လင်းသက်ငြိမ် ● ငါ အားလုံးကို သတိရ​နေမိတယ်

လင်းသက်ငြိမ် ● ငါ အားလုံးကို သတိရ​နေမိတယ်
(မိုးမခ) ဧပြီ ၃၊ ၂၀၁၈

ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။ ကိုင်​ရုံကိုင်​ကြည့်​ပြီး မဝယ်​ယူဖြစ်​ခဲ့တဲ့ ဖိနပ်​က​လေးကစလို့၊ စုတ်​ပြဲသွားတဲ့ ဂျင်း​ဘောင်းဘီက​လေး တစ်​ထည်​အထိ ငါ သတိရ​နေမိတယ်​။ မ​နေ့ကငါ့အခန်း​ဘေးမှာ သီချင်းလာဆို​နေတဲ့ငှက်​က​လေးကို လည်း သတိရတယ်​။ ​လေနဲ့အတူ ငါ့အခန်းထဲဝင်​ဝင်​လာတတ်​တဲ့ သရက်​ပွင့်​​ခြောက်​က​လေး​တွေကိုလည်း ငါ သတိရ​နေမိ တယ်​။ ဘာဖြစ်​လို့လဲ။ အ​ဝေးမြို့က​လေးက ငါ့သူငယ်​ချင်း​တွေကိုလည်း သတိရတယ်​။ ငါ့ စိတ်​​ပေါ်ဒဏ်​ရာ​တွေ ထွင်းထု​ပေးခဲ့တဲ့တစ်​ချိန်​က ငါ့သူငယ်​ချင်းကို​တောင်​မှ ငါ သတိရ​နေမိတယ်​။ ငါ စိတ်​လက်​ညစ်​ညူးစွာ ထိုင်​ခဲ့ဖူးတဲ့လက်​ဖက်​ရည်​ဆိုင်​က​လေး၊ ည​နေခင်း​တွေမှာ ငါတစ်​​ယောက်​တည်း သွားသွားငို​ကြွေး​လေ့ရှိတဲ့ ​တောင်​ကုန်းထက်​က ​စေတီက​လေး၊ ငါ့ကို​တွေ့တိုင်း အမြဲတမ်းအား​ပေးဆုံးမတတ်​တဲ့ စာအုပ်​ဆိုင်​က​လေးက ဆရာမအားလုံးကို ငါ သိရ​နေမိတယ်​။ ငါ​ စိတ်​နာနာနဲ့​ ခြေလျင်​​လျှောက်​ဖူးခဲ့တဲ့ မြို့က​လေးကလမ်း​တွေကိုလည်း သတိရတယ်​။ လမ်း​ဘေးမှာ ငြိမ်းချမ်း​ရေးအတွက်​ ကဗျာရွတ်​ခဲ့ဖူး တဲ့ ငါ့အသံကိုလည်း ငါပြန်​ကြား​နေမိသလိုပဲ။ အဲ့ဒီမြို့ထဲမှာ ငါ့မိတ်​​ဆွေကဗျာဆရာနဲ့ အတူထိုင်​​နေရင်း တင့်​ကား​တွေနဲ့လက်​နက်​ကိုင်​စစ်​သား​တွေကိုတင်​​ဆောင်​ထားတဲ့ ကားတန်းကြီး တ​ရွေ့​ရွေ့ဖြတ်​သန်းသွားတဲ့ ည​နေခင်းကိုလည်း သတိရ​နေမိ တယ်​။ ဘာဖြစ်​လို့လဲ။

မြို့ကြီးထဲက ငါပြန်​သွား​တော့ ငါ့ကိုသတိရ​နေမယ့်​သူ​တွေကို လက်​ချိုး​ရေကြည့်​​မိတယ်​ ဗလာ။ ဒါ​ပေမဲ့ ငါသတိရ​နေမိတယ်​။ ရိုးရာလို့ သူ​တို့​ခေါ်ကြတဲ့ ဆန်​အရက်​ဆိုင်​က​လေးထဲက စကားဝိုင်း​တွေကို ငါသတိရတယ်​။ ငြင်းခုံရင်း ရန်​ဖြစ်​ရင်း ဖြတ်​သန်း ခဲ့ဖူးတဲ့ ​နေ့ရက်​​တွေကို ငါသတိ​ရ​နေမိတယ်​။ မနက်​မိုးလင်းတိုင်း ငါ့ဆီကို ကားနဲ့တမျိုး၊ ဆိုင်​ကယ်​နဲ့တမျိုး လာလာ​ခေါ်ပြီး စား​သောက်​ဖွယ်​ရာ​တွေ​ ကျွေး​လေ့ရှိတဲ့ ကဗျာဝါသနာပါတဲ့ ငါ့ညီအရွယ်​ ငါ့သူငယ်​ချင်းကို​ကော၊ လက်​ထဲမှာ ပိုက်​ဆံမရှိပဲ ဖျား​နာ​နေရတဲ့အချိန်​​တွေမှာ ​ဆေးဝါး​တွေ​ပေးတတ်​တဲ့ ငါ့အကိုဆရာဝန်​ကို​ကော၊ ပါးစပ်​က ​ပြောင်​စရာ​နောက်​စရာ​တွေ​ပြော ရင်း မကြာခဏ ရုပ်​တည်​ဖြစ်​ဖြစ်​သွားတဲ့ သူ​ဌေးသား​ကော၊ မကြာခဏ ပိုက်​ဆံထုတ်​ထုတ်​​ပေးတတ်​တဲ့ ​အငြိမ်းစား​ရှေ့​နေ​​ကော၊ မုန့်​ဟင်းခါး​တွေ၊ လက်​ဖက်​ရည်​​တွေသွား​သောက်​တိုင်း ပိုက်​ဆံမယူတဲ့အပြင်​ ငါ့အ​ပေါ်တစ်​ခုခု​ပေးဖို့ အမြဲ​တွေး​နေ တတ်​တဲ့ လက်​ဖက်​ရည်​ဆိုင်​ပိုင်​ရှင်​ကို​ကော (ငါအခုထိ သူ့အ​ကြွေး​တွေ မ​ပေးရ​သေးဘူး)။ စိတ်​ကျ​နေတဲ့ငါ့ကို အမြဲတမ်း ကရုဏာမျက်​လုံးနဲ့ကြည့်​ကြည့်​ပြီး ရှိတာ​လေးဖဲ့​ကျွေးတဲ့ ဆံသဆရာကို​ကော၊ စကား​ပြောရင်​​ ထောင့်​မကျိုးပေမယ့်​ ငါပြန်​စရာမရှိတိုင်း ဆိုင်​ကယ်​နဲ့လိုက်​လိုက်​ပို့တဲ့ ကဗျာဆရာကို​ကော၊ အမြဲတမ်းမျက်​နှာမှာ စိတ်​​သောက​တွေပေါ်​နေ​ပေမယ့်​ ငါ့ အတွက်​နှစ်​သိမ့်​​ပေးဖို့ အမြဲစဉ်းစား​နေတတ်​တဲ့ ဂိတ်​စာ​ရေးကို​ကော၊ ငါ့အတွက်​အလုပ်​​တွေရှာ​ပေးဖို့​ ခေါင်းစား​နေတတ်​တဲ့ သူ၊ လာတိုင်းစားစရာ​တွေတစ်​ခုမဟုတ်​တစ်​ခု ယူယူလာတတ်​တဲ့ ကဗျာချစ်​သူ အစ်​မကို​ကော၊ လူတိုင်းနဲ့ပြဿနာတက်​​ပေ မယ့်​ ငါနဲ့ပြဿနာမတက်​ခဲ့ဖူးတဲ့ ရှမ်းကို​ကော၊ တစ်​​နေရာရာကို​ငေး​မော​နေတတ်​ပြီး ပြင်းထန်​လွန်းတဲ့ ​ရောဂါကို​တောင့်​ခံပြီး ​သေဆုံးသွားတဲ့ ကဗျာဆရာကို​ကော အားလုံးကို ငါသတိရ​နေမိတယ်​။ ဘာဖြစ်​လို့လဲ။

ငါ အားလုံးကိုသတိရ​နေမိတယ်​။ ငါ မကြာခဏသွားသွားကြည့်​တတ်​တဲ့ စာအုပ်​အ​ရောင်းဆိုင်​က​လေး​တွေ၊ ပိုက်​ဆံမပါလို့ ချ ထားရခဲ့ရတဲ့ စာအုပ်​က​လေး​တွေ​၊ ငါ့ကိုတစ်​ခါမှပြန်​မကြိုက်​ခဲ့တဲ့ ​ကောင်​မ​လေးကို​ကော ငါသတိရ​နေမိတယ်​။ ​ဈေးရုံကြီးမီး​လောင်​ခဲ့တဲ့ ခရစ်​စမတ်​ညကို​လည်း သတိရတယ်​။ ​ရွှေ​ဆိုင်​ကို ဓားပြတိုက်​ခံရပြီးတဲ့​ နောက်​တစ်​ရက်​ ​ငါတို့သွားကြည့်​ခဲ့ရတာ ကိုလည်း သတိရတယ်​။ ​​ပေါ်တာဆွဲတဲ့ညမှာ ငါအိမ်​ပြန်​​နောက်​ကျ​​တော့ ​ဟေ့ခဏရပ်​လို့ ​အော်​လိုက်​တဲ့အသံကိုလည်း ကြား​ရော ငါ​ခြေကုန်​သုတ်​​ပြေးခဲ့ရတာကို​လည်း သတိရ​နေမိတယ်​။ ငါတို့အလုပ်​က​နေ ထမင်းစားသွားတိုင်း ငါ့ကို​ချောင်း​ချောင်း ကြည့်​တဲ့ ခပ်​​ချော​ချော အစ်​မတစ်​​ယောက်​ကိုလည်း ငါသတိရတယ်​။ ငါ့သတိရခြင်း​တွေဟာ အစဉ်​လိုက်​ အတန်းလိုက်​ ရှိမ​နေဘူး။ ဟို​ရောက်​လိုက်​ ဒီ​ရောက်​လိုက်​​ရော​ထွေး​နေကြတယ်​။ ဒါ​ပေမဲ့ ငါသတိရ​နေမိတယ်​။ လူနဲ့ သတိရခြင်းဟာ ဘယ်လို ကာလအပိုင်းအခြားတစ်​ခုမှာ ပိုမိုထိ​တွေ့​လေ့ရှိတတ်​သလဲ။ သတိရခြင်းကို အဘိဓာန်​မှာ လှန်​​လှောကြည့်​ရင်​ ဘယ်​လို အနက်​ထွက်​မလဲ။ ​ဒါ​ပေမယ့်​ ငါပျင်းတယ်​။ သတိရခြင်းကို သတိရ​နေတာပဲ ​ကောင်းပါတယ်​။

ငါ့သတိရခြင်း​တွေထဲမှာ ထူးအိမ်​သင်​ကွယ်​လွန်​တဲ့သတင်းကြားပြီးတဲ့​နောက်​တစ်​ရက်​ကညလည်းပါတယ်​။ အဲ့ဒီညမှာ ငါငို​ကြွေးဖြစ်​ခဲ့တယ်​ဆိုတာကို ငါသတိရတယ်​။ ငါ့သူငယ်​ချင်းပန်းချီဆရာက ထူးအိမ်​သင်​ပုံနှစ်​ပုံကို ​ရေး​ပေးခဲ့တာကိုလည်း သတိရတယ်​။ တဆက်​တည်း အဲဒီပန်းချီကားနှစ်​ကားထဲကတစ်​ကားကို ငါ​ရောင်းပစ်​ခဲ့တာကိုလည်း သတိရတယ်​။ ပန်းချီ ဆရာနဲ့စားခဲ့တဲ့ မုန့်​ညင်း​စောဟင်းတစ်​ခွက်​ (ဝက်​ရိုးနဲ့ချက်​ထားတာ) ကိုလည်း သတိရ​နေမိတယ်​။ ငါပညာသင်​စဉ်​ကာလ က ခွနဲ့ငါ့​ခေါင်းကို ​ခေါက်​ခံရတာကိုလည်း သတိရတယ်​။ ပညာမတတ်​တဲ့​ကောင်​ ကဗျာ​ရေးတာ ရူးလို့ပဲလို့​ပြောခဲ့တဲ့ ငါအလုပ်​က ဆရာတစ်​​ယောက်​ကိုလည်း သတိရတယ်​။ ငါ့သတိရခြင်း​တွေဟာ လမ်းပြ​မြေပုံမပါဘဲ ​လျှောက်​သွား​နေသလိုပဲ။ မဟာ မြတ်​နိဘုရားထဲက ခ​ရေပင်​က​လေး​တွေ။ စိတ္တသုခ​တောင်​ကုန်းက​လေး​ပေါ်က ထင်းရှူးပင်​က​လေး​တွေ။ ငါ​ဆေးလိပ်​ခိုး​သောက်​ဖူးတဲ့နှစ်​​တွေ။ ငါ​အရက်​မ​သောက်​ဖူး​သေးတဲ့နှစ်​​တွေ။ အားလုံးကို​ တောင်​စဉ်​​ရေမရ သတိရ​နေမိတာပါပဲ။ သတိရ ခြင်းဆိုတာ ကိုယ်​နား​ထောင်​ပြီးသား သီချင်း​ခွေကို ပြန်​ရစ်​ပြီး ဖွင့်​​နေမိသလိုလား။ သတိရခြင်းဆိုတာ ဘယ်​အခါမှ​ပျောက်​ကွယ်​မသွားနိုင်​တဲ့မ​နေ့ကအ​ကြောင်း​တွေဆီက ထွက်​လာတဲ့သယံဇာတလား။ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိ တယ်​။

