မိုနေးသစ် ● တော

မိုနေးသစ် ● တော
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၈

ကားမီး​ရောင်​​ကြောင့်​ မျက်​လုံး​တွေ ခဏတာ ပြာ​ဝေသွားခဲ့တယ်​။ အ​ဝေးညရှုခင်း​တွေကို​ ငေး​နေမိ​နေချိန်​ အ​ဝေး​ပြေးကား လမ်းမဖက်​က ကားတစ်​စီး​မောင်းနှင်​လာတာ​ကြောင့်​ အ​တွေးများပြတ်​​တောက်​သွားခဲ့ပါတယ်​။ ကိုယ့်​​မွေးရပ်​​မြေကိုပြန်​လာရ တယ်​ဆို​တော့ ရင်​ထဲမှာလှပ်​ကနဲဖြစ်​ပြီး အတိတ်​ကိုပြန်​လည်​​တွေးမိကာ ရင်​ခုန်​​နေခြင်းလည်း ဖြစ်​ပါတယ်​။ ကွေ့​ကောက်​​နေတဲ့ အတက်​အဆင်းများတဲ့ တာလမ်းမဖက်​ကို က​လေးဘဝ ညည​တွေမှာ ဝရန်​တာဖက်​ထွက်​ရင်း ​စောင့်ကြည့်ခဲ့ပါတယ်။ နေ့ရော ညပါ အီဇူးဇူးကား အဝါကြီး​တွေက သစ်​လုံး​တွေသယ်​​ဆောင်​​နေတဲ့အချိန်​လည်း ​ဖြစ်​ပါတယ်​။ ရွာအ​နောက်​ဖက်​ကပ်​ရက်​မှာ ​တောအုပ်​​တွေရှိခဲ့ပါတယ်​။ ကျွန်းပင်​​တွေ လက်​ညှိုး ထိုးမလွဲရှိနေပါတယ်​။ အများအားဖြင့်​ သက်​တမ်းရင့်​အပင်​ကြီး​တွေဖြစ်​ပါတယ်​။သစ်​​တောကြိုးဝိုင်း​တွေထဲက​နေ သက်​တမ်းရင့်​ကျွန်းပင်​အကြီးကြီး​တွေကို သယ်​​ဆောင်​​နေခြင်းလည်းဖြစ်​ပါတယ်​။

တန်​ဖိုးရှိလှတဲ့သစ်​​တော​တွေ ကျ​နော်​တို့ရွာက​လေးရဲ့အ​နောက်​ဖက်​မှာတည်​ရှိခဲ့ပါတယ်​။ ငယ်​ငယ်​က အ​မေနဲ့​တောထဲထင်း ခုတ်​ထင်း​ခွေခဏခဏလိုက်​ဖူး​တော့ သစ်​ပင်​ကြီးကြီးမားမား​တွေနဲ့ စုံလင်​လှတဲ့​တောအုပ်​ကြီး​တွေရှိခဲ့တယ်​ဆိုတာ သိခဲ့ရပါ တယ်​။ အိမ်​မပြန်​ဖြစ်​တာကြာ​တော့ ရွာအ​နောက်​ဖက်​က​တောအုပ်​​တွေ ခုထိကျန်​​နေ​သေးလား​ သေချာမသိ​တော့ပါ။ ကျ​နော်​တို့ငယ်​ငယ်​က ကျွန်း​တောကြီး​တွေ​ရော ခုထိရှိနေ​သေးလားမသိ​တော့ပါ။

ကျ​နော်​တို့ရွာက​လေးက​ တောင်​ကျ​ချောင်းနှစ်​ခုကြားထဲမယ်​ ရှိနေတာပါ။ ဘယ်​ရာသီမဆို ဖြတ်​သန်းစီးဆင်း​နေတဲ့​ချောင်း​တွေလည်း ဖြစ်​ပါတယ်​။ မိုးရာသီဆိုရင်​​တော့ ကမ်းလုံးပြည့်​ အရှိန်​အဟုန်​ပြင်းစွာ တ​ဝေါ​ဝေါစီးဆင်းပါတယ်​။ နွေရာသီ​ရောက်​ပြီဆိုလျှင်​​တော့​ ရေကြည်​​နေပြီး​ ရေထဲကကူးခတ်​သွားလာ​နေတဲ့ငါး​တွေကိုပါ ကြည့်​​နေမြင်​​နေရပါတယ်​။ ရွာက​လေးကို အလည်​သွား​တော့ အကို​တော်​တစ်​​ယောက်​ အဲဒီ​ချောင်းက​လေးထဲ လက်​ပစ်​ကွန်​တစ်​ခုနဲ့ ထွက်​သွားတယ်​။ သူပြန်​လာ​တော့ ပလိုင်း​လေးထဲမှာ ဒီ​နေ့အတွက်​ ဟင်းစားငါးက​လေး​တွေပါတယ်​။ အမြန်​​ရေ​ဆေး ချီး​ဖောက်​ပြီး ဟင်းတစ်​ခွက်​တည်​ပါ​တော့တယ်​။ ရွာက​လေးရဲ့ဟင်းတစ်​ခွက်​အဖြစ်​လည်း​ ချောင်းရိုးက​လေးက အသင့်​ရှိ​နေတတ်​ပြန်​ပါတယ်​။ မိုးရာသီဆို​ချောင်း ထဲမှာ သစ်​လုံး​တွေ​မျောပါလာတဲ့အချိန်​​တွေလည်း ရှိခဲ့ပါတယ်​။ မ​တော်​တဆဖြတ်​ကူးရင်း နစ်​မြုပ်​သွားတဲ့ရွာသား​တွေလည်း တစ်​​ယောက်​စ နှစ်​​ယောက်စ​​ ရှိခဲ့ဖူးပါတယ်​။

