မိုက်ခဲစိန် - ဖေ့စ်ဘွတ်က ပြည်တွင်းရေးတွေ ၀င်စွက်နေပြီလား၊ ဇူကာဘတ်ဖြေပါ


မိုက်ခဲစိန် - ဖေ့စ်ဘွတ်က ပြည်တွင်းရေးတွေ ၀င်စွက်နေပြီလား၊ ဇူကာဘတ်ဖြေပါ
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၈

 အခုခေတ်အစားဆုံးက facebook နဲ့ fakenews တွေ ဖြစ်ပါတယ်။ ဒါတွေမပြောခင် လက်ရှိ အမေရိကားအခြေအနေကို တင်ပြရသည်ရှိသော် fakenews ကောင်းမှုနဲ့ သမတဖြစ်လာတယ်လို့ အစွပ်စွဲခံရတဲ့သမ္မတကြီး ထရန့်ကို သူတို့  FBI က အကြီးအကျယ် အမှုရှာနေပါတယ်။ သူ့တရားရေးဌာနက ၀ရမ်းထုတ်ပြီး သူ့ရှေ့နေကို ၀င်ရှာလို့ သူ ဒေါသူပုန်ထနေတယ်။ သူက တရားမ၀င်တွေ အကြမ်းဖက်တွေကို မုန်းတယ်ဆိုပြီးတော့ မက္ကစီကိုနယ်စပ်ကို တပ်မတော်လွှတ်ပြီး ကာကွယ်ရေးလုပ်ခိုင်းပါတယ်။ ပြည်ပမှာ ကုန်သွယ်ရေးစစ်ပွဲခင်းပြီး သွင်းကုန်တွေ အခွန်ကောက်နှုန်း တိုးလို့ ရန်ဖက်တွေ တိုးနေပါတယ်။ ဆီးရီးယားက သူ့ပြည်သူတွေကို ဓာတုလက်နက်သုံးတိုက်တာ ထရန့်က လက်တုန့်ပြန်မယ် ကြုံးဝါးပြီး ခုထိ ဘာမှ မလုပ်နိုင်သေးဘူး။ ပြည်ပခရီးစဉ်တွေလည်း ရွှေ့နေရတယ်။ သူတို့အစိုးရအဖွဲ့ဝင်တွေလည်း ၀င်လိုက် ထွက်လိုက်နဲ့ ဈေးအိမ်သာကျနေတာပါပဲ။ ခုနောက်ဆုံး သူတို့ပါတီက လွှတ်တော်ခေါင်းဆောင် ပေါရိုင်ရင်တယောက် နောက်ရွေးကောက်ပွဲ ဆက်မ၀င်တော့ဘူး၊ နားတော့မယ်တဲ့။ သူ့ပါတီအမတ်တွေ အနားယူကုန်တာ အများအပြားမို့ လာမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ တဖန် ပြန်အားကောင်းလာမယ့်အရေးဖြစ်နေပါတယ်။ ဒါကတော့ facts တွေ စကားချပ်။

ဆက်ပြီးတော့ ပြောရသော် လက်ရှိမှာ အထက်လွှတ်တော် ကြားနာမှု ၂ ရက် ဆက်တိုက်မှာ facebook ထူထောင်သူ မတ်ဇူကာဘတ်တယောက် အကြီးအကျယ် အနွှာခံနေရပါတယ်။ သူ့ဖေ့စ်ဘွတ်ကနေ fake news တွေ hate speech တွေ political interference တွေ မတားနိုင် မကာကွယ်နိုင်လို့ အမေရိကားကြီး လေးဘက်ပစ်နေရတာကို အမတ်တွေက ပြစ်တင်ဝေဖန်နေကြပါတယ်။ ဇူကားဘတ်ကလည်း သူ့မှာ တာဝန်ရှိကြောင်း ၀န်ခံပြီး သူလက်ရှိ လုပ်ဆောင်နေရတာတွေကို ပြန်လည် ရှင်းလင်းတင်ပြနေရပါတယ်။ လွှတ်တော်ကတော့ privacy ဆိုတဲ့ တကိုယ်ရေအချက်အလက်တွေ ကာကွယ်ပေးဖို့ အစိုးရက ဥပဒေနဲ့ ဆောင်ရွက်ရမလား၊ ကုမ္မဏီတွေက ကိုယ့်ဖာသာ စည်းကမ်းထားသင့်သလား၊ လက်ရှိ ဥရောပက privacy ဥပဒေတွေကို နမူနာယူပြီး ကိုယ့်ပြည်သူတွေကို ကာကွယ်ပေးရမလား စသည်ဖြင့် မေးခွန်းထုတ်နေကြပါတယ်။ ဆင်ခြင် စဉ်းစား တွေးခေါ် တိုင်ပင်နေကြပါတယ်။

