စမ်းစမ်းတင် - ကြည်အေးစိတ်ကူး - တာရာကဗျာစပ်


စမ်းစမ်းတင် - ကြည်အေးစိတ်ကူး - တာရာကဗျာစပ်
(မိုးမခ) ဧပြီ ၇၊ ၂၀၁၈
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

လူဆိုတာ တနေ့သေကွဲမကွဲ ရှင်ကွဲကွဲရမှာပဲ ပြောဖူးပြီး သူနှင့်သာမဟုတ်နှစ်လိုသူ မနှစ်လိုသူ ( သူတော်ကောင်းယောင်ယောင်ဟန်နှင့် မနှစ်လိုသူ မရှိဟု ယတိပြတ်မပြောနိုင်ပါ- ကိုယ်ကျင့်တရားမဲ့သူ၊ မတရားသူ၊ အနိုင်ကျင့်တတ်သူ၊ နောက်ကျော်ဓားနှင့်ထိုးတတ်သူတို့သည် မနှစ်လိုစရာ ပုဂ္ဂိုလ်များဖြစ်ပါသည်။ ) မည်သူနှင့်မဆို တနေ့ခွဲခွာရမည်မှန်းသိပါလျက် ကြည်အေး အမှန်တကယ်လောကမှ ထွက်ခွာ သွားသည့်တိုင် တယ်လီဖုန်း သံကြားလျှင် မသိစိတ်ဖြင့် လာနေကျ အန်တီ့ဖုန်းလားဟု တွေးနေကြ အတိုင်း ရုတ်တရက်အမှတ်တမဲ့ ပျော်သွားပြီး ချက်ချင်းပင် ကြေကွဲဝမ်းနည်းစိတ် တွယ်ငြိလာရပြန်ပါသည်။ (ဒေါ်ကြည်အေးသည်- သူ့ကိုယ်သူ အန်တီဟု ပြောပါသည်။ တယ်လီဖုန်းလာ၍ မကိုင်ဖြစ်သည့်အခါ အန်တီကြည်ဖုန်းဆက်တယ် ဟူ၍ အသံဖမ်းစက်မှာ အမှာစကားထားခဲ့လေ့ရှိပါသည်။ )

သို့ဆိုလျှင် ထိုသို့ယူကျုံးမရဖြေမဆည်နိုင်တိုင်း အရင့်အရင့်ထုံးစံများအတိုင်း ကဗျာများ ဖတ်မြဲဖြစ်သည်မို့ ၁၉၉၀ ပြည့်နှစ်ကထုတ်ဝေသည့် ကြည်အေး၏ကဗျာများ စာအုပ်ကို လှန်မိသည်။ မည်သည့်ကဗျာရယ်မဟုတ်။ ကျရာမျက်နှာတွင်ပါသည့် ကဗျာကို ပထမဆုံးဖတ်သည်။ မည်သည့်ကဗျာဖြစ်စေ စကားလုံးအလှအပကို ကစားတတ်သည့်အရာတွင် မှော်အောင်သည့်အပြင် များသောအားဖြင့် စကားလုံးတိုင်း တလုံးစီအဓိပ္ပာယ်ဖွင့်နိုင်သည့် အရေးအဖွဲ့များကို တအံ့တသြနှင့် ကဗျာကပေးသော အတွေးများဆီ စီးမျောလေ့ရှိသည်မို့ မည်သည့်ကဗျာကို လှန်လှန်- ကျေနပ်ရသည်ချည်းဖြစ်ပြီး ကဗျာများနှင့်ပင် စိတ်အင်အားပြန်ဖြည့်တင်းရပါသည်။ ဤအကြောင်း အန်တီကြည်နှင့် ဖုန်းပြောရသည့်အခါ ကြုံကြိုက်၍ ပြောခဲ့မိပါသေးသည်။

