ခိုင်ကြည်သစ် ● ရွှေကြာ ဘာပြောသွားသလဲ

ခိုင်ကြည်သစ် ● ရွှေကြာ ဘာပြောသွားသလဲ
(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၈

(၁)
သည်ရက်ပိုင်းထဲ မြန်မာရုပ်ရှင်တွေကို ဆက်တိုက်ဆိုသလို ကြည့်ဖြစ်နေသည်။ နောက်ဆုံးကြည့်ဖြစ်သည်က “ရွှေကြာ”။ ရုပ်ရှင်ပညာနှင့်ပတ်သက်၍ ဝလုံးကလေးပင် ဝိုင်းအောင် မရေးနိုင်သေးသဖြင့် ရုပ်ရှင်ဝေဖန် ရေးတွေ မလုပ်လို။ လုပ်လည်း မလုပ်သင့်ဟု ထင်သည်။ သို့သော် ရုပ်ရှင်၊ ဂီတ၊ အနုသုခုမမှန်သမျှ လူသားတို့နှင့်ဆိုင်၍ပေလားမသိ။ အနုပညာပစ္စည်း တစ်ခုခုကို ကောက်ကိုင်လိုက်လျှင် ရင်ဘတ်ထဲမှာ တစ်ခုခုဖြစ်လာတတ်သည်။ ဦးနှောက်ထဲ အတွေးတွေ ဆက်တိုက်ပေါ် လာတတ်သည်။ သည်လို ခံစားမိ၊ တွေးတောမိတာတွေကိုလည်း လူသားတို့သဘာဝ ပြန်ပြောပြချင်မိသည်။ သည်လိုနှင့် ရွှေကြာ ဇာတ်ကားက ပေးသော ဝေဒနာနှင့်ဆန့်ပွားမိသော အတွေးတို့ကို စာဖတ်သူအား မျှဝေဖို့ ဖြစ်လာပါတော့သည်။ ကျွန်တော် “ရွှေကြာ” အကြောင်းပြောပါရစေ။ သည်စာစုကလေးသည် ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးတစ်ပုဒ်တော့ လုံးဝ မဟုတ်ပါ။