ရွာက အမ​တော်​ကလည်း အ​တော်​​လေး သ​ဘော​မ​နော​ကောင်းရှာပါတယ်​။ အိမ်​ဝင်းထဲစိုက်​ထားတဲ့ ဟင်းခ​ပေါင်းသီး​တွေ ခူးတယ်​။ ပဲသီး​တွေခူးပြီး​တော့ ဟင်းသီးဟင်းရွက်​​တွေနဲ့ ဖွယ်​ဖွယ်​ရာရာ ထမင်းမြိန်​​အောင်​ ချက်​​ကျွေးပါ​တော့တယ်​။ ရွာမှာက ဟင်းတစ်​ခွက်​အတွက်​ ပိုက်​ဆံကုန်​စရာမလိုပါ။ ဟင်းသီးဟင်းရွက်​​တွေကို စိုက်​ပျိုးထားကြရသည်​။ ယုတ်​စွအဆုံး ဧည့်​သည်​လာပါက အိမ်​တွင်​​မွေးထား​သောကြက်​မကြီးရဲ့ ဥကျင်းထဲက​နေ ကြက်​ဥနှစ်​လုံးသုံးလုံး​လောက်​ သွားနှိုက်​လိုက်​​​တော့ ဟင်း​ကောင်းတစ်​ခွက်​ ထွက်​လာပါတယ်​။ ဧည့်​သည်​လာပြီဆို သူ့ထက်​ငါ အိမ်​လည်​​ခေါ်တတ်​တာ ထမင်းဟင်း​တွေ ဖွယ်​ဖွယ်​ရာရာ ချက်​​ကျွေးတတ်​တာက ကျ​နော်​တို့ရွာဓ​လေ့ပါ။ သိသိ မသိသိ ခင်​ခင်​ မခင်​ခင် ​ဧည့်​သည်​ကို ထမင်းဖိတ်​​ကျွေးရတာကို ဂုဏ်​ယူ​လေ့ရှိကြပါတယ်​။

