Minn Sin Linn - Nargis knocked out Junta's Posts


နာဂစ်က နအဖကို အလဲထိုးလိုက်သတဲ့လား
မင်းစင်လင်း

ဇူလိုင် ၂၄၊ ၂၀၀၈

မိုးမခ … ရေ

အခုတလော ရန်ကုန်လူထုကတော့ ပျော်နေကြသဗျ။ ဒီလောက်ဆင်းရဲကြပ်တည်းပြီး စီးပွားရေး လူမှုရေး နိုင်ငံရေး မပြေလည်မှုတွေ များလွန်းလှတဲ့ ဖိစီးမှုတွေ အင်မတိအင်မတန်များတဲ့ ကျနော်တို့ ရွှေပြည်ကြီးမှာ လူထု ပျော်နေကြတယ်လို့ ကျနော်ပြောတော့ မိုးမခကလူတွေ အံသြပြီး ငိုင်သွားမလား။

ဟ ... ပျော်တယ် ဆိုရအောင် ငါတို့ ရွှေပြည်ကြီးမှာ ဒီမိုကရေစီရတာလည်း မဟုတ်။ လူထုခေါင်းဆောင် အန်တီစု လွှတ်လာတာလည်း မဟုတ်။ နောက်ဆုံး အာဏာရှင်ရူးကြီး မှုးကြီး သန်းရွှေ သေလို့လားဟ ပေါ့။ အတွေးတွေ နယ်ချဲ့နေမှာ မြင်ယောင်သေးတော့....။

တလွဲ မတွေးလေနဲ့ မိုးမခ ၀ိုင်းတော်သားတွေရေ ... မေလဆန်းက တိုက်ခဲ့တဲ့နာဂစ်ကြောင့် လူတွေ ကြိတ်ပြီး ကြံဖန်ပြီး ပျော်နေကြတ်ာဗျ။

ဟာ..ဒီကောင် လုပ်ပြန်ပြီ။ မင်း ပြည်တွင်းမှာ ပြသနာရှာမရလို့ ငါ့ကို လာရစ်မနေနဲ့ ငါက သူများကိုသာ ရစ်ချင်လို့ မောင်ရစ်လို့ အဲလေ … မိုးမခကလူတွေကို ပြောနေရင်း ဟိုတယောက်ကို ခလုတ်တိုက်မိပြန်ပြီ။ အဟီး ခဏနေဦး။ ပြောမယ်လေ။ ဒီလို…

ကျနော်တို့ ရွှေပြည်ကြီးမှာ ရေမြေ့သခင် မင်းရှင်ဘုရင်တွေ အာဏာ ကုလားထိုင်ပေါ် ကားယားခွကြီး မထိုင်တတ် ထိုင်တတ် စပြီး လုတက်ထိုင်ခဲ့တဲ့ ၁၉၉၀ လွန်နှစ်တွေ ကတည်းက ရန်ကုန်မြို့ကြီးရဲ့ လူစည်ကားပြီး လမ်းသွားလမ်းလာများတဲ့ နေရာတွေမှာ ၀ါဒဖြန့်ချီရေး ဆိုင်းဘုတ်ကြီးတွေ ပိုစတာတွေ စိုက်ထူပြီး - သူတို့ တပ်မတော်သာ ပြည်သူလူထုကြီးရဲ့ မိဘသာ ဖြစ်ကြောင်းတို့ ဘာညာ သာရကာပေါ့ဗျာ … အရှည် မပြောတော့ပါဘူး … သိမှာပေါ့ ထောင်လိုက်တဲ့ ဆိုင်းဘုတ်တွေ ဆိုတာ … အနှံ့ မဟုတ်လား။