(၂)
ရုပ်ရှင်အကြောင်းမပြောခင်၊ ရုပ်ရှင်ကို ဘယ်လိုကြည့်သလဲ ပြောပြချင်သည်။ ရုပ်ရှင်ကစလို့ အနုပညာပစ္စည်းမှန်သမျှ “အ ပြော” နှင့် “အပြ” ဟူ၍ နှစ်ပိုင်းပါသည်ဟု စာရေးသူက မြင်သည်။ အနှီ အနုပညာပစ္စည်းကို ထုဆစ်ပုံဖော်ဖန်တီးသူသည် အနုပညာခံစားသူ ပရိတ်သတ်အတွက် မည်သည့် “သုတ” ကို ပေးမည်နည်း၊ မည်သည့် “ရသ” ကို ပေးမည်နည်း၊ စသည် တို့ကို “အပြော” ဟု ခေါ်ချင်သည်။ အနုပညာတစ်ခုကို စတင်ဖန်တီးစဉ်ကပင် ပရိတ်သတ်၏ဦးနှောက်ထဲတွင် ပိုကောင်းသော အသိ၊ ပိုကောင်းသောအမြင်၊ ပိုကောင်းသောခံယူချက်ကို မွေးဖွားစေမည်ဟူသော “သုတ” ရည်ရွယ်ချက် ရှိလိမ့်မည်။ တချိန်တည်းတွင် ပရိတ်သတ်၏ ရင်ဘတ်ထဲ၊ နှလုံးသားထဲတွင် ပိုကောင်းသော ခံစားချက်၊ ပိုကောင်းသော စိတ်နှလုံးတွေ ပေါ်ပေါက်လာစေရန် ဟူသော “ရသ” ရည်ရွယ်ချက်လည်း ရှိနေနိုင်သည်။ ထိုသုတရည်ရွယ်ချက်၊ ရသ ရည်ရွယ်ချက်တွေကို ပေါင်းပြီး အနုပညာဖန်တီးသူ၏ “အပြော” ဟု သတ်မှတ်ကြည့်ခြင်းဖြစ်သည်။ “အပြော” တွေကို ပရိတ်သတ်ကြားနိုင်စေဖို့ အနု ပညာဖန်တီးမှုများဖြင့် ပြရသည်။ ရုပ်ရှင်မှာဆိုလျှင် ဇာတ်လမ်းဇာတ်အိမ်တွေ၊ ပြောစကားတွေ၊ နောက်ခံတေးဂီတ တွေ၊ ဓာတ်ပုံရိုက်ချက်တွေ၊ အလင်းအမှောင်တွေ၊ သရုပ်ဆောင်ချက်တွေ၊ စသည်စသည်ဖြင့် များပြားလှစွာသော အနုပညာ ဖန်တီးမှုတွေက “အပြ” တွေဖြစ်သည်။ သိစေချင်သော “သုတ”၊ ခံစားရစေချင်သော “ရသ” စသည့် “အပြော” တွေကို “အပြ” တွေနှင့် ပရိတ်သတ်ထံသို့ ပို့ဆောင်ရခြင်း ဖြစ်သည်။ စာရေးသူအနေဖြင့် စာဖတ်သည့်အခါ၊ ရုပ်ရှင်ကြည့်သည့်အခါ၊ သီချင်းနားထောင်သည့်အခါ၊ ကြိုက်သည်၊ မကြိုက်သည်၊ ကောင်းသည်၊ မကောင်းသည် ဝေဖန်ကြည့်လေ့ရှိသည်။ သက် ဆိုင်ရာ အနုပညာအမျိုးအစားတွေအလိုက် ပညာရပ်ဆန်ဆန်ဝေ ဖန်ဆန်းစစ်သည့် နည်းလမ်းတွေ ရှိကောင်းရှိမည်။ စာရေး သူအနေဖြင့်တော့ ပရိတ်သတ်တစ်ယောက်နေရာကပဲ ကိုယ့်အကြိုက်အတွက် ဆန်းစစ်ခြင်းဖြစ်သည်။ ထိုသို့ ဆန်းစစ်သည့် အခါတိုင်းလည်း သည်အနုပညာပစ္စည်းသည် “ဘာကိုပြောချင်ပြီး၊ ဘယ်လိုပြောပြသွားသလဲ” ဆိုသည့် ပေတံနှင့်ပဲ တိုင်းတာ မိသည်။

(၃)
သည်စာစုကလေးမှာတော့ဖြင့် “ရွှေကြာ” ဘာပြောသွားသလဲဆိုတာကိုပဲ ဆွေးနွေးကြည့်ချင်မိသည်။ ရုပ်ရှင်၏ ဇာတ်လမ်းက အလွန် ရိုးရှင်းပါသည်။ ပြည့်တန်ဆာမလေး တစ်ယောက်၏ ဘဝဖြတ်သန်းမှု တစ်စိတ် တစ်ဒေသကို ထင်ဟပ်ပြသော ဇာတ်လမ်းရုပ်ရှင်ဆန်ဆန် ဇာတ်ကားလေးဟု မြင်သည်။ “ရွှေကြာ” ဆိုသော ကလေးမလေးတစ်ဦး ငယ်စဉ်ကပင် သူမ၏ မိဘများက အိမ်ထောင်ကွဲသွားသည်။ အဖေဖြစ်သူနှင့်နေရာက အဖေက ဆုံးပါးသွားပြန်သည်။ အမေက နောက်အိမ်ထောင်ပြု သွားသည်။ ဆွေမျိုးတစ်ဦးက ရွှေကြာ့ကို ပြည့်တန်ဆာလောကထဲ တွန်းပို့လိုက်သည်။ သည်လောကထဲကရုန်းထွက်ဖို့ ကြိုး စားသော်လည်း ရုန်းမထွက်နိုင်ခဲ့။

ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေက ရွှေကြာတို့လို ပြည့်တန်ဆာတွေကို လူ့အသိုက်အဝန်းနှင့် ခွဲခြားထားခဲ့ သည်။ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေက ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို လက်တစ်လုံးခြားအသုံးချပြီး ရွှေကြာတို့ လူတန်းစား တွေကို နှိပ်ကွပ်ပြန်သည်။ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ က လိုရာမရပဲ ဆိုးကျိုးတွေ ပေးနေကြောင်းကို ရဲလိုက်ဖမ်းချိန် ပြေးရင်းလွှားရင်း ကားတိုက်သေဆုံးခဲ့သူ ပြည့်တန်ဆာမလေးတစ်ဦးဖြင့် ရွှေကြာက ဥပမာပေးခဲ့သည်။ တာဝန်ရှိဝန်ထမ်း တွေ၏ အဂတိလိုက်စားမှုကို ရွှေကြာက ဖော်ထုတ်ပြခဲ့သည်။ ခန္ဓာကိုယ်ကို ရောင်းစားနေရသူ မိန်းမငယ်တွေက ကူညီပါရစေ ဆိုသူများကို လိုင်းကြေးပေးနေခဲ့ရကြောင်း ရွှေကြာက တင်ပြသည်။ မူးယစ်ဆေးဝါးတွေ၊ စိတ်ကြွဆေးဝါးတွေ ပေါ ပေါ များများ လွယ်လွယ်ကူကူ ဝယ်ယူရရှိလာခြင်းက ရွှေကြာတို့ကို တခါတရံ ငရဲခန်းတွေထဲ တွန်းပို့တတ်သေးကြောင်း ဖော် ထုတ်သွားသည်။ ခုခံ အားကျဆင်းမှုကူးစက်ရောဂါက ရွှေကြာတို့ အဝန်းအဝိုင်းအတွက် နောက်ထပ် ငရဲခန်းတစ်ခုဖြစ်သည်။ ရောဂါကူးစက်ခံထားရပြီဆိုတာ သိသူများအတွက် ART ဆေးဝါးရရှိရေးက အရေးတကြီးလိုအပ်သည်။ ဆေးရပြန် တော့ အချိန်မီဖို့ လိုသေးသည်။ ဆေးသောက်ရင်း ပြည့်တန်ဆာအလုပ်ကိုဆက်လုပ်ရင်း ငွေရှာကြရပြန်သည်။ မိမိမှာ ရောဂါရှိမှန်း သိသဖြင့် ဖောက်သည်ကို အကာအကွယ်ပစ္စည်းသုံးဖို့ပြောသော်လည်း အချို့သကောင့်သားများက လက်မခံ။ သည်တော့ သိသိလျက်နှင့် ရောဂါကိုဖြန့်ပေးလိုက်ကြရတာမျိုလည်း ရှိသည်။ သည်အချက်တွေက ရွှေကြာတင်ပြခဲ့သော လူ့အသိုက် အဝန်းထဲက ပြဿနာရပ်တွေ ဖြစ်သည်။

ရွှေကြာက ငယ်သူမို့ပေလားမသိ။ ပြဿနာထဲက တရားခံအချို့ကို ဖော်ထုတ်သွားသော်လည်း နောက်ကွယ်က လက်မည်း ကြီးကို ထိထိမိမိ မဖော်ထုတ်နိုင်ခဲ့ဟု ခံစားရသည်။ ဖော်ထုတ်ဖို့ အခွင့်မသာခဲ့တာလည်း ဖြစ်နိုင်သည်။ ရွှေကြာ့ကို ပြည့်တန် ဆာလောကထဲ တွန်းပို့ခဲ့တာ၊ အိမ်ထောင်ရေးမပြေလည်သော မိဘတွေ လား၊ ရွှေကြာ့ကို ရောင်းစားခဲ့သည့်အမျိုးလား။ စာရေးသူကတော့ ရွှေကြာ့ကို ပခြုပ်ဆိုင်ထဲအရောက်ပို့ခဲ့သည်က နိုင်ငံရေးစနစ်ဆိုးနှင့် နောက်ဆက်တွဲ စီးပွားရေးကျပ် တည်းမှုဟု မြင်သည်။ နိုင်ငံရေးစနစ်ဆိုးအောက်တွင် ချမ်းသာသူတွေ အကြီးအကျယ် ချမ်းသာခဲ့ကြသော်လည်း၊ ဆင်းရဲသူ တွေက ကုန်းကောက်စရာမရှိအောင် ဆင်းရဲခဲ့သည်။ ဆင်းရဲတော့ ပညာမတတ်။ ပညာမတတ်တော့ ဘဝကိုမထိန်းကျောင်းနိုင်။ မျိုးဆက်တွေ အဆက်ဆက် သည်လိုအခြေအနေတွေကို ဖြတ်သန်းခဲ့ရသည့်အခါ ရွှေကြာ့အလှည့်မှာတော့ ဘဝက ဆောင် ကြာမြိုင်သို့ ဦးတည်သွားခဲ့တော့သည်။ ဒါက စာရေးသူ၏ အမြင်ကို ချဲ့ထွင်တင်ပြမိချင်းသာ။