ငယ်​ငယ်​ကဆို ကျ​နော်​တို့မိသားစုပိုင်​ဆိုင်​တဲ့ ရွာနားက ဥယျာဉ်​ခြံထဲကို ငှက်​​ပျောဖက်​​တွေကိုမီးကင်​ပြီး ထုပ်​ထားတဲ့ထမင်း ထုပ်​​တွေနဲ့ မနက်​​စော​စောက​နေသွားကြပါတယ်​။ ရန်​ကုန်​မြို့ကြီးမှာ​နေတဲ့သူ​တွေ ကန်​​တော်​​ကြီးတို့ အင်းယားကန်​တို့​ ပျော်​ပွဲစားထွက်​သလိုမျိုး​ပေါ့။ ကျ​နော်​တို့ဥယျဉ်​ထဲမှာ သရက်​ပင်​​တွေ ငှက်​​ပျောပင်​​တွေ ပိန္နဲပင်​​တွေ သြဇာပင်​​တွေ မာလကာပင်​​တွေ၊ ဆူးပုတ်​ပင်​​တွေ၊ နာနတ်​ပင်​​တွေ၊ ချဉ်​​ပေါင်​​တွေ ဗူး​တွေ ဖရုံ​တွေ စုံလင်​လှ​အောင်​ စိုက်​ပျိုးထားပါတယ်​။ စမ်း​ချောင်း​လေးတစ်​ခုလည်း ဖြတ်​စီး​နေလို့​ ရေအတွက်​မပူပင်​ရပါ။ ခြံထဲကအလုပ်​​တွေ​ပေါင်းရှင်းတာ သစ်​ပင်​စိုက်​တာ​တွေပြုလုပ်​ပြီး အ​ဖေက​တော့ အဲဒီစမ်း​ချောင်း​လေးထဲက ငါးပုစွန်​​တွေကို ဟင်းစားတစ်​ခွက်​​လောက်​ရ​အောင်​ လိုက်​ဖမ်းတတ်​ပါ​သေးတယ်​။  အ​မေက​တော့ အဲလိုအသက်​သတ်​တာကို အားမ​ပေးပါ။ ဘုရားတရားမြဲသူမို့ ပါဏာတိပါတာလုပ်​တာကို အမြဲကန့်​ကွက်​ခဲ့ပါတယ်​။ ကျ​နော်​တို့က​လေး​တွေ အ​မေ့​ရှေ့မှာ အ​ဖေဖမ်းလာတဲ့ ငါးပုစွန်​​တွေကို လက်​နဲ့ပင်​မထိရဲပါ။ ဟင်းချက်​ပြီး အ​ဖေ့ ကိုပဲ​ ကျွေးပါသည်​။ အ​မေ့ရဲ့စကားတစ်​ခွန်းက​တော့ က​လေး​တွေကို အကုသိုလ်​မ​ပေးနဲ့ပဲ ဖြစ်​ပါတယ်​။
ဥယျာဉ်​ထဲက ဟင်းသီးဟင်းရွက်​​တွေခူးရတာ စမ်း​ချောင်းထဲ​ ဆော့ကစားရတာ​တွေကို ကျ​နော်​တို့က​လေးငယ်​​တွေ အရမ်း​ပျော်​ရွှင်​ရပါတယ်​။ နေ​လေးနည်းနည်းမြင့်​လာ​တော့ စမ်း​ချောင်းထဲ​ ရေချိုးကြပါတယ်​။ ပြီး​နောက်​ သရက်​ပင်​ကြီး​အောက်​မှာ ငှက်​​ပျောရွက်​​တွေခူးပြီး ခင်းပါတယ်​။ ပါလာတဲ့ ငှက်​​ပျော်​ရွက်​ထုပ်​ထမင်း​တွေကို ကျ​နော်​တို့မိသားစုချကာ​ ပျော်​ရွှင်​စွာ ဝိုင်း ဖွဲ့စား​သောက်​ကြပါတယ်​။ ငှက်​​ပျောရွက်​မီးကင်​ထားတဲ့အနံ့​လေးက သင်းသင်း​မွှေး​နေတာ​ကြောင့်​ ကျ​နော်​တို့ ထမင်း စားရတာပိုပြီးမြိန်​လှပါတယ်​။ ပြီး​တော့ သရက်​ပင်​​အောက်​မှာပဲ ပါလာတဲ့ပုဆိုး​လေး​တွေဖြန့်​ခင်းပြီး တ​ရေးတ​မောအိပ်​လိုက်​ကြပါ​သေးတယ်​။ ဥယျာဉ်​ထဲမှာက ​ကျေးငှက်​တို့ရဲ့အသံ​ လေတိုးသံနဲ့ စမ်း​ရေစီးသံကလွဲလို့ ဘာသံမှမကြားရပါ။ ငြိမ်းချမ်း တိတ်​ဆိတ်​လှပါတယ်​။ ဥယျာဉ်​​တောင်​ကုန်းထိပ်​က​နေလှမ်းကြည့်​လိုက်​​တော့ စိမ်းစို​နေတဲ့လယ်​ကွင်း​တွေ တစ်​​မျှော်​တ​ခေါ်​တွေ့ရပါတယ်​။ ထိုလယ်​ကွင်း​တွေရဲ့အဆုံးတစ်​ဖက်​မှာ​တော့ တသွင်​သွင်​စီးဆင်း​နေတဲ့ ချည်​​ချောင်းကြီးရှိနေပါတယ်​။ မိုးရာ သီမှာ​တော့ ​ရေစီးသန်​ပြီး​နွေရာသီနှင့်​​ ဆောင်းရာသီ​ဆို​လျှင်​ ​ရေနည်းပြီး​ရေမှာ အလွန်​ကြည်​လင်​​နေပါတယ်​။ ရေ​အောက်​က​ကျောက်​စရစ်​ခဲ​လေး​တွေရယ်​ သဲမှုန်​​လေး​တွေရယ်​ ငါးက​လေး​တွေ ကူးခတ်​​နေတာမြင်​ရသည်​မှာ အလွန်​ကြည့်​​ကောင်းလှပါ တယ်​။ ကျ​နော်​တို့ငယ်​ငယ်​က ​ချောင်းထဲ​ရေသွားချိုးရတာကို အလွန်​​ပျော်​ရွှင်​ခဲ့ပါတယ်​။ သဲအိမ်​က​လေး​တွေ​ ဆောက်​တမ်း ကစားရင်း​ကျောက်​ခဲ​လေး​တွေ ဟိုပစ်​ ဒီပစ်​ လုပ်​ရင်း ခရု​လေး​တွေလိုက်​​ကောက်​ရင်း ကျ​နော်​တို့က​လေးငယ်​​တွေ​ ပျော်​ရွှင်​ကြည်​နူးမှုမှာ အတိုင်းမသိပါ။

အသက်​နည်းနည်းရလာ​တော့ ​တောရှုခင်း​လေး​တွေ ​တောင်​ရှုခင်း​လေး​တွေစိမ်းစို​နေတဲ့ လယ်​ကွင်း​လေး​တွေကို ပိုချစ်​တတ်​လာခဲ့ပါတယ်​။ တသွင်​သွင်​စီးဆင်း​နေတဲ့ စမ်း​ချောင်း​လေး​တွေကို ချစ်​တတ်​လာပါတယ်​။ ​တောအုပ်​​တွေ တဖြည်းဖြည်း​လျော့ နည်းလာတာကို စိုးရိမ်​မိပါတယ်​။ တောင်​​တွေ​ တောင်​ကဂတုံးဖြစ်​မှာကို စိုးရိမ်​မိပါတယ်​။ ဒါ​ပေမယ့်​ အချိန်​နဲ့ဖြစ်​ပျက်​မှုကို တားဆီးလို့မရနိုင်​ပါ။ လူဦး​ရေ​တွေတိုးလာတယ်​ သစ်​ပင်​ခုတ်​တဲ့အ​ရေအတွက်​​တွေ များလာတယ်​။ ​တော​တွေ တစ်​​နေ့ထက်​တစ်​​နေ့ ပြုန်းတီးလာပါတယ်​။ သစ်​ပင်​စိုက်​ဖို့ကျ​တော့ ဘယ်​သူကမှ အထူးဂရုပြုအ​လေးမထားကြပါဘူး။ တစ်​​နေ့တစ်​​နေ့ ထင်းလှည်း​တွေဖြတ်​သန်းသွား​နေတာ မြင်​ရဖူးပါတယ်​။ ဝါး​ဖောင်​​တွေ​ မျှောချသွားတာ မြင်​ရဖူးပါတယ်​။

