လမ်းလျောက်သတင်းထောက် - ဘယ်တော့ ပြောင်းလဲမှာလဲ


လမ်းဘေးသတင်းထောက် - ဘယ်တော့ ပြောင်းလဲမှာလဲ
(မိုးမခ) ဧပြီ ၂၁၊ ၂၀၁၈

မဆလ ခေတ်မှာ မွေးခဲ့ပေမယ့် မဆလအကြောင်း သေချာ မသိခဲ့ဘူး။သိတတ်တဲ့  အရွယ်ရောက်တော့ အရေးအခင်းဖြစ် စစ်အစိုးရ ဆိုတာတက်လာတယ်။ လမ်းတွေမှာ ပိတ်ဆို့နေတဲ့ သစ်ပင်တွေ ၊ မြောင်းတွေ ရှင်းလင်းတယ်။ တိုက်တာအဆောက်အဦတွေ ထုံးလိုက်သုတ်တယ်။ မြောင်းရှင်းရင်းနဲ့ ပုံးရှာ ပလုံး ရှာတာလို့ ပြောခဲ့တာ ကြားဖူးခဲ့တယ်။ ထုံးသုတ်တာကတော့ ကျည်ဆံရာတွေ လိုက်ဖုံးတာပေါ့။

နောက် ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်း ဆိုပြီး ဘုရားတွေ လိုက်ပြင်၊ ထီးတော်တွေ လိုက်တင်တယ်။
မဆလ လက်ထက်က ဖျောက်ခံထားရတဲ့ ဘိုးတော်တွေ ၊ အင်းအိုင် စမတွေ ပြန်လည်ခေတ်စားလာတယ်။
အခါပေးတွေ များလာတယ်။ ဗိုလ်ခင်ညွန့်က ရွှေတိဂုံကို ထီးချတယ်။ ထီးအသစ်လဲတယ်။

ခု လာပြန်ပြီ ... ပြောင်းလဲချိန်တန်ပြီ လို့ ကြွေးကြော်သံနဲ့အတူ တက်လာတဲ့ အစိုးရလုပ်နေတာက မြင်ဖူးတဲ့ စစ်အစိုးရအတိုင်းပဲ ဘု ရားက ဆံတော်ကို ပေးလိုက်ကတည်းက ရှစ်ဆူထဲ ပေးလိုက်တာ။ဒါကို သိကြားက ခိုး၊ နဂါး က ခိုးတော့ ဥက္ကလာပမင်းကြီးက ကမ်းနားကနေ ဗိုလ်ခြေတထောင်နဲ့ ပင့်ဆောင်လို့ ဗိုလ်တထောင်စေတီ ပေါ်လာတာ။ (တဲ့)  ဒါကို အခု ရွှေတိဂုံကိုပင့်တော့ ပြည်တော်ဝင်အခမ်းအနား ... တဲ့။

ဒါနဲ့ အခု ကျနော်တို့နေတာ တိုင်းပြည် မဟုတ်ဘူးလား။သိပ်ရေးတတ်တာလည်း မဟုတ်ဘူး။
ပြောချင်လွန်းလို့ လာပြောပြတာ။

ရွှေဝါရောင် မဖြစ်ခင်မှာ အဲဒီတုန်းက တိုင်းမှူးက ရှင်ဥပဂုတ်ဖောင်မျှောတယ်။မိုးတွေရွာလိုက်တာမှ သဲသဲမဲမဲ။ အခါပေးဆရာက ကောက်ညှင်းပေါင်း ပေါင်းတဲ့ အိုးမျိုး ယူလာတယ်။ ပွဲတွေက အများကြီးပဲ။
အခါပေးဆရာယူလာတဲ့ အိုးထဲ ဖယောင်းတိုင် စထွန်းတယ်။ ညနေဖက်ပေါ့။ ညဖက် မိုးတိတ်တယ်။ ဟုတ်သားပေါ့။ မနက်ဘက် အခမ်းအနား စချိန်လည်းကျရော မိုးက ဝုန်းဒိုင်းကြဲကို ရွာတာ၊ ညက တိတ်သွားတာ သူ အားယူနေသလားတောင် ထင်ရတယ်။

