ဗိုလ်ထက်မင်း - ဒုဗိုလ်ချုပ်ကြီးတင်ဦး အတွင်းရေးမှူး (၂) နဲ့ အမှတ်မထင် ဆုံခဲ့ရ - ၂



ဗိုလ်ထက်မင်း - ဒုဗိုလ်ချုပ်ကြီးတင်ဦး အတွင်းရေးမှူး (၂) နဲ့ အမှတ်မထင် ဆုံခဲ့ရ - ၂
(မိုးမခ) ဧပြီ ၅၊ ၂၀၁၈

ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ

၃၁။ စာရေးသူဟာ ဆက်ဆံရေးအရာရှိတာဝန်ထမ်းဆောင်ခဲ့စဉ်က န၀တက ဖိတ်ကြားလိုက်တဲ့  နယ်စပ်ဒေသက တိုင်းရင်းသားတွေကို ရန်ကုန်မြို့တွင်းခရီးစဉ်များအတွက် အစီအစဉ်ဇယားအတိုင်း လှည့်လည်ပြသနေရာ တဖွဲ့နဲ့တဖွဲ့အနေအထား မတူကြဘဲ ပြောင်းလွယ်ပြင်လွယ် ရှိနေတာ တွေ့ရပါတယ်။ ဥပမာ အစီအစဉ်တွေ ပါလေ့ပါထ မရှိတဲ့ သူတို့တောင်းဆိုလို့ ကားသစ်တွေကိုသာ တင်လေ့ရှိတဲ့ န၀ဒေးရုပ်ရှင်ရုံ၊ မင်္ဂလာရုပ်ရှင်ရုံ တွေမှာ ပြသပေးရတာလည်းရှိပါတယ်။ ဒီလိုအဖွဲ့တွေထဲမှာ ထူးခြားတဲ့ တိုင်းရင်သားအဖွဲတဖွဲ့ဟာ သမာရိုးကျ မဟုတ်ဘဲ သီးခြားခွဲထွက်ကာ ထူးထူးခြားခြား စီစဉ်ပေးရတာမို့ ကန့်လန့်ကာ၊ ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းလို့သမုတ်လိုက်တာဖြစ်ပါတယ်၊

နတလ ခရီးစဉ် အတွင်းရေးမှူး (၁/ ၂) အခြေအနေ

၃၂။ န၀တ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွှန့်ခရီးသွားပြီဆိုရင် စီနီယာဆိုလို့ ပြန်ကြားရေးဝန်ကြီးဗိုလ်မှူးချုပ်မျိုးသန့်သာပါပြီး ကျန်သူတွေဟာ ဗိုလ်ချုပ်စိုးမြင့်လို ဂျုနီယာတွေသာ လိုက်တာများပါတယ်။ န၀တ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး ဆင်းပြီဆိုရင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဘုန်းမြင့်၊ ယဉ်ကျေးမှုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးအောင်ရဲကျော်တို့လို ဦးသန်းရွှေနဲ့ အဆင့်တူတွေ ပါလာတာ သတိထားမိလိုက်ပါတယ်။ ဒါဟာလည်း ဗိုလ်ချုပ်တင်ဦးဟာ ကက(ကြည်း)မှာ စစ်ဦးစီး ဗိုလ်မှူးကြီး စစ်ဆင်ရေးဗိုလ်မှူးကြီး (COL; G.S) ဖြစ်ခဲ့တဲ့အပြင် ခြေလျင်လုပ်သက်အတွေ့အကြုံရှိပြီး နဂိုကလည်း ဆက်ဆံရေးပြေပြစ်တာမို့ သူနဲ့ပဲလိုက်ချင်ဟန်တူပါတယ်။ တပ်မတော်မှာ ခြေလျင်မဆင်းရင် စစ်သား မပီသဖူးဆိုတဲ့ တွေးခေါ်ချက်ကြောင့် ဗိုလ်ချုပ်ခင်ညွှန့်ဟာ တိုက်ပွဲကြီး မဖြစ်လိုက်ရဘဲ တပ်မ (၄၄) နည်းဗျူဟာမှူးဖြစ်တာနဲ့ ကက(လှမ်း) ညွှန်မှူးအဆင့်အပြင် န၀တအတွင်းရေးမှူး (၁) ရာထူးကို အမြန်ရသွားလို့ သူတို့အချင်းချင်း ပြသနာမဖြစ်သေးသော်လည်း ရှေ့တန်းတွေမှာ
လက်တွဲဖူးခဲ့ရင် ရဲဘော်ရဲဘက်သဖွယ် သံယောဇဉ်ပိုမိုကြီးမားတာမို့စစ်မြေပြင်ဆင်းခဲ့တဲ့ ဗိုလ်ချုပ်တင်ဦးကို စီနီယာဗိုလ်ချုပ်ကြီးတွေ တွယ်တာလည်းပါပါတယ်။

