မောင်စိုးချိန် ● လှေခါးမဲ့ နင်းပြားမြေပြင်


မောင်စိုးချိန် ● လှေခါးမဲ့ နင်းပြားမြေပြင်
(မိုးမခ) ဧပြီ ၂၄၊ ၂၀၁၈

ခြေနှစ်ချောင်း
လက်နှစ်ဖက်
ကူးခတ်ရုန်းကန်ဖို့အတွက်။

ကြောကုန်း
ကုန်ရုန်းထမ်းပိုးဖို့အတွက်။

ဦးခေါင်း
ဝန်ထုတ်လေးသိတ်
အံကြိတ်ရွက်ဖို့။

ဘဝတစ်ခုလုံးအတွက်
အရင်းအနှီး အရင်းအမြစ်
ကိုယ် လက် ခြေထောက်
ဒေါက်တိုင်တွေပဲ
ပိုင်ဆိုင်ထားသမျှ
ဓနပစ္စည်း။

ရိုးသားသလောက်
ကြိုးစားသမျှ
အရင်းမဲ့ ဆင်းရဲတယ်
ဓနပစ္စည်းမဲ့ နွမ်းပါးလွန်းတယ်
ငတ်ပြတ်မွဲတေတယ်။

ကြောင်းရင်းဇစ်မြစ်
စနစ်ပဲ
ဆင်းရဲတွင်းထဲ ကျစေတယ်။

မောင်စိုးချိန်
ဧပြီ ၂၂၊ ၂၀၁၈

Comments