ပြည်သူရင်ပြင်ရှေ့ဆို ဆိုင်းဘုတ်ကြီးက ဟီးလေးထလို့ … ဘာတဲ့ … နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးသည် တိုင်းရင်းသားအားလုံး၏ တာဝန်ဖြစ်သည် လို့ ရေးထားတာ မှတ်မိမှာပေါ့။ တိုင်းရင်းသား တာဝန်သာ ဆိုတယ်။ သူတို့ စစ်တပ်ကပဲ အဲဒီ အခြေခံဥပဒေကို တာဝန်ယူပြီး ရေးသွားတာ ခင်ဗျ။ တိုင်းရင်းသားတွေကော ပါတီတွေကိုကော ဖမ်းပြီး ထောင်ထဲ ထည့်ထားတာကျတော့ သူတို့ ဆိုင်းဘုတ်မှာ ထည့်မရေးဘူး။

ပြောရရင်တော့ဗျာ၊ န၀တ … နအဖ … ကလည်း ၀ါဒဖြန့်ချီရေး ဆိုင်းဘုတ်တွေ စိုက်မြဲ၊ လူထုကလည်း အဲဒါတွေ တွေ့တိုင်း ဆဲချင်နဲ့ … ဂျာအေး သူ့အမေရိုက်နဲ့ လုံးချာလိုက်လာတာ။ တနေ့ တနေ့ ဆိုင်းဘုတ်ကြီးတွေမြင်တိုင်း လူထု ဒေါသရေချိန်က လျှံတက်လာတာကိုး။

အခုလည်း မေလ ဆန္ဒခံယူပွဲကြီး လုပ်မယ်ဆိုတော့ အာဏာရှင်များရဲ့ထုံးစံအတိုင်း ၀ါဒတွေဖြန်ဖို့ ဆိုင်းဘုတ်တွေထောင်တာမှ မြင်မကောင်းပဲ။

ကျနော်ကြားတာတော့ ၀န်ကြိးဌာနတွေရဲ့ ရုံး အိမ်သာထဲမှာ ထောက်ခံမဲပေးကြဖို့ စာတွေ ကပ်၊ စာတွေ ဝေကြနဲ့ ဆိုပဲ … ထားပါတော့။

အဲသလိုတွေကြောင့် လူတွေမြင်ပြင်းကပ်နေကြတုန်းမှာပဲ နာဂစ်ကြီးက ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ၀င်လာရော ။ သဘာဝတရားကြီးကတော့ အာဏာရှင်တွေ စွမ်းအားရှင်တွေကို ကျနော်တို့လို မကြောက်တတ်ဘူးလေ။ ပြီးတော့ သူက အင်းစိန်ထောင်တွေ ဘာတွေလည်း ရောက်မယ့်ကောင်မှ မဟုတ်တာ။ တွေ့ရာ ၀င်ရမ်းရော။

ရမ်းတော့ ဘာဖြစ်လဲဆိုတော့ အခုနက ထောင်ထားတဲ့ နအဖပိုင် ၀ါဒဖြန့်ဆိုင်းဘုတ်တွေဆိုတာ မုန်တိုင်းတိုက်ပြီး မနက်ကျတော့ ပေတရာလမ်းပေါ်မှာ သံတို သံစလောက်တောင် မသားနာတော့ဘဲ ပြန့်ကျဲနေတာ။

ကျနော်ကလည်း နေတတ်တာ မဟုတ်ဘူး။ လျှောက်ကြည့်တော့ တွေတာပေါ့။ မြေနီကုန်းမှာဆို လူတယောက်က ထောက်ခံမဲပေးကြစို့ ဆိုတဲ့ မြေခနေတဲ့ ၀ါဒဖြန့်ဆိုင်းဘုတ်ကြီးကို ပယ်ပယ်နယ်နယ် ခြေနဲ့ နင်းနေတာဗျ။

လူထုဒေါသနော်။ နအဖတွေ သိဖို့ကောင်းတယ်။ ရှက်တတ်ရင် ရှက်ကြစမ်းပါ။

တိုတိုပြောရရင်တော့ မိုးမခ ရေ … ရန်ကုန်မှာ နာဂစ်ကြောင့် နအဖရဲ့ ၀ါဒဖြန့်ဆိုင်းဘုတ်တွေ အခုဆို မရှိတော့ဘူးဗျ။