ကိုယ်​မှီခို​နေရတဲ့သဘာဝပတ်​ဝန်းကျင်​ကို ကိုယ်​ကပြန်​လည်​​စောင့်​​ရှောက်​မှဖြစ်​မယ်​ဆိုတာ သတိ​တောင်​မရကြပါဘူး။ ကျ​နော်​တို့​ မေ့​လျော့ထားလို့မဖြစ်​တဲ့နှစ်​​တွေ ဖြစ်​လာ​နေပါပြီ။ သဘာဝပတ်​ဝန်းကျင်​အ​ပြောင်းအလဲက ပိုမိုမြန်​ဆန်​လာပါပြီ။

အရင်​တုန်းက​ ဆောင်း​နွေမိုး ရာသီမ​ရွေး​ ရေအိုင်​​တွေ​ မြောင်း​တွေနဲ့ရှိနေတဲ့ ကျ​နော်​​နေထိုင်​တဲ့အိမ်​က​လေးမှာ ခုဆိုမိုးရာသီ တစ်​ခုကလွဲရင်​​ ရေလုံးဝမရှိ​တော့ပါ။ ကန်​စွန်းပင်​ မြင်းခွာရွက်​ အစရှိတဲ့ အပင်​ငယ်​​တွေ ရှင်​သန်​စိမ်းစို​နေကျ​ ရေ​မြောင်း​လေးဟာ​ ခြောက်​​သွေ့ပတ်​ကြားအက်​​တွေထလို့​နေပါတယ်​။ ​နွေရာသီဆို သစ်​ရိပ်​ဝါးရိပ်​​တွေ နည်းပါးလို့ အပူဒဏ်​ကိုသိသိ သာသာခံ​နေကြရပါတယ်​။

အိမ်​​ဘေးနားကကျွန်းပင်​ကြီးလည်း ကျွန်းရွက်​​တွေနု​နေတာ​ နှေးလိုက်​တာလို့ ထင်​မိပါတယ်​။ နေပူလာ​တော့ သစ်​ရိပ်​ဝါးရိပ်​​တွေကို​ တောင့်​တကြစမြဲပါ။ နွေရာသီ​တောဖက်​သွားလျှင်​ သစ်​တစ်​ပင်​ရဲ့အရိပ်​က လွန်​စွာမှအ​ဖိုးတန်​​ကြောင်း သိလာပါလိမ့် မည်​။ ​ကျေးငှက်​တိရစ္ဆာန်​​တွေပင်​ ​ရေရှိရာသစ်​ပင်​​တွေရှိရာကို​ ရေကြည်​ရာမြက်​နုရာ လိုက်​ရှာ​နေကြပါတယ်​။ သစ်​​တောသစ်​ပင်​ဆိုသည်​မှာ ​တောတိရိစ္ဆာန်​တို့ မှီခို​နေထိုင်​ရာအိမ်​ပဲဖြစ်​ပါတယ်​။ သစ်​​တောသစ်​ပင်​​တွေရှင်​သန်​မှ သတ္တဝါ​တွေလည်း ရှင်​သန်​​နေထိုင်​နိုင်​မှာပါ။ ဒါ​ကြောင့်​ ဥတုရာသီ​ တောကိုမှီဆိုတဲ့ ဆိုရိုးစကားရှိ​နေတာဖြစ်​မှာပါ။

