Photos and News of Award Ceremony of Citizen of Burma - popular

မြန်မာပြည်သားတို့၏ ပြည်သူ့ဂုဏ်ရည် ဆုချီမြှင့်ခြင်း အခမ်အနား မြင်ကွင်းနဲ့ အသံများ
မိုးမခအထောက်တော် ၀၀၁
ဧပြီ ၂၉၊ ၂၀၁၀
ဧပြီလ ၂၄ ရက်က ကျင်းပခဲ့သော ပြည်ပရောက် မြန်မာပြည်သားများ စုစည်း စီစဉ်မှုဖြစ်သော ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ ပရိသတ်များက အားပါးတရ စောင့်ကြည့် အားပေးခဲ့ကြသည်ကို တွေ့ရသည်။
အာရ်အက်ဖ်အေသတင်းဌာနနှင့် ဒီဗီဘီသတင်းဌာနတို့က အခမ်းအနားသို့ လာရောက်သတင်းယူပြီးနောက် ထုတ်လွှင့်ပေးသဖြင့် ပြည်တွင်းရှိ သတင်းစောင့်နားထောင်နေသူတို့ စိတ်လှုပ်ရှား ၀မ်းသာကြသည်ဟု ဆိုသည်။ အင်တာနက်မီဒီယာများက ဆုပေးပေးချင်း သတင်းကို တင်ဆက်ခြင်း၊ ဧည့်ပရိသတ်များက ဖုံးများနှင့် မိတ်ဆွေများသို့ ဆက်သွယ် အသိပေးခြင်းတို့ကြောင့် မြန်မာပြည်အချိန် တနင်္ဂနွေ မနက်ခင်းတွင် ပြည်တွင်းရှိ မြန်မာတို့က နာရေးကူညီမှုအသင်း၏ ကျော်သူ့ကို ၂၀၁၀ ပြည်သူ့ဂုဏ်ရည်အဖြစ် ချီးမြှင့်ကြောင်းကို အနှံ့အပြား သိသွားကြသည်ဟု ဆိုသည်။
“ အဓိကကတော့ အားလုံးကို ရစေချင်တယ်။ ပထမဆုံးအကြိမ် နောက်ဆုံးဆန်ကာတင်သူတွေက ပြည်သူတွေအားလုံး ချစ်ခင်လေးစားသူ မြန်မာပြည် ဂုဏ်ဆောင်တွေ ချည်းပဲလေ။ ပထမ ၂၄ ဦး တက်ကတည်းက အားလုံးကို ဂုဏ်ပြုချင်တာချည်းတွေပဲ။ ဒါပေမယ့် ကျော်သူ ရတယ် ဆိုတော့ ၀မ်းသာတယ်။ ပြီးတော့ ကိုကျော်သူက မီဒီယာတွေကနေ တဆင့် ဂုဏ်ယူ ၀မ်းမြောက်တယ်လို့ ပြန်ပြောတော့ ကြားရတဲ့ ကျမတို့လို့ ပရိသတ်တွေ၊ ပြည်သူတွေက ကြည်နူးလိုက်တာပေါ့နော်။ ဆုရသူတွေကော၊ ၀ိုင်းပြီး အားပေးထောက်ခံသူတွေကော အားတွေ တက်သွားရတဲ့ ပွဲပါပဲ” လို့ အင်တာနက်စာဖတ်ပရိသတ်တဦးက မိုးမခသို့ စာရေးသား ပေးပို့သည်။
အင်တာနက်၏ ထင်ရှားသော ၀က်ဆိုက်တခုဖြစ်သည့် ဆိုရှယ်နက်ဝပ်ဆိုက် - ဖေ့စ်ဘွတ်တွင် ကျော်သူ့ချစ်သူများနှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက ၎င်းတို့ ရိုက်ကူးထားသော ဓာတ်ပုံများကို လွှင့်တင်လိုက်သဖြင့် အင်တာနက်သတင်းဆိုက်နှင့် မြန်မာပိုင်း ရေဒီယိုအစီအစဉ်တို့၏ ၀က်ဆိုက်များထက် စောပြီး ပရိသတ်ကြားထဲတွင် ဓာတ်ပုံများ ပြန့်သွားကြသည်ကို တွေ့ရသည်။