ဖေ့စ်ဘွတ်ဆိုတာ ပေါ်ခါစတုန်းက ပျော်စရာပါ။ ကမ္ဘာကြီးက လူတွေ မျက်စိပွင့်ပြီး ချိတ်ဆက် ပြန့်ပွားစရာပါ။ ချစ်ကြ ခင်ကြ ချဲ့ထွင်ကြဆိုတဲ့ ခ ၃ လုံး ပေါ်လစီကနေ စားသုံးသူတွေဟာ ချဲကြ ချကြ ခွဲကြ ဆိုတဲ့ အခြား ခ ၃ လုံး တွေ ဖြစ်ကုန်ကြပါတယ်။ ဖော်မယ် ဖွမယ် ဖိမယ်ဆိုတဲ့ ကြွေးကြော်သံတွေ ပြောင်းကုန်ကြပါတယ်။ ပြုမယ် ပြင်မယ် ပြောင်းမယ် ဆိုတာကနေ ပွတာတွေ ပုတ်တာတွေ ပြုတ်တာတွေ ဖြစ်ကုန်ကြပါတယ်။ သည်အတွက် ပညာရှင်များ အစိုးရများ သုခမိန်များ ခေါင်းဆောင်များက ခုချိန်မှာ အချိန်မီ အုပ်မိအောင် ပြန်လည် သုံးသပ်ကြတာ ကြိုဆိုရမယ့် အချက်ပါခင်ဗျ။

 ဆိုတော့ ဖေ့စ်ဘွတ်ဖောင်ဒါကြီး ဇူကဘတ်က သူဖော်တဲ့ဆေးကို သူဘယ်လို ဖြေရှင်းချက်တွေ ပေးနေသလဲ။ ပညာရှင်တွေ စာနယ်ဇင်းသမားတွေက ဘယ်လို သုံးသပ်နေကြသလဲဆိုတာကို အကဲဖမ်းကြည့်လိုက်မိတော့ ဘာတွေ မှတ်ချက်ချနေကြသလဲဆိုတာကို တင်ပြပါမယ်။

ယေဘူယျဆိုကြသလို fake news တွေကြောင့် ၂၀၁၆ ရွေးကောက်ပွဲမှာ သမ္မတကြီး ထရန့် ရွေးကောက်တင်မြှောက်ခံလိုက်ရတယ်လို့ချည်းတော့ အတင်းမျက်စိမှိတ်ပြောလို့တော့ မရပါဘူးတဲ့ခင်ဗျ။ ဆိုရှယ်မီဒီယာတွေပေါ်က တောမီးလို့ ပြန့်သွားတဲ့ fake news တွေ့ hate speech တွေ political interference တွေ privacy ကျိုးပေါက်တာတွေဟာ အခမ်းကဏ္ဍတခုအဖြစ် ပါဝင်နေတယ်ဆိုတာ မှန်ပါတယ်တဲ့။ ဒါတွေ ပယောဂအတိုက်ခံရတဲ့ လူပြိန်းတွေ ပြည်သူတွေ မဲပေးသူတွေရဲ့ အကျိုးဆက်တွေကိုလည်း စုံစမ်းစစ်ဆေးကြည့်ရမှာ အကဲဖြတ်ကြည့်ရမှာ ဖြစ်တယ်လို့ လူတချို့က ဆိုကြပါတယ်။ လူတွေ တုန့်ပြန်မှုက ဒါတွေကြောင့် တကယ်ပဲလား ဆိုတာ မေးခွန်းပါ။