အ​မေ့ရွာက​လေးကို ​ကျောင်းပိတ်​ရက်​ တစ်​​ခေါက်​​တော့​ရောက်​ဖြစ်​ခဲ့ပါတယ်​။ ​ပေါင်းမိုးတပ်​နွားလှည်း လေးနဲ့ တစ်​မိသားစုလုံး​ပျော်​​ပျော်​ပါးပါး သွားခဲ့ကြတာပါ။ ​ချောင်းက​လေးကိုဖြတ်​​တော့ နွား​တွေ​ရေဆာ​နေတာနဲ့ ခဏရပ်​ပြီး နွား​တွေ​ရေ​သောက်​​နေ တာကို ခဏ​စောင့်​ရပါတယ်​။ ကျ​နော်​တို့ဆီကနွား​တွေကို မိမိရဲ့အသက်​သခင်​​ကျေးဇူးရှင်​​တွေအဖြစ်​ တန်​ဖိုးထားကြပါတယ်။ တိရစ္ဆာန်​ဆိုပြီး​တော့ မညှာမတာ မခိုင်းရက်​ကြပါဘူး။ နှင်​တံ​ဆောင်​ထား​ပေမယ့်​လည်း ​ချော့​မော့ပြီး ​ဖေ့သားကြီး​ရေ လုပ်​လိုက်​ပါဦးကွ ကြိုးစားလိုက်​ပါဦးကွနဲ့ ခိုင်းတတ်​ကြပါတယ်​။ အစာ​ကျွေးချိန်​​ရောက်​လျှင်​လည်း အိမ်​မှာနွားစာ​ခေါင်းအကြီးကြီး ကိုသစ်​လုံးကြီးတစ်​ခုနဲ့ အ​သေအချာထွင်းထားတာပါ။ အဲဒီအထဲ နှမ်းဖတ်​ကို အ​သေအချာနူး​အောင်​​ရေစိမ်​ထား ​ပြောင်းရိုး​တွေ ​ကောက်​ရိုး​တွေကို​သေချာစဉ်းထား ၊ ပြောင်းဖူး​တွေလည်း​ ရေစိမ်​ထား၊ ပြီး​တော့​ သေချာနယ်​ဖတ်​ပြီး ဝဝလင်​လင်​ဖြစ်​​အောင်​​ ကျွေး​မွေးတာပါ။ ဒါ​ကြောင့်​ တ​သွေးတ​မွှေးနဲ့ ဝဖီး​နေတဲ့နွား​တွေကိုပဲ​ တွေ့ကြရမှာပါ။ ဘယ်​​တော့မှလည်း နွားမ​တွေကို ခိုင်းနွားအဖြစ်​အသုံးမပြုကြပါ။ ဘယ်​​တော့မှ နွားမကို လှည်းတပ်​ပြီးလည်း မဆွဲခိုင်းပါ။ နွားမ​တွေကို နွားနို့ညှစ်​ဖို့နဲ့ မျိုးပွားဖို့အတွက်​ပဲ အသုံးပြုကြပါတယ်​။

လမ်းတ​လျှောက်​သီချင်း​လေး​တွေဆိုလို့ ​တောင်​ကုန်းလွင်​ပြင်​​တွေကိုဖြတ်​​ တောအုပ်​​တွေဖြတ်​ လယ်​ကွင်း​တွေဖြတ်​ပြီးသွားရ တာတကယ့်​ကို​ပျော်​စရာပါ။ လမ်း​ဘေးက​တောအုပ်​ထဲ ဝါးရုံ​တော​တွေကိုလည်း ခဏခဏဖြတ်​ကြရပါတယ်​။ ဖြောင့်​တန်း​နေတဲ့ ဝါးပင်​အကြီးကြီး​တွေကို​ တွေ့ရပါတယ်​။

ဘုတ်​ငှက်​ ခါငှက်​ ​ဒေါင်းငှက်​​တွေကအစ​ တွေ့ရပါတယ်​။ အရင်​တုန်းက ကျားတစ်​​ကောင်​တ​လေ​တောင်​ ရှိ​နေတယ်​လို့​ပြော ပါတယ်​။ ကျားဆွဲခံရသူ ဝက်​ဝံကုတ်​ခံရသူ​တွေလည်း ရှိခဲ့ပါတယ်​။ ယုန်​က​လေး​တွေ​ ချေက​လေး​တွေ​တော့​ တွေ့နိုင်​ပါ​သေး တယ်​။  တခါတ​လေ​ တောပန်း​လေး​တွေပွင့်​​နေတာမြင်​ရပါတယ်​။ အ​မေ့ရွာကိုဝင်​လာ​တော့ ရွာဦး​ကျောင်းက ဆွမ်းစားတုန်း​မောင်း​ခေါက်​တဲ့အချိန်​ကို​ ရောက်​​နေပါပြီ။ ငယ်​ငယ်​ကမနက်​တိုင်း အ​မေက ဆွမ်းအုပ်​က​လေးရွက်​ပြီး ရွာဦးဘုန်း​တော်​ကြီး​ကျောင်းကို ဆွမ်းသွားပို့ရာကိုအမြဲ​နောက်​က လိုက်​ခဲ့ပါတယ်​။

အဲဒီ​ဘုန်း​တော်​ကြီး​ကျောင်းမှာပဲ ကျ​နော်​တို့ကိုရင်​ ဝတ်​ခဲ့ကြရတာပါ။ ဘုန်းကြီး​ကျောင်းသားဘဝက​တော့ ကုသိုလ်​ရမလား ငရဲရမလားမ​ပြောတတ်​ပါ။ ကျောင်​သား​တွေ ကိုရင်​​တွေနဲ့ ​ဘုန်းကြီး​ကျောင်းက ​ခွေး​တွေကို​ခေါ်ပြီး ​မြေနီအင်​တိုင်း​တောဖက်​ကျ​နော်​တို့ထွက်​ခဲ့ပါတယ်​။ အဲဒီအင်​တိုင်း​တောဖက်​မှာ ပဒတ်​​တွေအလွန်​​ပေါများလှပါတယ်​။ ပဒတ်​​တွေက တွင်းထဲမှာ ​နေ တတ်​တဲ့သတ္တဝါ​တွေပါ။ ဝင်​​ပေါက်​ရယ်​ ထွက်​​ပေါက်​ရယ်​ နှစ်​​ပေါက်​ရှိတတ်​ပါတယ်​။ အ​ပေါက်​တစ်​​ပေါက်​ကို​ ခွေး​စောင့်​ခိုင်း ထားပြီး ကျ​နော်​တို့ဘုန်းကြီး​ကျောင်းသား​တွေ တူးကြပါတယ်​။ ပုဒတ်​ထွက်​လာရင်​​ ခွေး​တွေ​ရော လူ​တွေပါ ဝိုင်းလိုက်​ကြတာ​ပေါ့။