BLUE LABEL နဲ့ ညစာစားပွဲ

၃၃။ စာရေးသူ တိုင်းရင်းသားတဖွဲ့ကို ထူးခြားတဲ့အဖွဲ့လို့ ခေါင်းစဉ်တပ်ရတာက အခြားအဖွဲ့တွေထက် လူကြီးတွေက ပိုမိုအရေးပေး ထိတွေ့ဆက်ဆံတာတွေ့ရလို့ ရင်သတ်ရှုမောဖွယ် ဇာတ်လမ်းတွေ ရှိခဲ့လို့ဘဲဖြစ်ပါတယ်။ စလာကတည်းက ဒီအဖွဲ့ကို န၀တ က ညစာစားပွဲပေးမယ်လို့ဆိုလာပါတယ်။ အခြားအဖွဲ့တွေမှာ ပြင်ပစားပွဲတွေရှိသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက အဆင့်မြင့်ဆုံး ညွှန်ချုပ် အဆင့်သာ ဧည့်ခံပေးတာရှိပါတယ်။ စာရေးသူလည်း ညစာစားပွဲကျင်းပမည့် ပြည်သူ့ရင်ပြင် မန်နေဂျာနဲ့တွေ့ကာ SEATING PLAN ခင်းဖို့ဖိတ်ထားတဲ့ LIST စာရင်းနဲ့တိုက်ကာပြင်နေပါတယ်။ မကြာခင် G-1 ကြီး ရောက်လာကာ မိမိအခင်းအကျင်းကို စစ်ဆေးတော့ လူကြီးတွေကို ထိပ်ဝိုင်း၊ တိုင်းရင်းသားတွေအတွက် ၂ ၀ိုင်း၊ PA ၁ ၀ိုင်း ပြသရာ သူက ခေါင်းခါပြီး ပြန်ပြင်ပါတယ်။

သူက လူကြီးတွေထိုင်ခုံ တခုံခြား တိုင်းရင်းသူတွေကို လိုက်ထည့်လေရာ တခါတရံ ဒီမိန်းကလေးက ဟိုဖက်လူကြီးနဲ့ခင်တယ်လေ။ စကားကျော်ပြောနေရလို့ဘယ်ဖြစ်မလဲလို့ ပြောပြီး Name Card ကို ပြောင်းခိုင်းပါတယ်။ ဖျော်ဖြေဖို့ ကီးဘုတ်အော်ဂန်နဲ့ သတင်းထည့်ဖို့မြန်မာရုပ်မြင်သံကြားကင်မရာအဆိုင်း စာရေးသူလည်း စီစဉ်ထားကြောင်းတင်ပြ လိုက်ပါတယ်။ သူက အတွင်းရေးမှူး (၁) လာ၊ မလာ မသေချာကြောင်း။ လက်ရှိ အတွင်းရေးမှူး (၂) အဖွဲ့ လာတဲ့ ပုံစံအတိုင်းခင်းထားရန်နဲ့ လာဖြစ်ရင် ပြောင်းလွယ်ပြင်လွယ် အရံ PLAN B ခင်းရန်၊ သူရုံးပြန်ရောက်လို့ရှိရင် အတည်ပြုပေးမယ်လို့ဆိုပါတယ်။ တိုင်းရင်းသားအဖွဲ့ကို တနာရီခန့်ကြိုတင်ပြီး ပြည်သူ့ရင်ပြင် VIP အခန်း ညစာစားပွဲ လုပ်မည့်နေရာမှာ ထိုင်ခိုင်းကာ အတွင်းရေးမှူး (၂) အဖွဲ့ဘဲ လာတော့ မယ်လို့ သိရပါတယ်။