အသက် ၈၀ စွန်းလုလု သို့တည်းမဟုတ် စွန်းစတွင် တမလွန်ရှိသည်ကို သက်ဝင်ယုံကြည်သွားသော အန်တီကြည်သည် ဘ၀နောက်ဆုံးအချိန်များတွင် နိဗ္ဗာန်ရောက်ကြောင်းတရား သိမှတ် ရှုမြင် ဥာဏ်အလင်း ပွင့်သွားသည့်အတွက် သူ့ကို တမ်းတလွမ်းကျန်ရစ်သူများ ပူဆွေးနေသည်ကို လစ်လျူရှုနိုင်သည့် အဆင့် တက်လှမ်းလိမ့်မည်ဟု ယူဆရသဖြင့် သေလွန်သည်၏ အခြားတဘက် သူ့ကဗျာခေါင်းစဉ်အတိုင်း ဘ၀ကူးတွင် လောကီရေးဘက် သူငဲ့တော့မည်မထင်… သူ ထားရစ်ခဲ့ သူများကို ငဲ့စောင်း လှည့်ကြည့်ဖော်ပင်ရတော့မည် မထင်။ သူလို လူတယောက်သည် လူဖြစ်ရကျိုးနပ်သူပင်။ လူတန်းစေ့စေ့ နေနိုင်သွားသည်ထက် လူသားပီပီသသ တန်ဖိုးရှိရှိနေထိုင်သွားလေသူသာ။ သူသည် လူသေသော်လည်း လွမ်းလျက်ရှိနေမည့်သူများကို ကျန်ရစ်စေသူ၊ သူ့စာသူ့ကဗျာများကို တရှိုက်မက်မက် စွဲစွဲလန်းလန်း ရှိမည့် စာချစ်သူများ မွေးဖွားထားခဲ့လေသူ။ စာပေသမိုင်းစင်မြင့်တွင်ရှေ့ဆုံးတန်းကပါလေသူ၊ လူသေသော်လည်း မသေသူများထဲ နံမည်ကောင်းနှင့် ကမ္ဗည်းတင်ခဲ့လေသူသာ။

ကြည်အေးကဗျာစာအုပ်လှန်လိုက်သည့်အခါ…စစချင်းက ပေါ်လာသည်က အတ္တရုပ်ပုံလွှာ။ ကဗှာခေါင်းစဉ်အထက် စာရွက်နေရာလွတ်တွင် ကြည်အေးလက်ရေးမှတ်စုရှိသည်။ ဤစာအုပ်သည် ၁၉၉၈ ခု တွင် အန်တီကြည်ကိုယ်တိုင်ပေးထားသည့် စာအုပ်၊ ရိုးရိုးတန်းတန်း ပေးထားသည်မဟုတ်၊ စာပြင်ဆရာများ မျက်စိလျှမ်းသွားသည့် စာစီအမှားများ သို့တည်းမဟုတ် သူ့မူရင်းစာသားများလွဲနေသည့် စာလုံးများကို သူ့လက်ရေးနှင့် ပြင်ထားသည့် စာအုပ်၊ နောက်ပိုင်း ကဗျာစာအုပ်ပြန် ထုတ်ဝေမည်ဆိုလျှင် အမှားကင်းနိုင်သမျှကင်းစေလိုသည့် ရည်ရွယ်ချက်။ တချို့ကဗျာများတွင် မှတ်ချက်ရေးထားသည်။ အတ္တရုပ်ပုံလွှာသို့နှယ်။

  အတ္တရုပ်ပုံလွှာ
 

ဟင်းလင်းပွင့်မှာ
 လေသာတိုးဝှေ့၊ ထိတွေ့နေရ
 ပျပျကလေး၊ အဝေးကြီးလား
 နီးနီးလားဟု၊ ခွဲခြားမသိ
 မြင်မိသည်ကား၊ တလျားခုံးခုံး
 အဆုံးမထင်၊ ပြာကောင်းကင်သို့
 ငါလျှင်ထီးတည်း၊ တယောက်တည်းတည့်
 မညည်းမညူ ထိုင်နေ၏ ။ ။

အဆုံးမရ
 အစမထင်၊ အတွေးယဉ်ကို
 ညင်ညင်အလျှော၊ မျောစေမျှော၍
 ပေါလောလွှတ်ကာ၊ တွေးတောရာဝယ်
 ကမ္ဘာတ၀န်း၊ ထက်အောက်မွှမ်းအောင်
 ပတ်ပြွမ်းစုံစေ့၊ ငါမမေ့ဘူး
 မကွေ့မထောက်ရောက်ဘိ၏ ။ ။