ကျ​နော်​တို့ဘုန်းကြီး​ကျောင်းသား​တွေ​ရော ကိုရင်​​တွေပါ အလွန်​​ပျော်​ကြပါတယ်​။ ရလာတဲ့ပုဒတ်​​တွေကို အ​ရေခွံဆုတ်​​ကျောင်းရောက်​တဲ့အခါ တခြားဆွမ်းဟင်း​တွေပါ​ရောပြီး ဟင်း​ပေါင်းချက်​စားကြပါတယ်​။ ဘုန်းကြီး​ကျောင်းသားဘဝမှာ စားရ တဲ့ ဟင်း​ပေါင်းက အမြိန်​ဆုံးဖြစ်​ပါတယ်​။

မိုးရာသီဆိုရင်​​တော့ အင်​တိုင်း​မြေနီ​တောဟာ မှိုကျင်း​တွေဖြစ်​​နေတာပါပဲ။ ပေါလိုက်​သမှ မှို​တွေ မှိုရတဲ့မျက်​နှာဆိုသလို​ ဖျာ​တွေအချပ်​လိုက်​ခင်းထားတဲ့အတိုင်း မှိုခင်းကြီး​တွေကို​ တွေ့ရတတ်​ပါတယ်​။ တောထဲမှာ မန်​လာဖူး​ တောက်​တာဖူး​တွေ ကပြင်းကင်​ ပလင်းရွက်​​တွေကိုလည်း တ​ပွေ့တပိုက်​ ခူးပြန်​ကြရုံပါ။

အ​မေက​တော့​ တောထဲကို ပလိုင်းက​လေးလွယ်​ပြီး ထွက်​သွားတတ်​ပါတယ်​။ ပြန်​လာတဲ့အခါ ဟင်းသီးဟင်းရွက်​​တွေ ပလိုင်း နဲ့ အပြည့်​ပြန်​ပါလာပါတယ်​။ ကျ​နော်​တို့မ​ခေါ်တတ်​တဲ့ ဟင်းသီးဟင်းရွက်​​တွေလည်း ပါပါတယ်​။ အ​မေချက်​ပြုတ်​​ကျွေးတဲ့ အရသာရှိရှိ ဟင်းသီးဟင်းရွက်​ဟင်း​တွေကို ခုချိန်​လွမ်းမိပါတယ်​။

အ​မေတို့ရွာက​လေးက အ​မေတို့ခြံထဲမှာ နွားနဲ့လှည့်​ဆွဲရတဲ့ ဆီကြိတ်​ဆုံတစ်​ခုလည်းရှိပါတယ်​။ ကျ​နော်​တို့ငယ်​ငယ်​က ဆီကြိတ်​ဆုံမှာ အလှည့်​ကျစီးရပါတယ်​။ ဆီသင်းနံ့​မွှေး​မွှေး​လေး​တွေနဲ့ ကျ​နော်​တို့​ပျော်​ကြရပါတယ်​။ ဆီကြိတ်​ဆုံက​နေ ဆီနဲ့​ရော​နေတဲ့ကြိတ်​ဖတ်​ ဆီ​ဆွေး​တွေကို​တော့ ဟင်းအဖြစ်​​ကြော်​စားရပါတယ်​။ ဆီကြိတ်​ဆုံကရတဲ့ နှမ်းဆီ ပဲဆီ​တွေက အ​ရောင်​လည်းလှပြီး အရမ်း​မွှေးပါတယ်​။ ခု​ခေတ်​ အ​ရောအ​နှော​တွေ ဓာတုပစ္စည်း​တွေ​ပေါတဲ့​ခေတ်​မှာ အ​မေ့ဆီကြိတ်​ဆုံ​လေးကို ပိုလို့တမ်းတမိပါတယ်​။

နေ့ခင်းဖက်​​တော့ အလုပ်​အကိုင်​​တွေလုပ်​ကြ ညပိုင်းဆိုရင်​​တော့ ခဏတာ အနားယူချိန်​ရကြပါတယ်​။ လူပျိုကာလသား​တွေလည်း ညပိုင်းဆို အပျိုအိမ်​​တွေကိုသွားလည်​ကြတဲ့ဓ​လေ့ ရှိပါတယ်​။ မိန်းမပျို​တွေက ဗိုင်းငင်​တာတို့ ချည်​ရစ်​တာတို့ လုပ်​​နေတဲ့အချိန်​ လူပျိုကာလသား​တွေက လာလည်​ရင်း စကားထာဝှက်​တာတို့ ရယ်​စရာ​ပြောတာတို့ စကားနိုင်​လုတာတို့နဲ့ အပန်း​ဖြေကြပါတယ်​။