(၁) ဆိုရှယ်မီဒီယာတွေကနေ fake news တွေ အဓိက ပြန့်တယ်ဆိုတာ အမှန်ပါတဲ့။ စစ်တမ်းတွေအရ လူ ၁၀၀ မှာ ၄၀ က ဆိုရှယ်မီဒီယာတွေက ရှယ်တဲ့ fake news တွေကို သွားကြည့်ကြပါတယ်တဲ့။ အဲသည်ထဲက လူ ၁၀ ယောက်ကပဲ တကယ့် သတင်းဝက်ဆိုက်တွေကို ဖတ်ကြည့်လေ့ရှိပါတယ်တဲ့။ ဒါက NYU & Standford က သုတေသန ဖြစ်ပါတယ်။ 

(၂) fake news က ပိုပြီး ပရိသတ်ကြီးပါတယ် တဲ့။ facebook ကနေ fake news တွေကို လူတွေက  ရှယ်ကြ ကြည့်ကြ ကွန်မင့်ကြတာ ၈.၇ သန်း ရှိတဲ့အချိန်မှာ hard news တကယ့်သတင်းကို လူတွေက ဖေ့စ်ဘွတ်ကနေ သွားကြည့်တာ ၇.၃ သန်း ပဲ ရှိပါသတဲ့။ ဖေ့စ်ဘွတ်သုးံစွဲသူတွေ နောက်ဆက်တွဲ ဆက်ရှယ်တာ ပြောတာ ကွန့်ကြတာတွေကိုတော့ တိုင်းတာလို့ မရသော်လည်း သူတို့တွေဟာ fake news နောက်လိုက်ကြတာ ပိုများတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ ဒါက buzzfeed သတင်းဌာန၏ လေ့လာချက် ဖြစ်ပါတယ်။

(၃) ဒါပေမယ့် fake news ကို ဖတ်တဲ့ ပရိသတ်က တပြည်လုံးအတိုင်းအတာနဲ့ဆိုရင် သိပ်တော့ များတယ်လို့ မဆိုနိုင်ပြန်ပါဘူးတဲ့။ Princeton ကျောင်းက လေ့လာချက်က ပြောတာပါ။ လက်ယာစွဲ ရှေးရိုးစွဲတွေ အများစုကသာ ထရန့်နောက်လိုက်တွေ ဖြစ်ကြပြီး သူတို့တွေပဲ fake news အမှန်တကယ် စားသုံးကြတယ်လို့ ဆိုတာပါ။ အဲဒါက ဖေ့စ်ဘွတ်၏ အမေရိကန်ကအကောင့်ပိုင်ရှင်ပရိသတ် ရဲ့ ၁၀% ပဲ ရှိပါတယ်တဲ့။ 

(၄) fake news တွေကို ဖတ်ကြသော်လည်း သေချာမှတ်မိတာမျိုး မရှိပါဘူး။ စွဲမိစွဲရာ စွဲမှတ်ထားကြတာ များပါတယ်တဲ့။  သတင်းမှားတွေ ဖတ်ပြီး ဒါတွေကို အတိအကျ မှတ်မိတာ ယုံကြည်နေတာမျိုးထက် သူတို့ပင်ကိုယ်က ရှိတဲ့ အစွဲနဲ့ တွဲပြီး သူတို့ဖာသာ အထင်အမြင်မှားတွေကို စွဲကိုင်ထားကြတာ ဖြစ်ပါတယ်။ ထရန့်ကို ယုံပြီးသားလူက အခြားတဖက်က သတင်းကို လက်မခံတဲ့အပြင် သတင်းမှားထဲက ကိုယ်လက်ခံချင်တဲ့အချက်ပဲ အစွဲကြီးကြီးနဲ့ လက်ခံထားတာ ဖြစ်သတဲ့။ ဥပမာ ဟီလာရီဟာ FBI အေးဂျင့်ကို လုပ်ကြံခဲ့တယ်ဆိုတာကို သူ့ဖာသာသူ စွဲမှတ်ထားတယ်။ ဘယ်လိုမှ ဖြေရှင်းပေးလို့ မရဘူး။