၃၄။ မကြာမှီမှာပင် အတွင်းရေးမှူး (၂) အဖွဲ့ယာဉ်တန်းတွေရောက်လာပြီး ညစာစားပွဲအစီအစဉ် စပါတော့တယ်။ စာရေးသူ မှတ်မိသလောက် ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ ဒုဗိုလ်ချုပ်ကြီးများဖြစ်ကြတဲ့ (ဘုနုးမြင့်၊ အောင်ရဲကျော်) နဲ့ ဗိုလ်မှူးချုပ် သောင်းမြင့်တို့ ပါလာပါတယ်။ ရုံးပေါ်မှာကျတော့ ယူနီဖေါင်းနဲ့လို့လား မသိ၊ ခပ်တည်တည်ကြီးနေခဲသမျှ ယခုပွဲကျတော့ ကလေးစိတ်ပြန်ပေါက် သူငယ်ပြန်တာလို့ မဆိုလိုရဲပေမဲ့ အူမြူးချီတက်လာကာ တစ်ဦးကို တစ်ဦး စ ပြောင် နောက်နေကြပါတယ်။ အော် မွန်းကျပ်မှုတွေ ဖြေပါစေလို့အပြုသဘောမြင်ပေမဲ့ မိမိကျတော့ လေရှုရတာကိုက မ၀သလိုနဲ့ ဘယ်ချိန်ဝင်ဆောင့်မလဲလို့ စိုးရိမ်စိတ်ဝင်မိပါတယ်။ လူကြီးတွေ BLUE LABEL အကောင်းစား အရက်တွေနဲ့ စားကြလေရာ ဇတ်လမ်း စပါတော့တယ်။

လူကြီးတစ်ဦး - “ ဘဘကြီးတို့က သမီးတို့ဒေသလာတုံးက သမီးတို့ လိုလေသေးမရှိ ဧည့်ခံပြုစုခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ပြီး ရန်ကုန်ကို ဖိတ်တာပါ။”

လူကြီးတစ်ဦး - “သမီးတို့လျှောက်လည်ပတ်ချင်တာပြော၊ ခရီးစဉ်အရ လည်တာတပိုင်းပေါ့။ ထပ်လည်ချင်ရင်ပြော၊ ပျော်ကြဖို့လိုတယ်။ ဘာလိုချင်သေးလဲ ပြောပါ။ ယခုတက်လာတဲ့ ဘဘတွေက လုပ်ပေးနိုင်တဲ့ အစွမ်းရှိကြတယ်ကွဲ့”

တိုင်းရင်းသူ - “ရန်ကုန်မှာ အလုပ်လေး ဘာလေး လုပ်ရရင် ဘယ်လောက်ကောင်းမလဲ”

လူကြီးတစ်ဦး - “ ဟ။ ဒါကတော့ ပါးပါးလေးကွဲ့၊ ကဲ ... သမီး မြန်မာ့အသံမှာ စာရေးလုပ်မလား”

တိုင်းရင်းသူ - “ဘဘကျေးဇူး မမေ့ပါဘူး။ လုပ်ပြီး မိဘကို လခနဲ့ကန်တော့ရမယ်လေ”

နောက်တိုင်းရင်းသူတစ်ဦး - “သမီးက အဆိုတော်ဖြစ်ချင်တာ။ မြန်မာ့အသံမှာ အသွင်းပြီး ဓါတ်ပြား ထုတ်ချင်တာလေ။”

လူကြီးတစ်ဦး - “သမီးတို့အသံက ဟိုမှာ ဘဘတို့ကို ဧည်ခံတုံးက သီဆိုပေးတာ အရမ်းနားထောင်လို့ ကောင်းတယ်။ ၀န်ကြီး ကိုမျိုးသန့်ကို ပြောလိုက်မယ်။ ဒါလေးများ”

ဖတ်ဖတ်ရယ်မော ပက်လက်ရယ်မျော

ဇာတ်လမ်း အထွဋ်အထိပ်ရောက်လာကာ စာရေးသူ နဂိုကမှ အသက်ရှုမ၀ဖြစ်နေရာမှ နှလုံးလေဟပ် ရမည့်ကိန်းဆိုက်ပါတော့တယ်။

၃၅။ လူကြီးတစ်ဦး - “သမီးတို့အသံကောင်းလို့ ကိုတင်ဦးရေ ခင်ဗျားကြိုက်ပါတယ်ဆိုတဲ့ မေဆွိရဲ့ မောင် သီချင်းကို ဘေးက သမီလေးကို ယခုမဆိုခိုင်းချင်ဖူးလား”။  ကြပ်ပါတော့တယ်။