မိုက်​ကယ်​အိန်​ဂျယ်​လို၊ ဗင်းဆင့်​ဗန်​ဂိုး၊​ ဘောင်းဘီဝတ်​မိုးတိမ်​၊ ကဗျာအလုပ်​ရုံက​လေး၊​ မျှော်​စင်​၊ ကဗျာဆရာဝံပု​လွေ၊ ငါ ကျက်​စားခဲ့ဖူးတဲ့ စာအုပ်​​တွေ။ မြို့လယ်​က​ တောင်​ကုန်းမြင့်​မြင့်​ကြီး​ပေါ်က တရားရိပ်​သာတစ်​ခုမှာ ငါအချိန်​ပိုင်းတရားထိုင်​ဖြစ်​တာ​တွေကိုလည်း သတိရတယ်​။ အလုပ်​ကအဆင်​မ​ပြေတိုင်း အားလုံးကိုပစ်​ချထားခဲ့ပြီး ငါတစ်​​ယောက်​တည်း လာထိုင်​​နေမိခဲ့တဲ့ နေ့​တွေကိုလည်း သတိရတယ်​။ အမြဲတမ်း ပိုက်​ဆံပြတ်​​နေတတ်​တဲ့​အချိန်​​တွေက လက်​ဖက်​ရည်​ဆိုင်​မှာ အ​ဖော်​​စောင့်​သလိုလို ဘာလိုလို နာရီအ​တော်​များများ ဘာမှမမှာဘဲ ခပ်​တည်​တည်​ ထိုင်​​နေခဲ့ဖူးတဲ့​နေ့​တွေကိုလည်း သတိရတယ်​။ ငါ့သတိရခြင်း​တွေဟာ ​ရွှေ​ရောင်​တလက်​လက်​နဲ့ မဟုတ်​ဘူး။ ငါ့သတိရခြင်း​တွေဟာ စိမ်းလန်း​နုသစ်​​နေတဲ့ ရနံ့​တွေချည်း ထုံမွှမ်း​နေတာလည်း မဟုတ်​ဘူး။ တပြင်​တ​ပြောကြီး ကျယ်​ဝန်းတဲ့ကန္တာရလိုလို။ ​ရေတံခွန်​ကစီးကျ​နေတဲ့ ​ရေမှုန်​​ရေမွှား​တွေ လိုလို။ ​လေမှာလွင့်​​နေတဲ့ ကျွပ်​ကျွပ်​အိတ်​ခွံ​တွေလိုလို။ ကျိုးပျက်​​နေတဲ့ တံတားတစ်​စင်းလိုလို။ ​ခြောက်​သ​ယောင်း​နေတဲ့ သစ်​ရွက်​​ကြွေ​တွေလိုလို။ ​ကောင်းကင်​မှာတဖျပ်​ဖျပ်​လှုပ်​ခါ​နေတဲ့ ကြယ်​အပိုင်းအစ​တွေလိုလို။ ငါ့သတိရခြင်း​တွေဟာ နာမည်​အမျိုးမျိုး။ ငါ့သတိရခြင်း​တွေဟာ အသံအမျိုးအမျိုး။ ငါ့သတိရခြင်း​​တွေဟာ အရွယ်​အစား အမျိုးအမျိုး။ ငါ့သတိရခြင်း​တွေ ဟာ အနံ့အရသာအမျိုးမျိုး။ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။

ရွှေဥ​ဒေါင်းဘာသာပြန်​တဲ့​ ​သွေးစုပ်​​မြေထဲကဇာတ်​​ကောင်​​တွေ။ မြသန်းတင့်​ဘာသာပြန်​တဲ့ သုခမြို့​တော်​ထဲက ပုံရိပ်​​တွေ။ ပါစကယ်​ခူးသွယ်​ရဲ့ အိုဘယ့်​အစိမ်းတို့​မြေထဲကသူ့ချစ်​သူ​ကောင်​မ​လေး ​သေဆုံးခါနီး​ပြောသွားတဲ့ စကားလုံး​တွေ။ ​သေနတ်​ဆိုတာ မိုး​ပေါ်​ထောင်​မ​ဖောက်​ဘူးဆိုတာ​တွေ။ ​ချောက်​ထဲကျဖို့ လက်​နှစ်​လုံးအလို​တွေ။ ​ထရံ​ပေါက်​ကြားက ထိုးကျလာတဲ့ ​နေ​ရောင်​ခြည်​လို ပြောက်​​ပြောက်​ကြားကြားနဲ့ ငါ့သတိရခြင်း​တွေဟာ ငါ့အာရုံကို လာရိုက်​ခတ်​တယ်​။ စာသိ​တွေလည်း သတိရခြင်းထဲ ပါဝင်​တဲ့အရာ​တွေပဲလား။ ​ရွှေလင်​ဗန်းနဲ့အချင်း​ဆေးသူ လူမှု​ရေးကျညံ့တတ်​တယ်​ စိုင်းထီးဆိုင်​သီချင်းနဲ့ငါ့ည​နေ​ခင်းတွေ။ အရင်းအတိုင်းသာ ဘဝကို ငါမြင်​​တော့မင်းတို့အတွက်​ ရိုင်း​နေမလား ​လေးဖြူ သီချင်းကိုဆိုရင်း ဘယ်​ပြဿ     နာမဆို တုတ်​ဆွဲဓားဆွဲ​ဖြေရှင်းချင်​တဲ့ ငါ့​နေ့​တွေ။ တာရာမင်း​ဝေ ဝတ္ထု​တွေနဲ့ခွကျခဲ့တဲ့ ဆယ်​​ကျော်​သက်​က ငါဟာအရာရာကို ကန့်​လန့်​မြင်​တတ်​ခဲ့သူပါပဲ။ ဦးသုနန္ဒရဲ့ ဗုဒ္ဓဘာသာငါးမျိုးနဲ့ စိတ်​​အေးချမ်းမှုကိုမြည်းစမ်းဖူးခဲ့တာကိုလည်း သတိရ​နေမိတယ်​။ ကဗျာရွတ်​ဖို့ဖိတ်​​ခေါ်ပြီး ကဗျာဆရာ​တွေကို မတူသလို မတန်​သလိုဆက်​ဆံလို့ ငါ​ဒေါသထွက်​ခဲ့ရတဲ့ ပွဲတစ်​ခု။ ကဗျာရွတ်​ရင်း တဆတ်​ဆတ်​တုန်​​နေခဲ့ရတဲ့ ခံစားမှု။ ကဗျာဆရာ​တွေနဲ့ အရှင်​လတ်​လတ်​​တွေ့ခဲ့ရတဲ့ ခံစားမှု။ ဘာဖြစ်​လို့လဲ။ ငါ အားလုံး ကို သတိရ​နေမိတယ်​။

အမြင့်​​ပေါ်မှာ ငါဓာတ်​လိုက်​ခဲ့ရပုံ​တွေ။ ​မြေတူး​နေရင်းကြားလိုက်​ရတဲ့ ​ကျောင်းသား​လေးတစ်​​ယောက်​ကို သူ့အ​မေကသြဝါဒ​ပြောတဲ့ စကားသံ​တွေ ပညာမတတ်​ရင်​သူ့လို​မြေတူးရမယ်​တဲ့ ​ချွေးစက်​​တွေနဲ့ မျက်​ရည်​​ရောကျသွားတဲ့​နေ့လယ်​ခင်းတစ်​ခုကိုလည်း ငါသတိရ​နေမိတယ်​။ ​ရေတွင်းကြီးထဲ ​ရေမြုပ်​​မော်​ကြိုး​ပေါက်​ပြီး ငါ​သေမလိုဖြစ်​ခဲ့ပုံ​တွေ။ ငါလိမ္မာခဲ့ပုံ​တွေ။ ငါဆိုး သွမ်းခဲ့ပုံ​တွေ။ ငါ့ကို​လှောင်​​ပြောင်​ခဲ့သူ​တွေ။ ငါ့ကိုမုန်းတီးခဲ့သူ​တွေ။ ငါ့ကိုကြင်​နာခဲ့သူ​တွေ။ ငါ့ကိုချစ်​ခင်​ခဲ့သူ​တွေ။ ငါသတိရ​ နေမိတယ်​။ မ​နေ့ကဇာတ်​လမ်း​တွေထဲမှာ ​နေထိုင်​တတ်​တဲ့သူလို့​တောင်​ သတိရ​​နေမိတဲ့အချိန်​​တွေမှာ ​တွေးမိတယ်​။ ​​ရွှေပန်း ထိမ်​လုပ်​တဲ့ ကဗျာဆရာက ငါ့ကိုကဗျာဆီသွားရမယ့်​ ​မြေပုံကိုပြခဲ့တယ်​။ သူ့ဆီက သီချင်း​ခွေ​တွေဖွင့်​ပြတယ်​။ သူ့ဆီက စာအုပ်​​တွေကို လက်​​ဆောင်​​ပေးတယ်​။ သူဟာ ဘယ်​​တော့မှ ​ဝေဒနာကိုအပြင်​ထုတ်​မပြတတ်​​ပေမဲ့။ ငါ​ပြောပြတိုင်း ​ဖြေသိမ့် စရာ​တွေသူ​ဖော်​စပ်​​နေတတ်​တယ်​။ မန္တ​လေးမြို့​တော်​ကြီးကို သူမိတ်​ဆက်​​ပေးခဲ့တာ​ပေါ့။ သူ့ကိုလည်း ငါ သတိရ​နေမိတယ်​။ လူဟာအတိတ်​ငါးမျှားချိ​တ်​မှာ မိ​နေတဲ့ငါးတစ်​​ကောင်​လား။ ချာလီချက်​ပလင်​၊ တွမ်​အင်​န်​ဂျယ်​ရီ၊ မစ္စတာဘင်းန်​ ငါ့ကိုယ်​ငါငြီး​ငွေ့မှုကို​ ဖောက်​ချပစ်​ခဲ့တဲ့ ​ရေပိုက်​​ခေါင်း​တွေ။ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။
သတိရခြင်းနဲ့ပတ်​သက်​တဲ့ အဆိုအမိန့်​​တွေများစွာရှိပါလိမ့်​မယ်​။ ဒီစာထဲမှာ ရှာ​ဖွေပြီး ထည့်​သွင်းသင့်​​ပေမဲ့၊ ငါ ပျင်းရိ​နေမိ တယ်​။ သတိရခြင်းသန့်​သန့်​က​လေးသာ ရေးသားပြီး စီးချင်​​မိတာ ​သေချာပါတယ်​။ ရန်​ကုန်​မြို့ကြီးကို ငါ​ရောက်​သွားခဲ့ပုံ၊ မန္တ​လေးမြို့ကြီးထဲ ငါ​ပျော်​ဝင်​ခဲ့ပုံ။ ကဗျာဆရာ​နေမျိုးအိမ်​မှာ ထမင်းစားခဲ့ရပုံ၊ ဆရာပိုင်​စိုး​ဝေကို ငါ​ငေးကြည့်​ခဲ့ရပုံ၊ ကဗျာဆရာ ခင်​​ဇော်​မြင့်​ရဲ့ဟာသ​တွေကို ငါပြုံးခဲ့ရပုံ။ ကိုမင်းနဒီခနဲ့ကိုရိုးဒီနဲ့ကို​နေညို​အောင်​နဲ့ တန်​ဖိုးနည်းတဲ့ထမင်းဆိုင်​က​လေး​တွေကို ​ရွေးချယ်​စား​သောက်​ခဲ့ကြပုံ။ ​မောင်​နိုင်​လင်း (​ကောလင်း) နဲ့ ကိုမိုသျှန်းနဲ့ ကို​မင်းမြတ်​မွန်​နဲ့ ကိုစစ်​ငြိမ်​နဲ့ ဆူးဖြူရိပ်​စာ​ပေက​နေ Poetryhouse အဖြစ်​​ပြောင်းလဲသွားရပုံ​တွေ။ ငါသတိရ​နေမိတယ်​။ ​နေ့လယ်​ခင်းက​ဖေး​တွေက​နေ ည​နေခင်းဘီယာဆိုင်​​တွေအထိ။ နန်း​ရှေ့ကဗျာဝိုင်းက​နေ ခ​ရေရိပ်​ကဗျာဝိုင်းအထိ။ ငါ့သတိရခြင်း​တွေဟာ ​လူးလာပျံသန်း​နေကြတယ်​။ ငါ့ကိုအိပ်​ရာခင်း​လေး​တွေ​ပေးခဲ့တဲ့ ငါ့ညီမဝမ်းကွဲ။ ကုတင်​က​လေးတစ်​လုံးမှာ ငါ့အတွက်​​နေရာပြင်​​ပေး​လေ့ရှိတဲ့ ကိုထက်​ (​ရေဦး)။  အားလုံး ကိုငါသတိရ​နေမိတယ်​။ ကားစပယ်​ယာလုပ်​​နေတဲ့ ဒီမို.မန္တ​လေးကား​ပေါ်က ​ပြေးဆင်းလာပုံ​တွေ။ ​စက်ဘီးတစ်စီး​နဲ့ေ​​တ​ပေ​လေလွင့်​​နေတဲ့ အရင်​ကကဗျာ​ရေးခဲ့သူတစ်​​ယောက်​ ငါ့ကိုလက်​​ထောင်​ပြသွားပုံ​တွေ။ သတိရခြင်း​တွေဟာ အများအပြားပါပဲလား။ ငါ့ကဗျာပါတဲ့ဂျာနယ်​စာရွက်​က​လေးကို အမှိုက်​ခြင်းထဲငါ​ကောက်​ယူခဲ့ရပုံ​တွေ။ ကျုံး​ဘေးကိုဆိုင်​ကယ်​နဲ့ဖြတ်​ရင်း