အေးငြိမ်း - ကျွန်တော်မရေးချင်သည့် ကိစ္စတစ်ခု

ဓာတ်ပုံ - ဒေါက်တာအောင်မြင့်မော် ဖေ့စ်ဘွတ်ကနေ ယူပါတယ်


အေးငြိမ်း - ကျွန်တော်မရေးချင်သည့် ကိစ္စတစ်ခု

(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၈

လှိုင်သာယာမှ မီးခိုးများသည် အပြင်မှာထက် ဖေ့စ်ဘုတ်၌ ပိုမွှန်သည်ထင်၏။

သည်အကြောင်း ကျွန်တော်ရေးလိုက်ချင်သည်မှာ လက်ကို ယားနေပါသည်။ သို့သော် ရေးလဲမရေးချင်ပါ။ အဘယ်ကြောင့်ဆိုသော် အကြောင်းအချက်များကို ခိုင်ခိုင်လုံလုံ၊ တိတိကျကျ၊ ပြည့်ပြည့်စုံစုံ မသိရ၍ ဖြစ်ပါသည်။ ကျွန်တော်သိချင်သည်များကို သိရလျှင် သည့်ထက်ပိုရေးနိုင်ပါလိမ့်မည်။ ကျွန်တော်ကလည်း ရေးလျှင် ပိဿာလေးနှင့် ဘေးပစ်သလိုရေးတတ်လေတော့ မသိဘဲ ရမ်းရေးလိုက်ပါက တရားစွဲခံရမှာလည်း ကြောက်ရသေးသည်။

ဖတ်ရသည့်သတင်းများအရတော့ တာဝန်ယူမှု၊ လူအများအတွက် စဉ်းစားကာ စီမံပေးမှု၊ မီးသတ်ရဲဘော်များ၏ ကျန်းမာရေး အတွက် စီစဉ်ထားမှုများမှာ အားရစရာ မရှိပါ။ သူတို့ဘယ်လိုတွေ၊ ဘာတွေလုပ်နေရမှန်းမသိ၍ သည်အကြောင်း ထားလိုက်ပါ။ (သတင်းတွေဖတ်တယ်ဆိုတော့ မင်းက ဖေ့စ်ဘုတ်သတင်းတွေပဲ ဖတ်တာပဲကွ ဟု အပြစ်မတင် မစောပါနှင့်ခင်ဗျာ။ ကျွန်တော် မြန်မာ့အလင်း၊ ကြေးမုံ၊ The Voice, 7 Days သတင်းစာ ၄ စောင် ဖတ်ပါသည်။ မြန်မာ့အလင်း နှင့် ကြေးမုံကို moi website မှ download လုပ်ကာ ဖတ်ပါသည်။ The Voice ကို ဆရာဦးကျော်မင်းဆွေက ပို့ပေးသဖြင့် နေ့တိုင်းဖတ်ရပါသည်။ 7 Days သတင်းများကို email subscribe လုပ်ထားသဖြင့် သတင်းများကို နေ့စဉ် လက်ခံရရှိပါသည်။ ထို့ပြင် The Voice website နှင့် 7 Days website ၌လည်း ဖတ်ပါသည်။)

ယခု ဖြစ်သင့် ဖြစ်ထိုက်သည်များကို အကြမ်းဖျဉ်း ရေးပြပါမည်။ ဆရာကြီးလုပ်ခြင်းမဟုတ်ပါ။ ဒီလိုဒီလိုတော့ ဖြစ်သင့်တယ်ဟု တွေးမိသမျှ ရေးပြခြင်းသာ ဖြစ်ပါ၏။

အမှိုက်ဆိုပေမင့် အမှိုက်အားလုံး တူတာမဟုတ်ပါ။ အမှိုက်ကို စနစ်တကျစီမံခန့်ခွဲရမည်ဆိုလျှင် အမှိုက်ကို စုစဉ်ကတည်းက အမျိုးအစားအလိုက်စုရမည်။ ထိုအမှိုက်များကို ဖျက်ဆီးရာတွင် အမှိုက်အမျိုးအစားကိုလိုက်၍ သင့်တော်သောနည်းများဖြင့် ဖျက်ဆီးရမည် ဖြစ်၏။

ဥပမာ - ဆေးရုံကထွက်သည့်အမှိုက်များ၊ ဓာတုဗေဒအမှိုက်များကို အိမ်မှထွက်သည့်အမှိုက်များနှင့် ရောပစ်၍ မရပါ။

ကျွန်တော်တို့မြန်မာပြည်တွင် ဆေးရုံထွက် အမှိုက်များနှင့် ရေဆိုးရေညစ်များကို မည်သူက တာဝန်ယူ ဖျက်ဆီး၊ သန့်စင်ပေးပါ သနည်း။ ဓာတုဗေဒအမှိုက်များကို မည်ကဲ့သို့စုဆောင်းပြီး မည်ကဲ့သို့ ဖျက်ဆီးပစ်ပါသနည်း။

ထိုအမှိုက်များကို စနစ်တကျ စုဆောင်းကာ အန္တရာယ်မရှိအောင် ဖျက်ဆီးပါသလား။ ကျွန်တော် မသိပါ။ ထိုအန္တရာယ်အမှိုက်များကို လူအများစွန့်ပစ်သည့် အမှိုက်များနှင့် ရောပစ်သည်ဆိုလျှင် အလွန် အန္တရာယ်များလှပါသည်။