လူကြီးတစ်ဦး - “အများပြောတဲ့ သွေးခွဲစကားတွေဆိုတဲ့ စာသားကြိုက်တယ်။ သမီးလေး ဆိုပြ”

အတွင်းရေးမှူး (၂) ဘေးက တိုင်းရင်းသူကထလိုက်ပြီး စာရေးသူအား ကီးဘုတ်ဆရာ ရမရ၊ မေးရာ ရတယ်ဆိုလို့ စတင်သီဆိုရာ ထံကရိုင်းကျကျ Key ချိန်းတာ မှန်တာမို့သီချင်းသံကောင်းနေပါတယ်။

ဘဘတစ်ဦးက ယမက်ခိုးတွေဝေပြီး သီဆိုသူကို ကြည့်မည့်အစား သူ့ဘေးက အလုပ်လိုချင်တယ်ဆိုတဲ့ တိုင်းရင်းသူလေးကို စေ့စေ့ကြည့်နေတာဟာဖြင့် ဖယောင်းတိုင်ဆို အရည်ပျော်လောက်ပါတယ်။

သီဆိုနေစဉ် မြန်မာရုပ်မြင်ကင်မရာအား ဘဘတစ်ယောက်က ရိုက်ထားပါဆိုလို့ အချွန်နဲ့ မပါတော့တယ်။ သူက အချွန်နဲ့ ဆက် မ လိုက်ပုံက ...

လူကြီးတဦး - “ ကဲကဲ ... ဘဘတင်ဦးက လက်ခုပ်တီးအားပေးရုံနဲ့ မရဖူးလေ။ သမီးလေးအသံကောင်းတာ တနိုင်ငံလုံးသိသွားအောင် ယခုလာမည့် ၈ နာရီသတင်းမှာ ထည့်ပေးခိုင်းလိုက်ပါလား”

အတွင်းရေးမှူး (၂) က စာရေးသူကို လက်ယပ် ခေါ်ကာ မြန်မာ့အသံညွှန်ချုပ် ကိုကြည်လွင်ကို 'မင်း ဆက်ပြီး ငါပြောတယ်၊ ဒို့သတင်းထည့်ရင် ယခုဆိုတဲ့ကလေးမလေးပုံ ပါအောင်ထည့်ပေးပါ' လို့ တာဝန်ပေးလိုက်ရာ နှလုံးလေဟပ်ရုံမက ငလျင်ကြီးလှုပ်လို့ ဒူးတုန်နေသလား ထင်မိပါတော့တယ်။

တကယ်တမ်း မြန်မာ့အသံသတင်းဖေါင်ပိတ်ချိန်ဟာ ည ရ နာရီ ခွဲ ပိတ်တာမို့ ကားလွှတ်လိုက်ချိန်ဟာ ည ၆ နာရီ ၄၅ မိနစ်ဖြစ်ရာ အခွေစစ်ချိန်နဲ့မှီဖို့ မသေချာတာမို့ စီနီယာကြီး ဒုဗိုလ်မှူးကြီး ကြည်လွင်ကို ထိပ်တိုက်တွေ့မည့်ကိန်း ဆိုက်နေပြီ။ ဖုံးကိုင်ပါတယ်။

စာရေးသူ - “DG ကြီးခင်ဗျား၊  အဘတူး (၂) က ယခုရောက်လာတဲ့အခွေကို ယနေ့ည ၈နာရီ သတင်းမှာ ထည့်ပေးပါလို့ပြောပါတယ်။ နောက်ပြီး မေဆွိရဲ့မောင်သီချင်း ဆိုတဲ့ ပုံလည်း ထည့်ပေးပါလို့ ဆက်ဆက် မှာလိုက်ပါတယ်ခင်ဗျ”

MRTV D.G - “မောင်ရင်ကလည်း အချိန်လည်းကြည်ဦးလေ။ ည၈နာရီမမှီရင် ဒုတိယအပိုင်း သတင်းကြေညာတဲ့ ည ၉ နာရီခွဲလောက်ဆို မရဖူးလား။ နောက်ပြီး မေဆွိသီချင်းဆိုပြတာကို ပြသတာ တမျိုးဖြစ်နေတယ်။ သူတို့ကို ဧည်ခံတာလေ။ ဒို့ဆီမှာ မြန်မာ့အသံမူ ချထားတာရှိတယ်။ အတွင်းရေးမှူး (၁) က ပြောထားတယ်။ ဘယ်လိုလုပ်မလဲ ပြန်တင်ပြလိုက်ပါလား။”