အို …အို ….အို …အို
 ဘယ်ကိုသွားမလဲ၊ ရေထဲ ညွန်အောက်
 ရေညှိပြောင်လား၊ ငါရောက်သွားသေး
 ညွတ်ကွေးကော့ကော့၊ ရေစက်လျော့တွဲ
 ရွက်ပျော့မျှင်ကြား၊ ငါနေနားလိုက်
 တွားသွားစမ်းရွံ့၊ တိမ်ဖြူညွန့်ထက်
 လွန့်လွန့်ထလက် ၊ ရင်ခွင်ထက်မှာ
 မှေးစက်အိပ်တာ ၊ ငါသာပါပဲ
 ဝါဝါနှုတ်သီး ၊ အမြီးစိမ်းယွန်း
 ပျံသန်းငှက်လည်း ၊ ငါပါပဲကွယ်
 အမြဲ ‘ ငါ ’ တွေပါကလား ။ ။

ဆက်တွေးပါဦး
 အပြာအနက် ၊ အဖြူစက်၍
 စပ်ဖက်တစ်မျိုး ၊ တိမ်ခိုးရောင်ဆိုင်း
 မှိုင်းမှိုင်းညိုမှာ ၊ ငါ ခိုနားမိ
 မြိုင်ကြားပင်ယှက် ၊ သရက်သီးဝါ
 ရသာချိုမြ ၊ လှည့်ရွမ်းစမှာ
 ငါပင်ရောက်လေ ၊ ကူးလူးနေခဲ့
 မောင်ရဲ့ရင်ခွင် ၊ ငါပဲဝင်၏
 ဘယ်တွင်ရယ်မှ ၊ ထွက်လို့ရဘူး
 အစမတုံး ၊ ငါ လုံးလုံးသည်
 အဆုံးအစ မရှိသည့် ငါ ။ ။

ထို့နောက်တွင်ကား
 ‘ သင် ’ ကို တွေးစမ်း ၊ မှန်း၍ကြည့်ရာ
 သင်မှာငါကို ၊ စဉ်းစားလိုတိုင်း
 တိုးလျှိုးယက်ဖောက် ၊ စိတ်ကူးပေါက်ကြည့်
 ဘယ်လောက်များများ ၊ ပွားသွားပါစေ
 တွက်ရေမရ ၊ ဆုံးစမရှိ
 သင်တွေရှိလည်း ၊ ကြွင်းသည်အမြဲ
 တခုတည်းသော ၊ ငါပဲထွင်းဖောက်
 ငါ တယောက်မှာ ၊ ကျန်ရစ်ပါသည်
 ဘယ်ခါမှ ၊ ငါ မပျောက်ဘူး ။
ထိုသဘောကို
 ညှိနှောတရား ၊ သင်္ချာသားသော်
 သင်ကားညီမျှ ၊ ‘ ဆုံးစမရှိ ’
 နှုတ်ဘိတစ်ခု ၊ ထိုတခုကား
 ငါဟုပင်လျှင် ၊ ငါ တွက်မြင်သည်
 သင်္ချာကဗျာ လင်္ကာတည်း ။ ။