အခုလည်း ဆံတော်ရှင်ဓာတ်တဲ့။ ပြည်တော်ဝင်တယ်တဲ့။ တသက်လုံး မကြားဖူးတဲ့ စကားလုံး နှစ်လုံး သုံးလာတယ်။ ဗိုလ်တထောင်ကနေ ရွှေတိဂုံသွားတာ ပြည်တော်ဝင်တယ်ဆိုတော့ ဗိုလ်တထောင်က တော လား။

လာပြန်ပြီ ဓာတ်တဲ့။ထေရဝါဒသာသနာမှာ ဓာတ် တွေ လာရှုပ်ပြန်ပြီ။ဝိပသနာမှာတော့ နိဗ္ဗန္ဒဓာတ် ဆိုတာ ရှိတယ်လို့ ပြောဖူးတာ ကြားဖူးတယ်။ ဆံတော်တွေပင့်တာ မနက်ပိုင်းတောင် နေပူနေတာကို မခံနိုင်တာ။ ခု ဆံတော်တွေကို ရွှေတိဂုံကနေ ဗိုလ်တထောင်ပြန်ပင့်ရင် နေ့လယ် နှစ်နာရီ ဆိုတော့ သေချာတယ် ... အရင်က ဘုန်းကြီးတွေကို စစ်အစိုးရက တုတ်နဲ့ရိုက်တယ် အခုဒီအစိုးရက နေပူမိအောင် လုပ်ပြီး ဘုန်းကြီးပျံတွေ လုပ်တော့မှာ။

ဖဆပလ လက်ထက်က ပြည်သူကို ဘယ်လို ထားတယ် ၊ မဆလ ခေတ်ကျတော့ ဘယ်လိုထားတယ် မသိဘူး။ ကိုယ်မှ မမှီတာကိုး။ ကိုယ်မှီလိုက်တဲ့ ခေတ်တွေအရ ပြောရရင် စစ်အစိုးရ က ပြည်သူကို စစ်ဖိနပ်အောက်က နင်းပြားလို သဘောထားတယ်။ သိန်းစိန်အစိုးရက မိဘပြည်သူများ ခင်ဗျာ ဆိုပြီး မိဘလို သဘောထားတယ်။ အခု အစိုးရကတော့ ရွှေပွဲလာ မိဘပြည်သူများ ခင်ဗျား ဆိုပြီး
ပြည်သူတွေကို ပွဲလမ်းသဘင်တွေ ခဏ ခဏ လုပ်ပေးတယ်။

မနေ့က ဆံတော်ပင့်တော့ မနက်လေးနာရီ အိပ်ရာထရတယ်။ အစောကြီး ဆိုင်တွေ မဖွင့်သေးတော့ ဗိုက်က ဆာပေမယ့် ရေသောက်လိုက်ရတယ်။ လမ်းတလျှောက် ဝေတာလည်း ရေသန့်ဗူးပဲ ဝေတာကိုး။ ကန်တော်ကြီးနား ရောက်တော့ ပလာတာအထုပ်လေး နှစ်ထုပ်ရောက်လာတယ်။ ကားပေါ်က လူတွေ အားရဝမ်းသာ ဖြစ်ပြီး နိုင်ငံတော်ပလာတာ ဘာညာ အော်တာပေါ့။ နောက်မှ သိရတာက ကားပေါ်က လူတယောက်က သူ့ဘာသာ ဆင်းသွားဝယ်တာတဲ့။

မနက် မိုးလင်း လူကြီးလုပ်တဲ့ တာဝန်ခံတွေ မောနင်းစာ ဆွဲနေချိန်မှာ ကိုယ်တွေ အူဟောင်းလောင်းနဲ့၊ ပွဲပြီးလို့ သူတို့တွေ နေ့လယ်စာစားတော့ ကိုယ်တွေ ဒီအတိုင်းပြန်နဲ့။  မနက်ပိုင်း စားလိုက်ရတဲ့ ပလာတာလေးရယ် ... ရွှေတိဂုံဘုရားပေါ်က ဆင်းလာတော့ စတုဒိသာကျောက်ကျောရေလေးရယ် မမေ့နိုင်တော့ဘူးကွယ်။

ပြောင်းလဲချိန်က ဘယ်တော့လဲ ဟင် ...။

Comments