 ပြသနာက စပြီ။ စာရေးသူ အတွင်းရေးမှူး (၂) ရဲ့ PA အား တိုင်ပင်ကြည့်ပါတယ်။

PA - “ ငါ သွား သတင်းမပို့ ရဲဘူး။ ဒီလူကလည်း အတွင်းရေးမှူး (၁) က မူ ချထားတယ် ဆိုပြီး လုပ်ပြီ၊ တိုက်ပေးသလိုဖြစ်နေတယ်။ သူတို့က ပျော်နေတာ နောက်ယမကာတန်ခိုးတက်နေတာ။ အဲဒါတာသိရင် မိုးမီးလောင်ကုန်မယ်။”

စာရေးသူ လူကြီး စစ်ဦးစီးမှူး ပထမတန်းကို ဖုံးဆက်သော်၊ သူက - “သွား သတင်းပို့ရင် မှားမည်။ ဒီလူလုပ်ပုံက အတွင်းရေးမှူး (၁) နဲ့ (၂) ရန်တိုက်ပေးသလိုဖြစ်နေမယ်။ ငါလည်းဆက်မယ်။ အချိန်ကလည်း ကပ်နေလို့ ဖုံးဆိုတာ အစိုးမရဖူး။ မင်းနဲ့ငါ အချိန်ခြား ဆက်တိုက်ဆက်မယ်" ... ဆိုလာတယ်။ ကံဆိုးချင်တော့ စစ်ဦးစီးမှူး ပထမတန်း ဆက်တာမရလို့ "မင်းက စောင့်ဆက်၊ ငါပြောခိုင်းတာ မကျန်စေနဲ့ ပြောဖြစ်အောင်ပြော။ ပြီးရင် ငါဆက်ဖို့ ရှိနေလို့ ဖုံးလိုင်းရှင်းထားခိုင်း၊ မကြောက်နဲ့နော်" ဆိုပြီး ဖုံးချသွားပါတယ်။

စာရေးသူ မွန်းကျပ်လာလို့ အခန်းတံခါးဖွင့်ပြီး အပြင်လေကို အားရပါးရရှုလိုက်ကာ ပြောရမည့်စကားတွေ စီလိုက်ပါတယ်။ ပြီးတာနဲ့ ရွှေတိဂုံဘုရားကို ဦးတည်ဆုတောင်းလိုက်ပြီး ဖုံးစဆက်ပါတော့တယ်။

၃၆။ စာရေးသူ - “အဘလို့ဘဲ ခေါ်ခွင့်ပြုပါ။ ကျနော်သွားတင်ပြရင် လွယ်ပါတယ်။ ဒါပေမဲ့ ကျနော် ယခုတင်ပြမဲ့ အကျိုးအပြစ်ကို အဘ ကျေးဇူးပြုပြီး စဉ်စားထားပေးစေလိုပါတယ်။ မတင်ပြဘဲထားရင် အကျိုးက တိုင်းရင်းသားတွေဟာ ကျနော်တို့ ဗမာတွေက တန်းတူရည်တူထား ဆက်ဆံတယ်ဆိုတဲ့ ခံယူချက် ၀င်သွားပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် အထောက်အကူပြုပါတယ်။ အပြစ်ကတော့ အဘပြောသလို မူနဲ့ မကိုက်တာ ပြောစရာရှိပါတယ်။ မူကို အသေကိုင်ထားမလား၊ လူခင်ရင် မူပြင်ပါတယ်ဆိုတာ အဘတို့ပြောပြောနေကြစကား ရှိတာမို့ တိုင်းရင်းသူသီချင်းဆိုတာမျိုး သတင်းမှာ မထည့်ဘဲနဲ့ သူတို့ကို ဖျော်ဖြေနေဟန် အသံဖျောက်ပြီး ရောကြိတ်လိုက်ရင် မဖြစ်ဖူးလား။ နောက်လူကြီးတွေက တခါတလေ ပျော်နေတာကို ကျနော်က ပါရမီဖြည့်ချင်တယ်။ ဒါလည်းကုသိုလ် တပါးပေါ့လေ။” ဆိုတာပြောပြီး သူ့လေသံကို နားထောင်လိုက်ပါတယ်။