လမ်းဆုံ လမ်းခွတွေကြည့်လိုက်ရင် စီးပွားရေးကြော်ငြာဆိုင်းဘုတ်တချို့က လွဲရင် ဟိုးတုန်းက ကျနော်တို့ တွေခဲ့တဲ့ အစိုးရ ဆိုင်းဘုတ်တွေ အသစ် ပြန်စိုက်လာတာ မတွေရသေးဘူး။

လူထုကတော့ အဲဒါကိုပဲ ပျော်နေတာ။ အာဏာရှင်ကို လူထုက ဘယ်လောက်မုန်းနေသလဲ ဆိုတာ ဒီအချက်က သက်သေတခုပဲ။

နာဂစ်ကြောင့် ကျနော်တို့ လူထု အများကြီး ထိခိုက်နစ်နာတယ်။ နာဂစ်အလွန်မှာလည်း ကျနော်တို့လူထုရဲ့ လူမှု စီးပွား ဘ၀တွေ ပိုပြီး ကြပ်တည်းလာတယ်။ ပြည့်တန်ဆာတွေ သူတောင်းစားတွေ များလာတယ်။

အဲဒီလို အကြပ်အတည်းကြားမှာပဲ လူထုက အာဏာရှင်ကို ပိုမုန်းလာတယ်။ မြန်မာလူထုကြီးတရပ်လုံးရဲ့ အမုန်းဆိုင်ကလုန်းကို အာကာကို လွှာပုံပြုလို့ မေယုကိုတဲ့ စုတ်တံချီပြီး ရေးရရင် ဒီစကြာဝဠာနဲ့တောင် မလောက်ဘူးဆိုတာ ခင်ဗျားတို့လည်း သိပြီးမှာမို့လို့ အကျယ်မချဲ့တော့ပါဘူးလေ၊ သို့သော် ဆိုလိုချင်တာက လူထုကြီး ပျော်နေတယ် ဆိုတာ နအဖရဲ့ ၀ါဒဖြန့်ဆိုင်းဘုတ်တွေကို မမြင်ရတော့တာကြောင့်လို့ ပြောချင်တာပါ

အစကတည်းက ဒီဆိုင်းဘုတ်တွေကို မီးရှို့ပစ်ချင်နေတဲ့ လူထုကြီးဟာ အခုလို အကြပ်အတည်းဆိုက်နေချိန် အခုကာလပျက်ကြီးမှာ အရင်ကလို ၀ါဒဖြန့်ဆိုင်းဘုတ်တွေ ပြန်သာ မြင်ရရင် ဘာတွေ ဖြစ်ကုန်မယ် မသိဘူးနော်။

အံမယ် … အံမယ် … ပြည်သူ့အချစ်တော် နအဖမင်းများကလည်း ဒါမျိုးကျ ပါးသကိုးဗျ။

အဲဒါတွေးမိလို့များ သူတို့ရဲ့ ၀ါဒဖြန်ဆိုင်းဘုတ်တွေ ပြန် မထောင်သေးတာ ထင်တယ်။

မယုံမရှိလေနဲ့ ရန်ကုန်မှာ လူတွေ အခုတလော ပျော်နေကြတယ်။

(စာတည်းမှတ်ချက် - ရန်ကုန်သားတို့ ကြာကြာ ပျော်ရလိမ့်မည် မထင်၊ တော်ကြာ လေဘေးအတွက် ရထားသည့် ပတ္တာစ အပြာကြီးတွေနှင့် နအဖက ဆိုင်းဘုတ်တွေ ပြန်ထောင်လာမည်သာမက ရပ်ကွက်တွေဆီက ဆက်ကြေးတောင်းကာ ဆိုင်းဘုတ်ဖိုး အလှူခံလိမ့်ဦးမည်။ အရင်က လမ်းကြေး၊ တံတားကြေး၊ နောက်တော့ ဆိုင်းဘုတ်ကြေး ဖြစ်လာရင် … ပသို့ လုပ်ကြမည်နည်း။)

Comments