ကြည်အေး
 တာရာမဂ္ဂဇင်း ၊ အတွဲ ၄ ၊ အမှတ် ၂၄ ။


စာ-ကဗျာချစ်စိတ် စစ်စစ်ဆိုသည်မှာလည်း ငယ်နုစဉ်ကတည်းမှ စတင်သန္ဓေတည်လေ့ရှိသည်ဟု ကြည်အေးက ပြောတတ်ပါသည်။ အချစ်စစ်မည်သည် ရိုမီယိုနဲ့ ဂျူးလီယက်တို့တွင်သာရှိသည် ဆိုသကဲ့သို့ပင်။ ဤကဗျာပါသည့် တာရာမဂ္ဂဇင်းသည် ၁၉၄၆ တွင်စတင်ထုတ်ဝေသည်၊ ကြည်အေးက ၁၉၂၉ ခုဖွား၊ ၁၈ နှစ်သမီးတွင် ထိုည ၀တ္တုတိုက ၁၉၄၇ ခုမှာ ထုတ်ဝေသည့် တာရာမဂ္ဂဇင်းအတွဲ (၁) ၊အမှတ် (၄) တွင် စပါနေလေပြီ၊ စာကဗျာကိုငယ်ကချစ်သည့်အပြင် ငယ်ကပင် ရေးသားလေသူ။ ဆိုရလျှင် ... စာရေးသူနှင့်မဂ္ဂဇင်းဖန်တီးသူ စာပေသစ်ခရီးနှင်သူချင်း စာအကြောင်းပေအကြောင်း ကဗျာအကြောင်း ပြောမဆုံးပေါင်တောသုံးထောင်များကာလက ပါသည့် အတ္တရုပ်လွှာ ကဗျာ။ ဤကဗျာကား- ကြည်အေးစိတ်ကူးကို ဒဂုန်တာရာက စာဖွဲ့ပြီး မူလစိတ်ကူးရှင်အား ကဗျာရေးသူအဖြစ် တာရာမဂ္ဂဇင်းတွင်ဖော်ပြသည်တဲ့။

ထိုစာစုဖတ်ပြီး … ၁၉၉၀ ပြည့်နှစ်ကကွယ်လွန်သွားသော ကွယ်လွန်သူစာရေးဆရာမ မိုးမိုး-အင်းလျားနှင့် ယခု ပန်းချီဆရာအဆွဲနည်းသွားသည့် -စာရေးဆရာမ မသိဂီ င်္ တို့ဆီအတွေးကရောက်သွားသည်။ မိတ်ဆွေတယောက်၏ မှတ်စုစာအုပ်တွင် ဆရာထင်လင်းရေးသားသည့် ဆုံးမစာကို မြစ်တစင်းအကြောင်း ဟူသောခေါင်းစဉ်ဖြင့် ကဗျာဖွဲ့မိစဉ်က ဆရာ့အတွေးပါဟု ၁၉၉၇ ခုနှစ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် ဖော်ပြဖူးပြီး မိုးမိုး-အင်းလျားနှင့် မသိဂီ င်္တို့ပေးသောအတွေးနှင့် ရေးမိသောကဗျာများတွင်မူ သူတို့ကျေးဇူးကို မဖော်ပြမိခဲ့။ မမိုးကတော့ သူမကွယ်လွန်မီ ရုပ်ရှင်တေးကဗျာတွင်ဖော်ပြသည့် - တြိ- ၀တ္တုတိုတွင် ထိုအကြောင်းပြောထားပါသည်။ သူခရီးတခုကအပြန် * တွေ့ခဲ့ရသည့်မြင်ကွင်းကို ၀တ္တုရေးသူပီပီ မျက်စိထဲ မြင်ယောင်လာအောင် ခရေစေ့တွင်းကျ ပြောပြပြီး နင်ကဗျာရေးဟုဆိုပါသည်။

ပုံမှန်အားဖြင့် အဆိုင်းမင့် assignment ဆန်ဆန် တာဝန်ပေးသည့်သဘောမျိုးနှင့် ကဗျာတောင်းလျှင် အလွန်တရာလက်တွန့်တတ်ပါသည်။ သို့တစေ မမိုးပြောပြသည်ကိုက စိတ်ဝင်စားစရာ… ကဗျာရေးချင်စိတ်တဖွားဖွားပေါ်သည်။ သို့နှင့် အချိန်မဆိုင်းဘဲ သူ့အမြင်ကို ကဗျာရေးဖြစ်သည်။ သို့တစေ… အောက်ခြေတွင် မိုးမိုး-အင်းလျား ပြောပြသည်ကို ခံစားရေးဖွဲ့ပါသည်ဟု မရေးမိခဲ့။ ဒိအတွက် မမိုးက စိတ်မခု။ အမျိုးသမီးကဗျာရှင်များရှားပါးသည့်ကာလတွင် ဤကဗျာ မဂ္ဂဇင်းတွင်ပါလင့်ကစား မည်သူချီးကျူးမကျူးကျူး သူ့တြိတွင်ရေးသည့်အခါ မမိုးက ထိုကဗျာကို ကျေနပ်နေသည့်ပုံဖြင့်ရေးသည်။ ကဗျာရေးရသည်က လိပ်ပြာကိုဖမ်းရသဘိသို့ …လိပ်ပြာ ဖမ်းနိုင်သူဟူ၍ပင်ရေးလိုက်သေး။ ( စကားလုံး အတိအကျတော့ မဟုတ်လေပါ။) ကွန်နှင့်ငါးသည် မိုးမိုး-အင်လျားစိတ်ကူးဖြစ်သဖြင့် ဆရာတာရာ့နှယ် ကြည်အေးစိတ်ကူးဖြစ်လေ၍ ကဗျာရေးသူကို ကြည်အေးဟု အခွင့်မပေးသကဲ့သို့ မိုးမိုး-အင်လျားဟု မရေးမိခဲ့။ မမိုးစိတ်ကူးက သို့နှယ်--