(အမှန်တော့ အရက်ရှိန်ရနေတာ ဇရက်မင်းစည်းစိမ် မပျက်စေချင်ဖူး။ ပြောလိုက်တာနဲ့ ပွဲကြမ်းကုန်မယ် ဆိုတာ ကျနော့် G-1 က ပြောဖို့ရှိနေပါတယ်။ မလုပ်ရင် န၀တနဲ့ကိုင်မည်လို့ ဆိုပါတယ်။ ကျနော်က အငယ်မို့ စကားလုံးပြောင်း၊ နားခံသာအောင် ရွေးပြောတာပါ)

MRTV D.G - “ကဲကဲ ... ငါ ကောင်းသလိုသာ ဖြတ်ညှပ်ကပ် လုပ်လိုက်တော့မယ်။ ဒါဘဲနော်”

စာရေးသူ - “ကျေးဇူးတင်ပါတယ် အဘရေ။ ကျနော့် G-1 ကလည်း ဖုံးဆက်ချင်ပါတယ်ပြောလို့ ဖုံးကိုင်ထားပေးပါဦး အဘရေ။”

MRTV D.G - “ ဟာ ... အလုပ်မလုပ်ရတော့ဖူး ၊ အေးပါဟ ။ ငါ စီစဉ်ပေးလိုက်မယ်ဆိုတာ မင်းဘဲ ပြန်သတင်းပို့လိုက်ပေါ့” ဆိုပြီး ဖုံးချသွားပါတယ်။ စာရေးသူက G-1 ကြီးထံ ဖုံးဆက်သတင်းပို့မည် လုပ်ရာ အရေးထဲ ဖုံးလိုင်း မအားဖြစ်နေပြန်လို့ G-1 နဲ့ D.G သတ်ကြတော့မည် တွေးကာ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ညစ်ညူးစွာနဲ့ပြန်ထိုင်ပါတယ်။ စောစောကဖြစ်စဉ်အရ အသက်ထွက်တော့မလို ဖြစ်နေပြီးမှ လေ ပြန်ရှုလာရပါတယ်။ ဒါတောင် ငလျင်ကြီးလှုပ်ပြီးလို့ ငလျင်ငယ်လေး ကျန်သေးတတ်တာမို့ ဆက်တိုက် လှုပ်ပါသေးတယ်။

၃၇။ လူကြီးတစ်ဦး - “ ဘဘကိုတင်ဦးက သမီးတွေ TV ထဲ ပါခိုင်းတာတော့ ဟုတ်ပါပြီ။ သမီးတွေ သူတို့ပုံတွေ ဒီမှာတခါတည်းမြင်သွားအောင် အစွမ်းပြပေးပါလားကွယ်” မူလီကြပ်ပါတယ်။

လူကြီးတစ်ဦးက - “ဒီမှာသတင်းကြည့်ချင်တယ်။ လုပ်ပေးကွာလို့” စာရေးသူကို လှမ်းပြောပါတယ်။ ဒါနဲ့ စာရေးသူက မန်နေဂျာဆီ အပြေးအလွှားသွားကာ TV ၊ ကြိုးတွေနဲ့လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာကို မြန်မာ့အသံလှမ်း အကူအညီတောင်း ဆင်ရပါတယ်။ ကံကောင်းချင်တော့ ၈နာရီ သတင်း စံတော်ချိန်တီးလုံး လာချိန်မှာ မှီသွားကာ ပြလို့ရသွားပါတယ်။

သတင်းမှာတော့ နယ်စပ်တိုင်းရင်းသားအဖွဲ့ကို ညစာတည်ခင်းနေတာပြပြီး တိုင်းရင်းသူလေး သီဆိုနေတာကို မရှင်းဘဲ မြန်မာ့အသံကဘဲ ဖျော်ဖြေနေဟန် ပုံစံမျိုးနဲ့ခင်းသွားပါတယ်။ အားလုံးက လက်ခုပ်ဝိုင်းတီးသွားပြီး ပွဲပြီးသွားခဲ့ပါတယ်။ နောက်ပိုင်း သူတို့အဖွဲ့ကို မြန်မာအသံသွင်းစတူဒီယို လေ့လာရေးဆိုကာ တိုင်းရင်းသားသီချင်းသွင်းဖို့လုပ်ခိုင်းပါတော့တယ်။ စာရေးသူက သီချင်းတိုက်နေတာ လေအေးပေးစက်အခန်းထဲမှာ အေးလာလို့ ချမ်းလာပြီး ဖျားယူရပါတယ်။ တဖန် သူတို့က တပ်မတော်သားတွေ ဖျော်ဖြေချင်လို့ဆိုကာ မင်္ဂလာဒုံအရိုးကုဆေးရုံကြီး စင်တင်တေးဂီတပွဲ တပွဲ စီစဉ်ပေးလိုက်ရပါတယ်။