(၅) fake news တွေကို လေ့လာစမ်းစစ်တယ်ဆိုတိုင်းလည်း ကောက်ချက်တွေမှာ အားနည်းချက်တွေ ရှိနိုင်တာပါပဲတဲ့။ fake news ကြောင့် သမတရွေးကောက်ပွဲဟာ သွေဖီမှုတွေ ရှိတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ လေ့လာချက်တချို့က ကောက်ချက်ဆွဲကြတယ်။ အဲသလောက်တော့ လွယ်လွယ်ပြောလို့ မရသေးဘူး။ နောက်ကွယ်မှာ ရှုပ်ထွေးမှုတွေ ရှိတယ်။  အခု လေ့လာချက်တွေဆိုတာက ပရိသတ်အားလုံးကို လွှမ်းခြုံမှု မရှိဘူး။ အတိုင်းအတာ အကန့်အသတ်နဲ့ ရွေးချယ်ထားတဲ့ အကောင့်တွေကို လေ့လာတာဖြစ်တယ်။ သူတို့ ကလစ်လုပ်တာ၊ ရှယ်တာကို အပေါ်ယံကနေပဲ စာရင်းကောက်နိုင်တာဖြစ်တယ်။ တကယ့်လူထုပရိသတ်ကြီးထဲ ရောက်သွားတဲ့ သက်ရောက်မှုကို သေချာ တပ်အပ် မဟောနိုင်သေးပြန်ပါဘူးတဲ့။ ဒါက slate သတင်းဌာနက ထောက်ပြတာပါ။ 

Ohio ပြည်နယ်တက္ကသိုယ်က သုံးသပ်တာကတော့ fake news တွေ ပြန့်နှံ့နေတာဟာ facebook ကတင်မဟုတ်ပဲ လူတွေရဲ့အချင်းချင်း နှုတ်ဖြားတွေကနေ ဖြစ်နိုင်တယ်။ ဟိုဘက် ဒီဘက်ကလူတွေဟာ သတင်းမှားတွေ လုပ်ကြံသတင်းတွေရဲ့ ဒဏ်ကြောင့် ဘက်ပြောင်းသွားနိုင်တယ်။ မဲပေးဖို့ အားပိုဖြစ်လာနိုင်သလို မဲမပေးဘဲ ဘေးထိုင် နောက်ဆုတ်သွားတာတွေလည်း ဖြစ်နိုင်ပါတယ်တဲ့။ ၂၀၁၆ ရွေးကောက်ပွဲမှာ လက်ယာစွဲတွေဘက် မဲပေးသူတွေ တက်လာသလို လက်ဝဲသန်သူတွေ (ဒီမိုကရက်၊ လစ်ဘရယ်) တွေဘက်က မဲပေးတဲ့ဦးရေလည်း ကျဆင်းခဲ့တယ်။ တပြည်လုံး မဲပေးသူ ပရိသတ်ဟာ 55% ပဲ ရှိခဲ့တယ်။ ၂၀၁၂ အိုဘာမားတုန်းက မဲပေးသူဦးရေဟာ ၆၂% ရှိခဲ့ပါတယ်။ 