ရွှေကြာ က ပြဿနာကိုသာ တင်ပြခဲ့သည်မဟုတ်။ ပညာပေးဖို့လည်း ကြိုးစားခဲ့သည်။ ရွှေကြာတို့လောကထဲမှာ ပညာရည် ချို့တဲ့သူတွေချည်း မဟုတ်။ ရွှေကြာ့လို မြန်မာစာကိုပဲ စာလုံးပေါင်းပြီး ဖတ်ရသူတွေရှိသလို ဘွဲ့ရပညာတတ်တွေလည်း အကြောင်းအမျိုးမျိုးနှင့် သည်လောကထဲ ရောက်လာတတ်သည်။ မိန်းကလေးတစ် ယောက် ဘယ်လိုအကြောင်းမျိုးနှင့်ပဲဖြစ်ဖြစ် မိမိ၏ အသွေးအသားကို ပထမဆုံးတစ်ကြိမ် ငွေကြေးအတွက် အသုံးချခဲ့မိလျှင် နောင် ငွေကြေးလိုအပ်လာတိုင်း မထူးဇာတ် ဆက်ခင်းကာ ပြည့်တန်ဆာဘဝကို လုံးဝရောက်ရှိ သွားတတ်ကြောင်း ရွှေကြာက ပြောပြသည်။ ကွဲအက် သွားသော မှန်တစ်ချပ်သည် ဘယ်တော့မှ အကောင်းအ တိုင်းပြန်မဖြစ်လာတော့။ ရွှေကြာက ကွဲအက်ပြီးသော မှန်တစ်ချပ်ကို အစိတ်စိတ်အမွှာမွှာကွဲအောင် ပစ်ချပြရင်း ဆယ်ကျော်သက် မိန်းကလေးများကို အသိပေးသွားသည်။ သတိပေးသွားသည်။

ရွှေကြာက ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတွေလည်း စဉ်းစားပေးသွားသည်။ ပြည့်တန်ဆာ ဆိုတာ လည်း လူသားတွေပဲ ဖြစ်သည်။ သူတို့ကို စာနာနားလည်နိုင်ဖို့ အကြံပြုသည်။ နွံ့နစ်နေသူ ကို ညစ်ပတ် ပေရေနေသည်ဟုဆိုကာ အပြစ်မတင်ပဲ ထိုနွံထဲက ဝိုင်းဝန်းဆွဲတင်ကြဖို့ အကြံပြုသည်။ ဥပဒေဖြင့် အကာအကွယ်ပေးဖို့ တောင်းဆိုသွားသည်။ ရွှေကြာတောင်း ဆိုသွားသည်က လက်တွေ့ကျသည်။ နိုင်ငံတကာမှာလို ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ငန်းအဖြစ် ချက်ချင်းသတ်မှတ် ပေးဖို့ မတောင်းဆို။ ချက်ချင်းလုပ်၍လည်း မဖြစ်နိုင်။ ဆန့်ကျင်ဘက်အမြင်ရှိသော လူ့အသိုက်အဝန်း၏တွန်းကန်မှုတွေ ရှိနေသည်မဟုတ်လား။ သည့်အတွက် ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင် လုပ်ငန်းအဖြစ် သတ်မှတ်ပေးသော ဥပဒေတစ် ရပ်ပေါ်ထွက်လာဖို့ထက်၊ တရားမဝင်ဟု သတ်မှတ်ထားသည့် ဥပဒေပြဌာန်းချက်ကို ပယ်ဖျက်ပေးဖို့ အကြံပြု တောင်းဆို သွားသည်။ သည်လိုဆိုလျှင် သူတို့ကို စနစ်တကျ ထိန်းကွပ်လာနိုင်သလို၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ထိထိမိမိ ဆောင်ရွက်နိုင်မည် မဟုတ်လား။ ရောဂါထိန်းချုပ်ရေးဟူသည်ကရွှေကြာတို့အတွက်ချည်း အကျိုးရှိသည်မဟုတ်။ လူသားထု တစ်ရပ်လုံးအတွက် အကျိုးရှိမည့်ကိစ္စဖြစ်သည်။