  ကွန်နှင့်ငါး

ကွန်ထဲကငါး-လွတ်မလားရယ်နှင့်
 စွမ်းအားရှိသရွေ့-မနားရုန်းကန်

ကွန်ပြင်ကငါး-ငရဲအလား
 ဆူသံကြားမှာ-မှား-မှန်မသိ
 လှုပ်ရှားမိ၍-ကွန်နှင့် ငြိလိုငြိ
 ကွန်ထဲရောက်လိုရောက်-အလှပျောက်ဆုံး
 ဘ၀ရှူံးရ
 ကွန်ထဲကငါး-လှုပ်ရှားရုန်းကန်
 ခါတရံမှာ-ကွန်ချာကလွတ်
 ကွပ်မဲ့ဘ၀-လွတ်မြောက်မှုရ
 ခါတရံမှာ
လှုပ်ရှားပါလည်း-ကွန်ကကွန်ထဲ
ကွန်ထဲပြန်ရောက်-အလှပျောက်ဆုံး
 ဘ၀ရှူံးရ

ကွန်နှင့်ငါး-ငါးနှင့်ကွန်
 ဘ၀လွန်ပွဲ -အနိုင်နွှဲဆဲ
 ကွန်ဆွဲရာနောက်-ယောက်ယက်ခတ်ကာ
 ငါးများလိုက်ပါ

စံပယ်ဖြူ၊ ၁၉၈၇ အောက်တိုဘာ 
နောက်တဦး- သူကတော့ မိုးမိုး-အင်းလျား၏ တြိ ၀တ္တုတွင်ပါသည့် ပန်းချီဆရာမ ၀ါဝါဆိုသည့် ဇာတ်ကောင်။ အပြင်တွင်တကယ်ရှိနေသည်က မသိဂီ င်္။ တရက်တွင် မသီဂီ င်္ အစောကြီးရောက်လာပြီး ကန်တော်လေးတွင်ရှိသည့် စံပယ်ဖြူမဂ္ဂဇင်း တိုက်သွားရအောင်ဟု လာခေါ်သည်။ သူ့လက်ထဲမှာလည်း သတင်းစာစက္ကူဖြင့်ပတ်ထားသည့် ပန်းချီကားတချပ်။ ထိုပန်းချီကားကို မမခင်ဆွေဦးကို သွားပေးမည်ဟုဆိုသည်။ ( နောက်ပိုင်းတွင် မမခင်ဆွေဦးကို အများစုက မေဦးဟု ခေါ်နေကြပါသည်။)

