Letter from the Reader - Boke Htine Notes

ဘုတ္ထိုင်း ဖြတ်စု

ဘုတ္ထိုင်း
ဒီဇင်ဘာ ၂၃၊ ၂၀၀၇

ဘုန်းကြီး ဘုန်းမကြီး

‘ဘုန်းကြီး ခွက်ကြီးနဲ့ တောင်းစား နေတယ်။ ၁၉၅၀ကျော်က ဝတ္ထုတစ်ပုဒ်ပါ။ ဘိုဆန်သော ကွန်ဗင့် ကျောင်းသူလေး၏ စကား ဖြစ်သည်။ ယခုလည်း ဘုန်းကြီးနဲ. သူတောင်းစား မတူမှန်း သိသိကြီးနဲ့ ဘုန်းကြီးကို သူတောင်းစားဖြစ်အောင် လုပ်ဝံ့ ကြသူများ ရှိနေလေပြီ်။

ရန်ကုန်မြို့မှ ရဟန်းတော်များမှာ သီလရှင်များ ကဲ့သို့ အိမ်စဉ်လျှောက် အလှူခံ နေရသဖြင့် ယခင်က မတွေ့ဘူးသော ဆိတ်ငြိမ် ရပ်ကွက်များတွင်ပင် တွေ.လာ ရကြောင်း၊ ဆွမ်းချိန် မဟုတ်ဘဲ မြို.ထဲလိုက် အလှူခံနေရသော ကိုယ်တော်များ ပိုပေါလာကြောင်း မြင်ရ ကြားရ လေပြီ။

ကိုယ့် ချွေးနှဲစာနှင့် ကိုယ်ခင်းသည့် ကထိန်ကိုပင် အစိုးရချပေးသည့် ကျောင်းမှာ ခင်း နေရပြီ။ သူပုန်ကျောင်း က ကထိန် မရ။ ဘုရားပေးသည့် အခွင့်အရေးကို မာရ်နတ် တပည့်ကျော်များ နှောင့်ယှက်လေပြီ။ ကြာလျှင် ဒုလ္လဘ လိုင်စင် ယူရလိမ့်မည်။ နောက်ဆုံး ဗမာဘုန်းကြီး မျိုးတုန်းလျှင် ထိုင်းဘုန်းကြီး ပင့်၍ မျိုး ပြန်ပွား ရမည်။ နိဗ္ဗာန် တံခါးကြီး ပိတ်၍ “Visit အပါယ် Year” ရောက်တော့မည်။

ဗမာ့ ဂုဏ်ရည်

သူများ အခွင့်အရေးကို မတရားသဖြင့် ပိတ်ပင်ခြင်းသည် အလွန် ငရဲကြီးကြောင်း၊ ပြိတ္တာဘဝက လွတ်လျှင်လည်း ဖွတ်မွဲပြာ ဘဝက မလွတ်ကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိသည်။ အင်မတန် စုတ်ပဲ့၍ ရှက်စရာ ကောင်းမှန်းလည်း လူယဉ်ကျေးတိုင်းလည်း သိသည်။

အထူးသဖြင့် ဘာသာရေးနှင့် ပတ်သက်၍ ဖိနှိပ်မှုမှာ အလွန် ခေတ်နောက်ကျသော နေရာများ၌သာ ကျန်၍ ထိုအထဲ ဗမာပြည် ထိပ်ဆုံးက ရှေ.ဆောင် နေသဖြင့် ဤမျှ ပြဿနာ တက်ရလေသည်။

ကျောက်ခေတ်မှ အရိုင်းအစိုင်းနှင့် တန်းတူဖြစ်ရသည်။ အလယ်ခေတ်မှာ လမ်းပျောက် နေသော ဗမာပြည်။ အာဏာရှင်ထဲမှာ တစ်မူထူးသော စွမ်းအားရှင်။ ၂၄ နာရီ မီး မလင်းသည့် ထမီ ခြုံ စွမ်းအားရှင်။

ဒေးဗစ် ကျော်ဆန်း ဖြီး (ဝါ) စံမတူ နှင့် မန်းဝင်းတို့၏ ဟာသ စင်တော်ကြီး

ဘုန်းကြီး စော်ကားခံရ၍ ဆန္ဒပြခြင်းကို လူသတ်ပြပြီး ဖြေရှင်းပစ်သူမျိုး အား ဘုန်းကြီး မီးရှို့ ဆန္ဒ့ပြသည်ကို ‘ဘုန်းကြီးဘာဘီကျူး‘ ဟု ပြောင်လှောင်ဖူးသော တောင်ဗီယက်နမ် မှ သွားလေသူ အာဏာရှင်ကတော် “မဒမ်နု”လို စုန်းမက လင်တော်ချင် ပေလိမ့်မည်။

၁၃၀၀ ပြည့်တုန်း က မန္တလေး ဘုန်းကြီး အာဇာနည်များကမှ သူ့ကျွန်ခေတ်တွင် ခမ်းခမ်းနားနား သင်းဂြိုဟ် ခံရသေးသည်။ ခုတော့ … “ အလောင်းတွေကို စမ်းရေ ထဲမှာ မျှောလိုက် ကြပြီ ” ( နောက်ဆုံးပေါ် ကင်မရာ လှည့်ကွက် … တဲ့)။ ဒီလိုသာ လှည့်ရကြေး ဆိုလျှင် ကြခတ်ဝိုင်းကျောင်း ခဲပေါက်သည့်ပုံ ရိုက်ပြ သင့်သည်။ လူပြက်လား၊ လူမိုက်လား၊ အရူးလား ကိုမိုက်ခဲတို့။

ငရဲမီး စား သူများ

“ နိုင်ငံရေး လုပ်တဲ့ ဘုန်းကြီးကို မကြည်ညိုဘူး ...” ဟု ပြောသော ဆန့်ကျင်ဖက်၏ သမီးပျို တစ်ဦးကို တွေ့ဖူးသည်။ မကြည်ညိုချင် နေပါ၊ ရခဲလှသည့် ရဟန်းဘဝ ကိုတော့ တုတ်နှင့် ကပ္ပိ ပြီး မျိုး မဖြုတ် ကြပါနှင့် (သံတုတ်ထိစ)။ မကျေနပ်က အမျိုးယုတ် ပီပီ ထမီလှန် ဆဲလိုက ဆဲကြပါ။

နက်နဲ ခက်ခဲသည့် ဘုရား တရားတော်ကို သာသနာနှစ် ၅၀၀၀ တည်အောင် စောင့်ရှောက်မည့် ဘုရားသားတော်တွေ အသက်ကို ဘာ မဟုတ်သည့် သူများ တံတွေးခွက်ထဲက “ရေပွက်” စည်းစိမ်၊ ပါမစ် စည်းစိမ်တွေနှင့် မလဲ ကြပါနှင့်။

ထို စည်းစိမ်တွေကို မည်သူမျှ နှစ် ၅၀ ထက် ပို မခံစား နိုင်ပါ။ ပြီးလျှင် ငရဲအိုးမှာ အတိုး ချ၍ ရေကူးဖို့သာ ပြင်ကြ ပေရော့။ စစ်အုပ်စုနှင့် အလိုတူ အလိုပါ ထောက်ခံသူ၊ ကာကွယ်သူ အပေါင်းအပါများပါ မကောင်းမှု အဖို့ဘာဂ ကို ထပ်တူ ထပ်မျှ ရကြ ပေလတ္တံ့။

Comments