ငါတို့သီချင်း​တွေ ​အော်​ဆိုခဲ့ပုံ​တွေ။ အာရုံမှာ တဖျပ်​ဖျပ်​ လာရိုက်​ခတ်​ကြတယ်​။ သူမနဲ့အတူစားခဲ့တဲ့ည​ဈေးက ထမင်းဆိုင်​က​လေး​တွေလမ်း​ဘေးမှာ သူမနဲ့ငါရန်​ဖြစ်​ခဲ့ပုံ​တွေ။ အား သတိရခြင်း​တွေကဘက်​​ပေါင်းစုံ​ထောင့်​​ပေါင်းစုံက​နေ ဂိုး​တွေသွင်း​နေတာပါပဲလား။ ငါ့ရင်​ခွင်​ဘယ်​လိုမှခံစစ်​မလုံ​တော့ဘူး။ ဘာဖြစ်​လို့လဲငါအားလုံးကို သတိရ​နေမိတယ်​။

အစိတ်​သားကမ်​ပိန်းတုန်းက ငါ့ဆီကိုဝင်​လာတဲ့သတင်း​ထောက်​​တွေရဲ့တယ်​လီဖုန်းသံ​တွေ။ စစ်​ပွဲ​တွေရပ်​ဆိုပြီးစင်​​ပေါ်က​နေ ငါအကျယ်​ကြီး​အော်​ခဲ့တာ​တွေ။ ​ကျောင်​သားသပိတ်​ဖြိုခွင်းခံရ​ချိန်​က ငါတစ်​​ယောက်​တည်း ​ပေါက်​ကွဲ​နေခဲ့တာ​တွေ။ ဒါ​တွေကိုလည်းသတိရ​နေမိတယ်​။ နိုင်​ငံ​ရေးကိုနားမလည်​ခဲ့​ပေမဲ့ နာကျင်​မှုကိုသာ အစစ်​အမှန်​လို့ ယုံကြည်​ပြီးငါ့​ဖေ့စ်​ဘုတ်​​ပေါ်က​နေ ငါ​ရေးတင်​​နေခဲ့တဲ့အ​ကြောင်း ငါပြန်​သတိရ​နေမိတယ်​။ ငါ့လက်​သန်းကိုမှင်​စွတ်​ဖို့ ငါ့အိမ်​ကိုငါပြန်​လာခဲ့ပုံ​တွေ။ ငါ့မြို့မှာငါ့ကိုဘယ်​သူမှမသိကြ​တော့တဲ့ပုံ​တွေ။ ပိုက်​ဆံ၂၀၀တန်​တစ်​ရွက်​ ကြမ်းကြားထဲကျသွားလို့သံ​ချောင်းနဲ့ကလန့်​ပြီး ငါ​ကောက်​ယူခဲ့တဲ့အဖြစ်​ကိုလည်းငါသတိရ​နေမိတယ်​။ သတိရခြင်း​တွေဟာ ကျရှုံးမှု မှတ်​တမ်းလည်းဖြစ်​နိုင်​တယ်​။ သတိရခြင်း​တွေဟာ မိုက်​မဲခြင်းရဲ့ ပုံတူလည်းဖြစ်​နိုင်​တယ်​။ သတိရခြင်း​တွေဟာ မ​အောင်​မြင်​ခဲ့တဲ့ချီတက်​ပွဲတစ်​ခုရဲ့ရာဇဝင်​လည်း ဖြစ်​နိုင်​တယ်​။ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။ ဝါးခယ်​မမြို့က​လေးမှာ ငါဝမ်းနည်းသလိုကြီး ခံစား​နေခဲ့ရတာ ကိုလည်း သတိရတယ်​။ ​ကျောင်းကုန်းမှာ ငါ့ကို တစ်​ညလုံးမအိပ်​ပဲ ထိုင်​​စောင့်​​နေကြတဲ့ငါ့မိတ်​​ဆွေ​တွေကိုလည်း သတိရတယ်​။ ငဝန်​မြစ်​​ဘေးမှာ ကဗျာရွတ်​ခဲ့တဲ့ ည​ကိုလည်း သတိရတယ်​။ ကဗျာဆရာ​မောင်​​အောင်​ပွင့်​နဲ့သူ့ရဲ့လူမ​တောင်​ဇလပ်​ဖြူ ကို ​တွေ့ရ​တော့ကြည်​နူးခဲ့မိတာကိုလည်း ငါသတိရတယ်​။ ငါအိမ်​ပြန်​လာ​တော့ငါ့စာအုပ်​​တွေကို ​ငေးကြည့်​​နေတဲ့အ​မေ့ရဲ့မျက်​နှာကိုလည်းငါသတိရ​နေမိတယ်​။ မြို့ပတ်​ရထား​ပေါ်မှာ ရတုသစ်​နဲ့ငါ။ ကိုလူ​အောင်​ရဲ့ဆိုင်​ကယ်​​နဲ့သူ့အိမ်​ကိုလိုက်​လာတဲ့ငါ။ အား... အများကြီးပဲ လူ​​တွေ၊ မြို့​တွေ၊ နာကျင်​မှု​တွေ၊​ ပျော်​ရွှင်​မှု​တွေ၊ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။