(၆) fake news က အမေရိကန်ရွေးကောက်ပွဲကို မသက်ရောက်ခဲ့ရင်တောင်မှ အခြားကြီးမားတဲ့ သက်ရောက်မှုတွေ ပြည်သူတွေအပေါ် ကျရောက်ခဲ့ပြီး ဖြစ်ပါတယ်တဲ့။ ကဲ အကောင်းဆုံးကိုတွေးပြီး fake news ကြောင့် ထရန့်နိုင်တာ မဟုတ်ဘူး။ သူနိုင်ချင်လို့ နိုင်တာပါလို့ အတင်း ကောက်ချက်ဆွဲချင်လည်း ဆွဲကြပါတဲ့။ သို့သော် fake news ဟာ ရွေးကောက်ပွဲကို မစွက်ဖက်နိုင်ခဲ့ဘူး ဆိုချင်ဆို အခြား အမေရိကန်ရဲ့ နိုင်ငံရေး လူမှုရေးဘ၀တွေကို အကြီးအကျယ် ဂယက်ရိုက်လိုက်ပြီး ထိခိုက်ခဲ့ပြီး ဖြစ်တယ်ဆိုတာကိုတော့ ၀န်ခံသင့်ပါတယ်တဲ့။ အခုချိန်မှာ လူတွေကြားထဲမှာ စိတ်ဝမ်းကွဲပြားမှုတွေ သံသယတွေ များလာကြတယ်။ ညီညွတ်မှုထက် အငြင်းပွားမှုကို အားသန်လာကြတယ်။ အစွန်းရောက်မှုတွေ ပိုထင်ရှားလာတယ်။ မုန်းတီးမှုတွေ ပြောလာကြတယ်။ Yale က ပြောတာကတော့ အခုချိန်မှာ fake news တခုပေါ်လာရင် လူတွေက ပိုပြီး ယုံကြည်ဖို့ အလားအလာရှိနေတုန်းပဲတဲ့။ ခနခန အကြိမ်များစွာ မုသားအပြောခံရတဲ့အခါ လူတွေဟာ အဲသည် မုသားကို အမှန်လို့ ထင်လာကြတယ်ဆိုတာ ကျနော်တို့ သိထားခဲ့ကြပြီး မဟုတ်ပါလား။ 

ကဲ ဇူကာဘတ်ရေ ... သင်ကတော့ အင်တာနက်ကနေ ကမ္ဘာကြီးအတွက် အကောင်းဆုံးလက်ဆောင်ဆိုပြီး ဖန်တီးပေးလိုက်တယ်။ မီးလက်နက်လိုမျိုး မသုံးတတ်ရင် ဘေး၊ မသုံးတတ်ရင် ဆေး ဆိုတာ အမှန်ပါပဲနော့။ ပြီးတော့ ပရိသတ်ကြီးကလည်း ပညာဗဟုသုတ အဆင့်နိမ့်လာ နည်းလာရင်လည်း ဆေးမဖြစ်ဘဲ ဘေးဖြစ်အောင် သုံးပစ်ချင် သုံးကြမှာပဲ မဟုတ်လား။ ခုနင်က ပြောခဲ့သလို - ချစ်ကြ ခင်ကြ ချဲ့ထွင်ကြဆိုတဲ့ ခ ၃ လုံး ပေါ်လစီကနေ စားသုံးသူတွေဟာ ချဲကြ ချကြ ခွဲကြ ဆိုတဲ့ အခြား ခ ၃ လုံး တွေ ဖြစ်ကုန်ကြပါတယ်။ ဖော်မယ် ဖွမယ် ဖိမယ်ဆိုတဲ့ ကြွေးကြော်သံတွေ ပြောင်းကုန်ကြပါတယ်။ ပြုမယ် ပြင်မယ် ပြောင်းမယ် ဆိုတာကနေ ပွတာတွေ ပုတ်တာတွေ ပြုတ်တာတွေ ဖြစ်ကုန်နေကြ မဟုတ်လားဗျာ။ ဇူကာဘတ်သာ မြန်မာပြည်မှာဆိုရင် ပညာပေးဇာတ်ကားလေး ဘာလေး ရိုက်ပြီး တီဗီကနေ လွှင့်ရလိမ့်မယ် ထင်ပါရဲ့။
 
 Ref: - https://www.npr.org/2018/04/11/601323233/6-facts-we-know-about-fake-news-in-the-2016-election
 

Comments