ယောက်သား Studio C သို့သွားကြ၏။ Stop Watch နှင့် တိုင်းတာ ကြည့်ရာ ကံကောင်းချင်တော့ ဇာတ်သိမ်းသီချင်း Intro ကိုလှထွဋ်စန္ဒရားသံက လင်းထင်အသံထက် (၄) စက္ကန့်ပိုကြာနေ သည်။

ကျွန်တော် Sub Control (Mixer) ၌ ထိုင်ပြီး-- ကိုသစ္စာဆက်ထားသော တိပ်ခွေကိုဖွင့်ထားရင်း ခင်သန်းနုအသံဆုံးဖို့ (၃) စက္ကန့်အလို၌ သီချင်းခွေကိုဖွင့် စန္ဒရားသံမျှဉ်းမျှဉ်းလေးရောထားပြီး လင်းထင်အသံ အဝင်တွင် စပ်ကနဲတင်လိုက်၏။ စန္ဒရားခေါက်သံ နှစ်ချက်မြည်အပြီး Fade out လုပ်ကာ လင်းထင်အသံကို Under tone ပေးထား၏။ စကားဆုံချင်း ပြန် မြှင့်လိုက်တော့ နွဲ့ယဉ်ဝင်း၏သီချင်းသံက--
---လှသော ပို၍လှသော လှသော ပို၍ ပို၍ လှသော-- ဟု တန်းထွက်လာ၏။ ဒုတ်ဆိုသောအသံလေး ပျောက်သွားပြီ၊ စန္ဒရားနောက်ခံသံက အားဖြည့်ပေး၍ လင်းထင်လည်း ရုပ်မပျက်တော့။

၃ ယောက်သား ကျေနပ်သွားကြလေပြီ။

(၅)
အမှန်မှာတော့ အသံလွှင့်ဇာတိုင်း ယခုလို ခက်ခဲလက်ဝင်သည်မဟုတ်၊ ဖြစ်အောင် ရအောင်လုပ်ချင်သည့် ပိုးဝင်ကာ ကြိုး စားကြခြင်းပါ။ သောတရှင်များအပေါ် စေတနာထားသည် ဘာညာနှင့် စကားကြီး စကားကျယ်တွေလည်း မပြောလိုပါ။

လှသောပို၍လှသော အသံလွှင့်ဇာတ် အောင်မြင်သွားလေပြီ။

လူကြိုက်များလှပါ၏။ ဋ္ဌာနတွင်းမှ စန္ဒရားအောင်ခင်နှင့် ပြိုင်ဘက်တယောက်က ကိုယ်ဝန်ဆောင်မိန်းမချော်လဲလျှင် မျက်နှာ နှင့်မကျ ဗိုက်နှင့်သာကျ၍ ယုတ္တိမရှိသော ဇာတ်လမ်းပါဟု ပစ်စာရေးသည်အထိဖြစ်ခဲ့၏။ ကျွန်တော်တို့သုံးယောက်လည်း ပြုံးရင်း ကြိုးပမ်းရကျိုး နပ်လေစွဟု သဘောထားလိုက်ကြသည်။ အကယ်ဒမီခင်သန်းနုနှင့် ယှဉ်ပြီးသရုပ်ဆောင်နိုင်၍ တက် သစ်စ မင်းသားလင်းထင် နာမည်ကြီးလာဟုဆို၏။ ဟုတ်လျှင် ဝမ်းသာရပါမည်။

လင်းထင်ပါသော ဇာတ်ကားတွေတော့ များလာသည်။

လင်းထင်ဖိတ်၍ အင်းယားလိပ်မှ သူ့မင်္ဂလာဆောင်သို့ကျွန်တော်ရောက်သွား၏။ ခုလိုလာတဲ့အတွက် အစ်ကို့ကို နောက် တကြိမ် ကျေးဇူးတင်ပါတယ်ဟု မှတ်မှတ်ရရပြောသည်။ ထို့နောက် လင်းထင်နှင့်ကျွန်တော် လူချင်းမဆုံကြတော့။

ကိုယ့်တာဝန်ကိုယ်လုပ်နှင့်မို့ကျွန်တော်တို့ သုံးယောက်လည်း လှသောပို၍လှသော အသံလွှင့်ဇာတ် ကိုမေ့သလောက် ဖြစ် သွားပြီ။

(၆)
စိတ်ထင် ၄ နှစ် ၅ နှစ်လောက်ရှိပြီ။

ကိုသစ္စာက ဧည့်သည်တယောက် ရောက်နေတယ်--ကိုအောင်မွန်ကိုတွေ့ချင်တယ်တဲ့--ကျွန်တော်တို့ အခန်းဘက်ဆီ လျှောက်ခဲ့ပါလားဟု တယ်လီဖုန်းဆက်၍ ရောက်သွားတော့ ဗိုက်ဖုံးအင်္ကျီဝတ်ထားသည့် ခင်သန်းနုဖြစ်နေ၏။ မထူးဆန်းပါ၊ သူ့အိမ်ထောင်ရေးအကြောင်း အများအသိကိုး။

ထူးဆန်းသည်က ကျွန်တော့်ကို နှုတ်ဆက်ပုံပါ။

နားထောင်ကြည့်--၊ ခင်သန်းနုကို ကြည့်စမ်းပါ--ကိုအောင်မွန်ရေ--လှသောပို၍လှသောဖြစ်နေပြီဟု ရင်းနှီးစွာ ပြုံးပြီးပြော သည်။ ကိုယ့်နားကို ကိုယ်မယုံနိုင်အောင် ကျွန်တော်အံ့သြနေ၏။ ရုပ်ရှင်ဇာတ်ကားတွေ များစွာရိုက်နေရသည့်ကြား-- မြန်မာ့ အသံမှာပင် နောက်ထပ် အသံလွှင့်ဇာတ်များစွာမှာ လာသရုပ်ဆောင်ပေးသူက မှတ်မိနေသကိုး။

နာမည်ကြီး အကယ်ဒမီ မင်းသမီးက ဝတ္ထုတိုရေးသမားအား အလေးထား တလေးတစားပြောပုံက ခင်သန်းနု၏ ရုပ်ရည် ထက်ပင် ပို၍လှသေးဟု မောင်အောင်မွန် ပြန်မပြောဖြစ်ခဲ့ပါ။

(၇)
နှစ်တွေများစွာ ကြာခဲ့ပါပြီ။

အတော်များလည်း မရှိကြတော့၊ စန္ဒရားအောင်ခင်နှင့် ကိုသစ္စာတို့လည်း ကွယ်လွန်ကုန်ကြပြီ။ ဟိုတလောတုန်းက ခင်သန်းနု သမီး မင်္ဂလာဆောင် သတင်းနှင့်ဓာပုံများမြင်ရ၏။ ကျွန်တော့်ကိုနှုတ်ဆက်တုန်း ဗိုက်ထဲက ကလေးလားဟု တွေးမိ၍ ဤ ဆောင်းပါးရေးဖို့ သတိရသော်လည်း မရေးဖြစ်ခဲ့ပါ။

မင်းသားလင်းထင် မနာမကျန်း ဖြစ်နေရှာပုံ သတင်းနှင့်ဓာပုံများမြင်ရပြန်တော့မှ ရေးဖြစ်တော့၏။

Comments