(၄)
ရွှေကြာက လူ့အသိုက်အဝန်း၏ ပြဿနာကို တင်ပြသည်။ ထိုပြဿနာတွေထဲက တရားခံတွေကို သူမ တတ်နိုင်သလောက် ဝေဖန်သည်။ ပြီးတော့ ပြဿနာထဲကို ထပ်ရောက်လာနိုင်ချေရှိသည့် သားကောင်တွေကို ပညာပေးသည်။ ထိုမျှမကသေး။ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတွေကိုလည်း အကြံပြုသွားသည်။ ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးက ပရိတ်သတ်ကို သိစေချင်သော “သုတ”၊ ခံစားစေချင်သော “ရသ” တွေကို ပြောဖို့ အနုပညာဖန်တီးမှုကောင်းတွေနှင့် တင်ပြ နိုင်ခဲ့သည်ဟု စာရေးသူက ယုံကြည်သည်။ ထို့ကြောင့်ပင် သူပြောချင် တာတွေကို သည်စာစုကလေးက တဆင့် ထပ်ပြောပြခြင်း ဖြစ်သည်။ စာရေးသူ သတိထားမိသလောက် သည်စာစုကိုရေးသားချိန်တွင် ရွှေကြာဇာတ်ကားကို ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသခြင်း မရှိတော့။ ထို့ကြောင့် ရုပ်ရှင်ကြည့်ဖြစ်လိုက်သူတွေအနေဖြင့် မိမိအမြင်နှင့် စာရေးသူအမြင် တိုက်ဆိုင်ကြည့်ခြင်းဖြင့် အရသာ တစ်မျိုး တွေ့စေလိုပါသည်။ ရုပ်ရှင်မကြည့်လိုက်ရသူများအနေဖြင့်လည်း သည်စာစုကိုဖတ်ရင်း ရွှေကြာ ဘာပြော သွားသလဲ ကြားသိသွားစေလိုပါသည်။ အထူးသဖြင့် တာဝန်ရှိသူများက ရွှေကြာ ဘာပြောသွားသလဲသိဖို့ ပိုမိုလိုအပ် မည်ဟု ထင်ပါသည်။ ရွှေကြာတို့ အသိုက်အဝန်းအတွက် အကာအကွယ်ပေးဖို့ စဉ်းစားပေးဖို့လိုသလို၊ ရွှေကြာတွေထပ်ပြီး မပေါ် ပေါက်လာဖို့ နိုင်ငံရေးဝန်းကျင်ကောင်း၊ စီးပွားရေးစနစ်ကောင်း တစ်ခုကို တည်ထောင်ဖို့လည်း ကြိုးစားကြရပါမည်။ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ပြင်ဆင်ရေးမှသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးအထိ အားကောင်းမောင်းသန် ဖြစ် ကြဖို့ လိုပါသည်။

ရွှေကြာ ရုပ်ရှင်ကို ဖန်တီးသူတွေက ရွှံနွံတွေကြားမှာ ကြာပန်းလေးတစ်ပွင့် လှလှပပ ပွင့်နေတာကို ရိုက် ပြသွားသည်။ တ ကယ်တော့ ဇာတ်လမ်းထဲက ရွှေကြာဆိုသော ကောင်မလေးသာ လှပနေလို့ မဖြစ်။ ကြာပန်း တွေမှန်သမျှ မွှေးနေ၊ အေးနေဖို့ လိုသည်။ ရေကန်သာမှ ကြာတိုင်းအေးမည်မဟုတ်လား။

Comments