၃၈။ ဇာခန်းဆီးနောက်ကွယ်က ဇာတ်လမ်းလို့ တပ်ရတာက တိုင်းရင်းသူလေးတစ်ဦး အလုပ်ခန့်ပေးမယ်ဆိုကာ 929 ကားကြီးနဲ့ လွှတ်ပြီး ကြိုခိုင်းကာ ပြန်ပို့တော့ အင်တာဗျူးလုပ်တာ ပင်ပန်းလို့လား မသိ နွမ်းဖတ်နေတာကို တွေ့ရတာ။ နယ်မြေခံတိုင်းမှူးတွေရဲ့ အသားကုန်ဖါးတဲ့ အစီအစဉ်တွေကြောင့် ဘဘကြီးကတော်များက စိတ်မချတော့ဘဲ “နယ်” “စပ်” ဒေသစည်းရုံးရေး ဆိုတာဟာ “နှာ”ခေါင်း နီ“စပ်” စည်းရုံးရေးဆိုပြီး ငြူစူလာရအတဲ့အထိ ဖြစ်ခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ကြားသိရပါတော့တယ်။

၃၉။ စာရေးသူ ဇာတ်လမ်းကို ပေးချင်တဲ့မက်ဆက်ခ်ျက စစ်အာဏာရှင်တွေဟာ မိမိလုပ်ချင်တာဘဲ သိပြီး D.G ပြောတဲ့ အများပြည်သူ ကြည်ရှုရာတွင် မသင့်တော်တဲ့ ပြကွက်ကို သိလျှက်နဲ့ ဇွတ်အတင်းလုပ်ခိုင်းမှု၊ လက်အောက် အခက်အခဲဝန်ပိစေမည့် မမျှတတဲ့ အမိန့်နဲ့တာဝန်ပေးတာတွေ၊ အမှန်တော့ စစ်အာဏာရှင်ကြီး ဦးသန်းရွေှ့ရဲ့ ညကျောင်းကို မထိုင်ချင်တာမို့ နယ်စပ်ဒေသခရီးစဉ်တွေဟာ သူတို့ရဲ့ထွက်ပေါက် အပန်းဖြေသလိုဖြစ်နေကာ နယ်စပ်ဒေသအတွက် တိုင်းရင်းသားတွေအတွက် အကျိုးရှိတာ ကြိုဆိုရပေမဲ့ အမှန်တကယ်ရေရှည်အတွက် တကယ်ကော ရှိရဲ့လား ဆိုတာ (ဥပမာ တချို့ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်မို့လို့ အစိုးရက အခွင့်အရေးစီးပွါးရေးမက်လုံးများ ပေးလိုက်ပေမဲ့ အောက်ခြေတိုင်းရင်းသားဆီ မရောက်ဘဲ ချမ်းသာပြီးချမ်းသာလာကာ၊ ဘိန်းကျတော့ အထွက်နှုန်းတိုး၊ မူးယစ်ဆေးစွဲသူ များနေတာ) စမ်းစစ်ကြည့်ကြဖို့လိုပြီး ဘေးထွက်ဆိုးကျိုးလည်း သက်ရောက်မှု ရှိနိုင်ကြောင်း၊ ထောက်လှမ်းရေးဂုရုတွေ ပြောသလို ... "သူတို့ချမ်းသာလာရင် ပျော်ပြီး လက်နက်စွန့်လွှတ်ကြလိမ့်မယ်" ဆိုတာ မစွန့်တဲ့အပြင် ယနေ့ ၂၁ ပင်လုံ NCA လက်မှတ်ထိုးဖို့လေးတောင် ခေါင်းမာနေတာဟာ ... အဲသလို ယူဆချက်တွေမှားယွင်းနေတာဘဲဆိုတာ သုံးသပ် တင်ပြလိုက်ရပါတယ်။

Comments