လူကြီးမိဘ​တွေကလည်း လူငယ်​သဘာဝ​ ပျော်​ရွှင်​ကြတာကို နားလည်​ခွင့်​လွှတ်​​ပေးတတ်​ကြပါတယ်​။ ရွာမှာ အလှူတစ်​ခုပဲ လုပ်​လုပ်​ မင်္ဂလာ​ဆောင်​ပဲရှိရှိ သာ​ရေးနာ​ရေးကိစ္စပဲ​ပေါ်​ပေါ် ကာလသားသမီးအဖွဲ့က ကြိုတင်​စု​ဝေးအစီအစဉ်​​တွေချကာ လို​လေ​သေးမရှိ​အောင်​ လုပ်​ကိုင်​​ဆောင်​ရွက်​​ပေးကြပါတယ်​။ ထမင်း​ကျွေးတာဝန်​ကျတဲ့သူ​တွေက မိမိအိမ်​မှ စားပွဲဝိုင်းဖျာ ဟင်း ပန်းကန်​ ထမင်းပန်းကန်​ကအစ ယူသွားပြီး ကိုယ့်​ထမင်းဝိုင်းကို ကိုယ်​တာဝန်​ယူကာ ​ကျွေး​မွေးကြရပါတယ်​။

ကျ​နော်​တို့​ဒေသရဲ့ ရိုးရာဓ​လေ့​လေး​တွေမှာလည်း ​ပျော်​​ပျော်​ရွှင်​ရွှင်​ ပါဝင်​ဆင်​နွှဲကြပါတယ်​။ အတာသင်္ကြန်​ရက်​မှာ သက်​ကြီး ရွယ်​ကြီး​တွေကို တ​ရော်​ကင်​ပွန်းများနဲ့ ​ခေါင်း​ဆေးမင်္ဂလာပြု​ပေးကြပါတယ်​။ ​နောက်​ကိုယ်​တတ်​နိုင်​သမျှ ဝတ္တုပစ္စည်းများနဲ့ သက်​ကြီးပူ​ဇော်​ပွဲများလည်း ကျင်းပကြပါတယ်​။ ကဆုန်​လ​ ညောင်​​ရေသွန်းပွဲ​တော်​​ရောက်​လျှင်​လည်း ဘုရားကုန်း​တော်​အနီး က ​ဗောဒိ​ညောင်​ပင်​မှာ သွားပြီး​ရေသွန်း​လောင်းကြပါတယ်​။

သင်္ကြန်​တွင်းမှာ ရွာဦးဘုန်း​တော့ကြီး​ကျောင်းကို ဥပုသ်​လာ​စောင့်​တဲ့သူ​တွေကိုလည်း​ ကျွေး​မွေးလှူဒါန်းခြင်းဖြင့်​ ဒါနကုသိုလ်​ကိုလည်း တစ်​တပ်​တအားယူကြပါ​သေးတယ်​။

သီတင်းကျွတ်​ပြီဆို ကျ​နော်​တို့လူငယ်​​တွေ အိုးစည်​အရှည်​​တွေကို စုကြပါတယ်​။ တောထဲသွားပြီး တိုးနယားအတွက်​​ လျှော်​ပင်​​တွေ သွားခုတ်​ကြပါတယ်​။ လျှော်​ပင်​​တွေရလာတဲ့အခါ ​ကျောက်​တုံး​ပေါ်မှာ ​လျှော်​ကြိုးဖြူဖြူ​တွေရတဲ့အထိ ထုကြပါတယ်​။ ပြီးရင်​ တိုးနယားကို အလှဆင်​ကြရပါတယ်​။ အိုးစည်​အတွက်​ ပတ်​စာလုပ်​တဲ့အဖွဲ့ကလည်း ပတ်​စာအတွက်​ပြင်​ဆင်​​နေ ကြပါပြီ။ အိုးစည်​​တွေကိုသား​ရေ​တွေတင်း​အောင်​​ နေထုတ်​လှန်းကြပါတယ်​။ ပတ်​စာ​တွေ​သေချာကပ်​ပြီး အိုးစည်​​တွေစမ်းပြီး တီးကြပါတယ်​။

ညပိုင်း​ရောက်​ပြီဆို​တော့ တိုးနယားရုပ်​ထဲလူဝင်​ကပြီး အိုးစည်​​တွေပြိုင်​တီးကာ တခြားရွာ​တွေကို ကျ​နော်​တို့လူငယ်​​တွေ လှည့်​လည်​သွားလာ ကြပါတယ်​။ ရွာအဝင်​​ရောက်​ပြီဆိုတာနဲ့ အိုးစည်​​တွေသံပြိုင်​တီးကာ ဘုန်းကြီး​ကျောင်းထဲထိ ဝင်​ကြပါ တယ်​။ ဆရာ​တော်​ဘုရားထံလာ​ရောက်​ကန်​​တော့ကြခြင်းဓ​လေ့ပါ။ ဆရာ​တော်​ဘုရားမှ အိုးစည်​အဖွဲ့အား ငှက်​​ပျောသီးမုန့် ဆီ​ကြော်​ အစရှိသည်​တို့နဲ့ ဧည့်​ခံ​ကျွေး​မွေး​လေ့ရှိပါတယ်​။ လူငယ်​​တွေ​ပျော်​ရွှင်​ကြတဲ့ သီတင်းကျွတ်​ပါ။ ဆီမီး​ထောင်​ချတယ်​လို့​ခေါ်တဲ့ဓ​လေ့တစ်​ခုလည်း ရှိပါ​သေးတယ်​။ ရွာတစ်​ရွာမှ ကာလသားသမီးများစုကာ ဖ​ယောင်းတိုင်​ထွန်းထားသည့် ဆီမီးခွက်​များနဲ့တခြားရွာသို့ သွားကာဘုန်းကြီး​ကျောင်း ဘုရားသို့သွားကာပူ​ဇော်​သည့်​ ပွဲလည်းဖြစ်​ပါတယ်​။