လှိုင်သာယာမှ အမှိုက်ပုံကြီးတွင် သာမန်အမှိုက်များအပြင် လူနှင့်ပတ်ဝန်းကျင်ကို များစွာထိခိုက်စေနိုင်သော အမှိုက်များ ရောပါနေမည်မှာ မြေကြီးလက်ခတ်မလွဲပါ။

သို့ဆိုလျှင် ထိုအမှိုက်များကို မီးလောင်ပါက ထွက်လာမည့်မီးခိုးတွင် အဆိပ်အတောက်များ ပါလာမည်မှာ မလွဲပါ။ ထိုလေ၌
မည်သည့်အဆိပ်ဓာတ်ငွေ့များပါလာမည်ကို ဓာတ်ခွဲကြည့်မှ သိနိုင်ပါမည်။ သည်မျှကြီးမားသည့် အမှိုက်ပုံကြီးကို မီးလောင်လျှင် ချက်ချင်းမီးငြိမ်းသတ်ဘို့ မလွယ်ကြောင်း တွက်ဆနိုင်ပါသည်။ ထို့ပြင် အမှိုက်ဆွေးများကို မီးလောင်သဖြင့် မီးတောက်ဖြင့် လောင်မည် မဟုတ်ဘဲ မီးခိုးများအူမည်ဖြစ်ကြောင်းလည်း ခန့်မှန်းနိုင်ပါသည်။

ထိုအခါ ထိုအနီးပတ်ဝန်းကျင်မှ လုပ်သားပြည်သူများ၏ ကျန်းမာရေးအတွက်ကိုတွက်ဆကာ ပညာပေးအစီအစဉ်များ လုပ်ပေးရန်၊ လိုအပ်သည့် ကျန်းမာရေး အထောက်အကူပစ္စည်းများ (Dust mask) ပံ့ပိုးပေးရန် အပူတပြင်း ကြိုးစားရပါမည်။

အထူးအားဖြင့် မီးသတ်ရဲဘော်များ၏ ကျန်းမာရေးကို အထူးတလည် ဂရုစိုက်ရမည်။ ၎င်းတို့မှာ မီးနှင့်အနီးဆုံးနေရာတွင် နေကြရမည့်သူများဖြစ်၍ မီးခိုးများကို အများဆုံး ရှူရှိုက်ရမည့်သူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို အသက်ရှူ အထောက်အကူပြု ကိရိယာ (Respirator) များ အလုံအလောက် ပံ့ပိုးပေးကာ ဝတ်ဆင်ခိုင်းရမည်။ လိုအပ်လျှင် Supply air respirator များပါ ပံ့ပိုးပေးရမည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများမှာ ထိုနေရာ၌ နာရီပေါင်းများစွာ နေကြရမည့်သူများ ဖြစ်၍တည်း။ ထားပါ။ မြန်မာနိုင်ငံ၌ Supply air respirator များမရနိုင်ဆိုလျှင် အနည်းဆုံး 3M Respirator များတော့ ရနိုင်ပါသည်။ (ဈေးတော့ ကြီးသဗျ။ ပန်ဂိုလင်းမှာ မအေးနှင်းယုမေးကြည့်တာ တစ်ခုကို ၇ သောင်းတဲ့။)

ထို့ပြင် ထိုမီးသတ်ရဲဘော်များကို အလှည့်ကျ အဆိုင်းဖြင့် လုပ်ခိုင်းရပါမည်။ (အဆိုင်းဖြင့် လုပ်ခိုင်းသည်ဆိုခြင်းမှာ ထိုနေရာမှ ထွက်ခွာပြီး အခြား လေကောင်းလေသန့်ရမည့် နေရာသို့ ထွက်ခွာသွားခိုင်းခြင်းကို ဆိုလိုပါသည်။ အဆိုင်းနဲ့တော့ လုပ်ရပါရဲ့။ ထိုအနီးတွင်ပင် အဆင်သင့်စောင့်နေရသည်ဆိုပါက မလုပ်ရ၍ ခဏအနားယူရတာသာရှိပါမည်။ မီးခိုးများကို တောက်လျှောက် ရှူနေရမည်ဖြစ်၍ ကျန်းမာရေးရှူထောင့်မှ ကြည့်လျှင် ဘာမှ မထူးပါ။)

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက လူထုအတွက် ဘာတွေလုပ်ပေးနေသည်ကိုလည်း ကျွန်တော်မသိ၍ မရေးချင်ပါ။ သို့သော် ဖေ့စ်ဘုတ်ဓာတ်ပုံများတွင် တွေ့ရမြင်ရတာတွေကတော့ စိတ်ချမ်းသာစရာ မရှိပါ။ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်မတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အင်တာဗျူးထားတာ ဖတ်ရပါသည်။ သူဘာတွေပြောတယ်ဆိုတာသိချင်လျှင် ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံတို့တွင် ဖတ်နိုင်ပါသည်။

(တော်မှ တော်မှ။ တော်ကြာ -
မင်းကများ - ကြီးကြီးကျယ်ကျယ်
ဟိုလူ့ဟိုဟာမလုပ်လို့၊ ဒီလူ့ ဒီဟာမလုပ်လို့
မင်းကိုယ်တိုင်ရော မြန်မာပြည်မှာတောင် နေနိုင်လို့လား
ဆိုတဲ့ ဆဲပေါက်တွေ လာတော့မယ်။)

ယခု သန်းခေါင်ကျော်ပြီဆိုတော့ အိပ်ပါတော့မည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇ ဧပြီ၊ ၂၀၁၈

Comments