သို့ခေါ်သည်နှင့် ဇာတ်လိုက်ဆိုသည့်အတိုင်း ဇာတ်ကနဲထလိုက်ချင်လင့်ကစား ခဏလေးတော့ စောင့်ပါ-ရေချိုးလိုက်မည်ဆိုလျှင်- ထိုသို့ အဖော်လာခေါ်တတ်သူတိုင်းက ခွင့်ပြုနေကျ။ ကြာမှမကြာသည်ကို၊ ရေကမန်းကတန်းချိုး- သနပ်ခါး မညီမညာပွတ်- ဘီဒိုကပျာကယာဖွင့်လိုက်ပြီး ဘာဘာညာညာရွေးမနေဘဲ အပေါ်ဆုံးကတွေ့သည့် လုံချည်ဆွဲဝတ်၊ ကြယ်သီးပင်မပါသည့် ဘလောက်စ်အကျီ င်္ သို့မဟုတ်- တီရှပ်တထည်စွပ်လိုက်ရုံနှင့် အပြင်သွားရန် အဆင်သင့်ဖြစ်ဖို့ ၁၀ မိနစ်- ၁၅ မိနစ်လောက်စောင့်ပေးရသည်ကို မငြူစူကြ၊ ညိုမှိုင်းသော၊ ပြာမှိုင်းသော၊ မှောင်ညစ်သော လုံချည်များသာ အ၀တ်များလေ၍ အပေါ်ကစွပ်သည့် အရောင်မလွင်တတ်သည့် မည်သည့်ပြောင်အကျီ င်္ဖြင့်မဆို လိုက်ဖက်ပြီးသားမို့- အပေါ်အကျီ င်္အရောင်တမျိုး-လုံချည်က အရောင်တမျိုးဖြစ်စရာမလို၊ အလှအပကြိုက်သော-အလှအဂရုစိုက်သော ပန်းချီဆရာမပင်… ထိုအပြင်အဆင် အရောင်အရွေး အချယ်ကို အပြစ်မဆိုသာ။

ထိုနေ့က စောလွန်လွန်းနေ၍ ဒီအချိန် မမခင်ဆွေဦး မလာသေးဟု ယောက်လမ်းအိမ်ကအထွက် အလံပြဘုရားလမ်းဘက် ဦးတည်လျှောက်ချိန်တွင်ပြောသည်။ ကိစ္စမရှိဘူး… တို့က ပန်းချီကားပဲ ပေးချင်တာ… ဒီလိုပေးတာလူချင်းဆုံနေရမှာ ရှက်တယ်တဲ့- အဲဒါက မသိဂီ င်္။ သူတို့ချင်း လူချင်းမဆုံဖူးကြသေး၊ မိုးမိုး-အင်လျားနှင့်လည်း မသိဂီ င်္က စာချင်း အဆက်အသွယ်သာနှစ်ချီလုပ်နေသည်။ လူချင်းမဆုံဖြစ်ကြ၊ ကျောက်မြောင်းအိမ် မမိုးပြောင်းသွားပြီးမှ နင်မသိဂီ င်္နဲ့သိလား မေးမိသည့်အတွက်… သူတို့နှစ်ယောက်ဆုံပေးနိုင်သည်မို့ မမိုး၏ လွမ်းမောတမ်းတအမှတ်ရဖွယ် တြိ ၀တ္တုတို ထွက်လာခြင်းဖြစ်သည်။

မသိဂီ င်္ အင်းစိန်ထောင်တွင်းရောက်သွားချိန်တွင် ရေးသားထားပြီး ပုဂ္ဂိုလ်ရေးဆန်လွန်း၍ မည်သည့်မဂ္ဂဇင်းမှ မပို့ဘဲ အချိန်ဆွဲထားသည့် ၀တ္တု၊၊ နောက်ဆုံး စံပယ်ဖြူမဂ္ဂဇင်း သူ့လက်ရောက်သွားပြီး အလုပ်မအားလွန်းဘဲ စာမူတောင်းသူများ များလှလွန်း၍ မတတ်သာ၍ ပေးလိုက်ရသည့် သဘော။ ထိုစာမူပါသည့်အခါ မသိဂီ င်္ အပြင်တွင်မရှိ၊