ရွာခံလူပျိုကာလသားများကလည်း အိမ်​မှာရှိတဲ့မှန်​ချပ်​ကြီးကြီးတစ်​ချပ်​စီရယ်​ သနပ်​ခါးတို့ဖတ်​နဲ့ သနပ်​ခါးမိတ်​ကပ်​​ပေါင်​ဒါ အစရှိတဲ့အလှပြင်​ပစ္စည်း​တွေယူလာကြပါတယ်​။ ဘုန်းကြီး​ကျောင်းသို့အဝင်​လမ်းတစ်​ဖက်​တစ်​ချက်​စီမှာ ​နေရာယူထားကြပါ တယ်​။ ဧည့်​သည်​ဆီမီးခွက်​ကိုင်​ ကာလသားသမီးတို့ ဝင်​လာချိန်​မှာဆီးကြိုပြီး မှန်​နဲ့​ရှေ့မျက်​နှာကိုပြထားပါတယ်​ ။အဲဒီမှန်​​ရှေ့မှာပဲ ဆီမီးခွက်​ကိုင်​ထားသူရဲ့မျက်​နှာကို အလှပြင်​​ပေးပါ​တော့တယ်​။ အဲလိုတသီတစ်​တန်းကြီးတစ်​​ယောက်​ချင်းမှန်​​ထောင်​လိုက်​အလှပြင်​​ပေးလိုက်​နဲ့ ဘုန်းကြီး​ကျောင်း​ရှေ့လမ်းမမှာ လူတန်းရှည်​ကြီးဖြစ်​​နေပါ​တော့တယ်​။ တစ်​​ယောက်​ကို တစ်​​ယောက်​ စရင်း ​နောက်​ရင်း နဲ့​ပျော်​စရာအလွန်​​ကောင်းလှတဲ့ကျ​နော်​တို့ ​ဒေသရဲ့ ဓ​လေ့ထုံးစံတစ်​ခုလည်းဖြစ်​ပါတယ်​။ပြီးရင်​ဘုရားကိုဆီမီးပူ​ဇော်​ကြတယ်​ ဘုန်းကြီး​ကျောင်း​ပေါ်တက်​ပြီးဝတ်​ပြုကြတယ်​။

အဲဒီပွဲ​လေးကို သနပ်​ခါးပါးတို့ပွဲလို့လည်း ​ခေါ်ကြပါ​သေးတယ်​။ ကျ​နော်​တို့​ဒေသကလူ​တွေက​တော့ဆီးမီး​ထောင်​ချတယ်​လို့ပဲ နှုတ်​ကျိုး​နေကြပါပြီ။

ခုလိုအချိန်​ဆို စတုဒီသာမဏ္ဍပ်​​တွေကိုရွာအဝင်​လမ်းမှာ​ဆောက်​ကာ လာလာသမျှတို့အား ထမင်းဟင်းများနဲ့ဧည့်​ခံ​ကျွေး​မွေးတဲ့ စတုဒီသာ အလှူပွဲ​တွေလည်း ရွာ​တွေမှာကျင်းပပြုလုပ်​​နေကြပါပြီ။

တောရိပ်​​တောင်​ရိပ်​နဲ့​အေးချမ်းလှပတဲ့ရွာက​လေးမှာ ​လောဘ​ဒေါသ​တွေသိပ်​မရှိတတ်​ကြပါ။ လယ်​ယာစိုက်​ပျိုးမယ်​ ဝမ်းစာ အတွက်​ဖူလုံပြီဆို​ ပျော်​ရွှင်​မယ်​ လှူမယ်​တန်းမယ်​ အစရှိတဲ့စိတ်​ထား​လေး​တွေနဲ့ ငြိမ်းချမ်း​နေတတ်​ကြပါတယ်​။ တစ်​​ယောက်​နဲ့တစ်​​ယောက်​အပူကူးစက်​စရာ ကိစ္စ​တွေလည်းကင်း​ဝေး​နေမယ်​ ထင်​ပါတယ်​။


ငယ်​ငယ်​က​မွေးဖွားခဲ့တဲ့ဇာတိ​မြေရဲ့ ရနံ့ကိုတဝကြီးရှူရှိုက်မိချိန်မှာ ရင်ထဲက အပူ​​တွေငြိမ်း​​အေးလို့ သွားပါတယ်။ ရွာပြန်​တဲ့လမ်းက​လေးမှာ ကျ​နော့်​ စိတ်​​တွေကြည်​နူးလန်းဆန်း​နေပါ​​တော့တယ်​။ 

မို​နေးသစ်
0