ရတနာ​မြေပုံတစ်​ခုလား။ သင်​တန်း​ကျောင်းတစ်​ခုလား။ ​လေ့ကျင့်​​ရေးကွင်းလား။ ပြဇာတ်​တစ်​ပုဒ်​လား။ စာအုပ်​တစ်​အုပ်​လား။ သတိရခြင်းဟာ ငါ့​ခေါင်းထဲလျှပ်​စစ်​​တွေစီးဆင်း​နေသလိုတဖျပ်​ဖျပ်​။ ​မေ့ပစ်​လို့မရတဲ့ အတိတ်​ကပုံရိပ်​​တွေဟာ ခွာသံ ပြင်းပြင်း စီးနင်းဝင်​​ရောက်​​နေတယ်​။ သတိရခြင်းဟာ ကွင်းပြင်​ကျယ်​ကြီး။ သတိရခြင်းဟာ ​ကောင်းကင်​ပြာကြီး။ ငါ့နာရီ​တွေ ကိုသတိရခြင်း​တွေကပဲ သိမ်းပိုက်​ထားကြတယ်​လို့​တောင်​ ငါထင်​​နေ​မိတယ်​။ သတိရခြင်း​မှာ နယ်​နိမိတ်​စည်းမျဉ်း​တွေမရှိ၊ သတိရခြင်းမှာ ကန့်​သတ်​မှု​ဘောင်​ အ​ဆောက်​အဦး​တွေနတ္ထိ။ သတိရခြင်း​တွေ​နောက်​ ငါလိုက်​ပါသွားရပုံကို ငါအံ့သြ​နေမိ တယ်​။ သတိရခြင်း​နွေဦး။ သတိရခြင်း​ဆောင်းမနက်​ခင်း။ သတိရခြင်း​မိုးတွင်းညနက်​မည်းများ။ ငါ့ဖြူစင်​ခဲ့ခြင်း​တွေ၊ ငါ့ညစ်​​ထေးရခြင်း​တွေ။ ​ရေစီ​ကြောင်းထဲ ​မျှောပါသွားရသလို ငါလူးလှိမ့်​လို့။ ငါ့နိုင်​ငံ​တော်​ကြီး ​ကောင်း​တော့မယ်​တဲ့ တစ်​​နေရာရာက ကြားခဲ့ဖူးတဲ့ စကားကိုလည်း ပြန်​သတိရတယ်​။ ဆိုးယုတ်​တဲ့ နှစ်​ကာလ​တွေ ​သေဆုံးသွားပြီိတဲ့။ ငါတို့ရဲ့မနက်​ဖြန်​​တွေဟာ ကြည်​လင်​ဝင်းပ​တော့မယ်​တဲ့။ မစိမ်းလန်း​တော့တဲ့ ​တောင်​ကုန်း​တွေဟာ မ​နေ့ကအ​ကြောင်းအရာ​တွေကို တူးဆွ​နေကြတယ်​။ မထူထပ်​​တော့တဲ့ ​တောအုပ်​​တွေက ရာဇဝင်​အ​ကြေးခွံကို ပြန်​လှန်​​နေကြတယ်​။ သတင်းနဲ့အတင်း ​ရော​ထွေးရှုပ်​ပွ​နေတဲ့ ​နေ့တာ​တွေကြားထဲမှာ သတိရခြင်း​တွေဟာ အရသာရှိသလိုပါပဲ။ ငါ​ရောက်​ဖူးပြီး ငါပြန်​မ​ရောက်​နိုင်​​တော့တဲ့ နယ်​​မြေ​တွေ ဟာ ငါ့အ​ပေါ်တည့်​တည့်​မှာ ပွင့်​ဖူး​နေကြတယ်​။ ငါ​ငေးကြည့်​​နေရုံကလွဲလို့ တတ်​နိုင်​တဲ့အရာ ဘာမှမရှိခဲ့ဘူး။ ဘာဖြစ်​လို့လဲ။

ငါအားလုံးကို သတိရ​နေမိတယ်​။

လင်းသက်​ငြိ​မ်
0