မမိုးနှင့် လူချင်းမဆုံဘဲ နှစ်ချီစာပေးစာယူလုပ်သည့် မသိဂီ င်္ သည်မမခင်ဆွေဦးအတွက် သူအမှတ်တရဆွဲသည့် ဖန်အိုးထိုး ကနွဲ့ကယစံပယ်ပွင့်ဖြူများ ပန်းချီကားကို ပေးချင်နေပြန်သည်။ မမခင်ဆွေဦးက စံပယ်ဖြူမဂ္ဂဇင်းလုပ်နေသည်ကို၊ ယောက်လမ်းကထွက်လိုက်ပြီး အောင်ဆန်းအားကစားကွင်းကို ဖြတ်လိုက်သည်နှင့် စံပယ်ဖြူတိုက်ရှိသည့် ကန်တော်လေးသို့ ရောက်သည်မို့- နေပူပူ မိုးရွာရွာ လမ်းလျှောက်ရသည်ကို နှစ်သက်သူနှစ်ဦး စကားတပြောပြောနှင့် လျှောက်လာစဉ် ရန်ကုန်ဘူတာကြီးရှေ့ အရောက် ဖဆပလ တိုက်ခန်းတွေ ဘက်ခြမ်းတွင် ကျနေသည့် မနက်ခင်းနေခြည်တွင် ၀င်းတောက်ရွှင်နေသည့် ဇီးကွက်ရုပ်များကို ဆိုင်းထမ်းနှင့် လှည့်ရောင်းနေသည့် ဇီးကွက်သည်ကို မသိဂီ င်္က ပန်းချီမျက်စိဖြင့် အလျင်စမြင်သည်။ ပန်းချီဆရာမက ပန်းချီဆွဲလိုသည့် စိတ်ကူးကို မပြောဘဲ လူတွေ အယူသည်းသည်ကို  ထောက်သည်။ ဇီးကွက်ရုပ်ဆောင်ရင် မဆင်းရဲဘူးပြောကြတယ်- အဲဒီလိုကြေးဆို ဒီဇီးကွက်သည်လောက် ချမ်းသာမယ့်လူ မရှိဘူးတဲ့။ သူက မမိုးလို အဲဒါ ကဗျာရေးပါလားပြော-မပြော မမှတ်မိ- သို့တစေ သူ့စိတ်ကူးနှင့် ကဗျာတပုဒ် ဖြစ်လာသည်။


   ဇီးကွက်သည်

ဇီးကွက်ရုပ်လျှင်-လာဘ်ရွှင်သည်တဲ့
 လာဘ်ရွှင်မရွှင်-မှန်ပင်သူမသိ

ရွှေမျှင်ရေးရေး-ရွှေရောင်ပြေးသည့်
 ဇီးကွက်သေးကြီး- စုစည်းချိတ်တွယ်
 လွယ်အိတ်ကိုပိုး- ထမ်းပိုးကိုထမ်း
 လမ်းသွယ်လမ်းကြား-လျှောက်ကာသွား၍
 ဖောက်ကားရောင်းသူ

ဇီးကွက်ရုပ်ရောင်း-ခြေညောင်းအောင်လျှောက်
 အာခြောက်အောင်အော်-ထမ်းပိုးအောက်မှာ
 ထွက်ပေါက်မရှိ-ရင်မချိလည်း
 ဒါပဲလုပ်တတ်
 ထမင်းတနပ်-ဟင်းတဖတ်တွက်

နေပူစပ်ကြား-မရှောင်အားချေ
 နှင်းကြားတိုးဝှေ့-မိုးနေ့များစွာ
 ဖြတ်ကျော်သွားရ
 ငခုံးအသားမာ-လက်ကြားချွေးစေး
 ခေါင်းဖျားနေလောင်
 ဖ၀ါးအက်လည်း-နေ့တွက်မပျက်ရေး
 နေ့ရက်ဆက်မြဲ-ရောင်းရက်မပျက်ရဲ

ဇီးကွက်ရုပ်လျှင်- လာဘ်ရွှင်သည်တဲ့
 ဇီးကွက်ရုပ်ဆောင်- လာဘ်အောင်သည်တဲ့
 ဇီးကွက်ရုပ်ထား- လာဘ်များသည်တဲ့
 ဇီးကွက်ရုပ်ချိတ်-လာဘ်မတိတ်ချေတဲ့
 လာဘ်ရွှင် လာဘ်အောင် လာဘ်များ
 လာဘ်မတိတ်ရအောင်
 ဇီးကွက်ဆောင်သည်တဲ့
 ဇီးကွက်ရုပ်သည်…နားမလည်

ဒဂုန်မဂ္ဂဇင်း- ၁၉၈၇

ဤကဗျာကိုလည်း ကြည်အေးစိတ်ကူးကို ဒဂုန်တာရာက စာဖွဲ့ပြီး မူလစိတ်ကူးရှင်အား ကဗျာရေးသူအဖြစ် တာရာမဂ္ဂဇင်းတွင်ဖော်ပြသည် ဆိုသည်မျိုးဖြင့် မသိဂီ င်္ကဗျာဟု နာမမတပ်ခဲ့သည့်အပြင် စိတ်ကူးရှင်နံမည်လည်း မဖော်ပြခဲ့။

မိုးမိုး-အင်လျား၊ ဒဂုန်တာရာ၊ ကြည်အေး… မမိုးက အစောဆုံး-ကွယ်လွန်သွားသည်- အသက်ပင် ၄၆ မပြည့်သေး။ ဆရာတာရာက အသက် ၉၀ ကျော်သည်ထိနေသွားရသည်။ ဆရာဆုံးတော့ အန်တီကြည် ( ကြည်အေး) ကို ဖုန်းဖြင့် လှမ်းအကြောင်းကြားသည်။ မြန်မာနိုင်ငံတွင် ရိုးဖြောင့်သူများ ကျပ်တည်းကြသည်ဟု အန်တီကြည်က မှတ်ယူသော်လည်း ဆရာ့နောက်ခံ အသိုင်းအ၀ိုင်းတောင့်သည်ကို အသိအမှတ်ပြုသည်။ ဆရာ့ဈာပန အခမ်းအနားမှတ်တမ်းဗီဒီယိုကို သူ့ သမီးမှတဆင့် အင်တာနက်က ပို့ဖြစ်ပါသည်။ ကြည့်ဖြစ်-မကြည့်ဖြစ်… စကားမစပ်မိပါ။ ကြည်အေးက မိုးမိုး-အင်လျားထက် အသက်ရှည်သော်ငြား ဒဂုန်တာရာလောက် အသက်မရှည်။ ထိုသော အနုပညာရှင်တို့ဖန်တီးချက်များ ထာဝရ လင်းလက်နေမည်မို့ နောက်ဆုံးမတော့ မတတ်သာတော့ဘဲ သက်ရှိထင်ရှား ရှိ-မရှိက အရေးမပါ… အနုပညာသာ အခရာဟု … ဖာသာ တရားချမိပါတော့သည်။

( * မှတ်မိရသလောက် ငါးမွေးမြူရေးလုပ်ငန်းတခုက ဖိတ်ကြားပြီး ငါးကန်တကန်ကို သွားသည့်ခရီးဖြစ်ပါသည်။ )

မှတ်ချက်- အတ္တရုပ်ပုံလွှာနှင့်ဆက်စပ်၍ ကွန်နှင့်ငါး နှင့်ဇီးကွက်သည် ကဗျာများ၏စိတ်ကူးအစကို ပြန်ပြောခြင်းဖြစ်ပါသည်။ ၀ါချင်း၊သမ္ဘာချင်း ၊ပါရမီချင်း အနုပညာချင်း၊ ဖြတ်သန်းရသည့် ခေတ်ချင်း ကွာလှ၍ မနှိုင်းယှဉ် ထိုက်သည်ကိုလည်း သိပါသည်။ သို့တစေ သူ့စာကဗျာများကို ဤသို့ရောရေးသည်ကို အန်တီကြည်ခွင့်လွှတ်ပါမည်။ အကြောင်းရှိပါသည်။ သူနောက်ဆုံးထုတ်ခဲ့သည့် ပွင့်တင်္ဂ ကဗျာစာအုပ်တွင် အမှာရေးမလား မေးပါသည်။ အန်တီရယ် ဘုရားလောင်းနဲ့ နွားကျောင်းသား ဖြစ်နေပါမယ်- မရေးရဲပါဟု ပြန်ပြောရပါသည်။ သူ့စာအုပ်များတွင် တခြားသူများအမှာ မလို- သူလိုလားသူကို အခွင့်ပေးသော်လည်း မရေးရဲ- … သွေးနထင်လည်းမရောက်ရဲပါ။

စမ်းစမ်းတင်
 ဇန်န၀ါရီ ၁၄- ၂၀၁၇ တွင်အပြီးသတ်သည်။

Comments