“ အခမ်းအနားပြီးတော့ အယ်လ်အေမြို့ခံတွေကော၊ ဧည့်သည်မြို့တွေက မိတ်ဆွေတွေကောမှာ သိမ်းရ ဆည်းရ၊ အလုပ်တွေ ရှုပ်နေကြတော့ သတင်းတွေ၊ ဓာတ်ပုံတွေလည်း မတင်ဖြစ်ဘူး။ အခမ်းအနားက မထင်မှတ်လောက်အောင် စည်ကားတယ်။ အားပေးကြတယ်။ ညစာအလှူရှင်ဆိုရင် မလောက်လို့ အကြိမ်ကြိမ် ပြန်မှာပေးရတယ်။ လုပ်အားပေးတွေက နည်းနည်းနဲ့ ကျဲကျဲ ၀ိုင်းကြရတာ ဆိုတော့ တာဝန်မကျေမှာ စိုးရိမ်မိတယ်။ ပြီးတော့ ကောလိပ်ဝင်းထဲက ဆရာတွေ၊ ပါမောက္ခတွေ၊ ကျောင်းသားတွေကလည်း စိတ်ဝင်စားကြတာ တွေ့တယ်။ အားပေးကြတယ်။
နောက်ပိုင်းမှာ ကုန်ကုန်ပြောရရင် ဆုရသူတွေနဲ့ ဆန်ကာတင်သူတွေကို ဂုဏ်ပြုအမှတ်တရ အစီအစဉ်လုပ်တယ်၊ ချီးမြှင့်တယ် ဆိုတာကိုတောင် ကာယကံရှင်တွေဆီ စောစောစီးစီး အကြောင်းမကြားဖြစ်ခဲ့ဘူး။ အယ်အေအချိန် မနက်လင်းအားကြီး ၃ နာရီလောက်မှာမှ မြန်မာပြည်ကို ဖုံးဆက်ရတယ်။ အဲသည်မှာမှ ကိုကျော်သူ့ကို ဖုံးနဲ့ ဖြစ်မြောက်ရေးအဖွဲ့က ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတွေက အကြောင်းကြားရတယ်။ နှုတ်ဆက်ရတယ်။ ရှေ့နေကြီး ဦးအေးမြင့်ကို ဖုံးဆက်တော့ ဇနီးသည်နဲ့ပဲတွေ့တယ်။ အဲဒါနဲ့ အန်တီ့ကို ပြောခဲ့ရတယ်။ ကျေးဇူးတင်မှတ်တမ်းတင်တဲ့အကြောင်းပေါ့။ နောက်မှ ကျန်တဲ့သူတွေကို အကြောင်းကြားရတာ ဖြစ်တယ်”
ဟု အခမ်းအနားဖြစ်မြောက်ရေး အဖွဲ့တွင်းက လုပ်အားပေးစေတနာရှင်တဦးက မိုးမခသို့ ပြောကြားသည်။
ဆုရပြီးပြီချင်း နာရီပိုင်းအတွင်း အင်တာနက်ဘလောဂ်များမှတဆင့် တုန့်ပြန်ချက်များ ချက်ခြင်းတက်လာသည်ကို တွေ့ရသည်။ ပြည်သူ့ဂုဏ်ရည် ဆုရ ကိုကျော်သူနှင့်တကွ ဆန်ကာတင်ဆုရသူများအားလုံးကို ဂုဏ်ပြုကြောင်း၊ ၀မ်းသာကြောင်း စာများ၊ ပို့စ်များ၊ ဒီဇိုင်းပို့စကဒ်များ ထွက်ပေါ်လာသည်။ အလျင်မြန်ဆုံး အင်တာဗျူးမှာ ဘားမားပါပါရာဇီ အမည်ဝှက်နှင့် စာရေးသူတဦး၏ ကျော်သူနှင့် ဆုရသည့်အင်တာဗျုး တင်ဆက် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ၎င်းအင်တာဗျူးမှာ ဘလောဂ့်များတွင် ၀ိုင်းဝန်းမျှဝေ တင်ဆက်ကြသဖြင့် အားလုံးက မဖတ်လိုက်ရ မရှိဟု ပြောကြသည်။
“ ပြောပြရရင် အစကတော့ အဲသည်လောက် စိတ်မလှုပ်ရှားဘူး။ နောက်ပွဲထဲမှာ ကိုယ်တိုင် လာအားပေးတော့ စိတ်ထဲမှာ အရမ်းတက်ကြွလာတယ်။ မြန်မာပြည်မှာဆိုရင်လည်း “လုပ်ပွဲ” တွေပဲ မြန်မာရုပ်မြင်မှာ ကြည့်ရတယ်။ အခုဟာက ပြည်သူ့မဲဆန္ဒနဲ့ ပေးတာ။ အရွေးခံရသူတွေက ပြည်သူ့အချစ်တော်တွေ။ အမေရိကားမှာဆိုရင် သူများတွေ ပျော်နေတာတွေကို ကိုယ်နဲ့ မဆိုင်ဘဲ လိုက်ပျော်ခဲ့ရတာတွေချည်းပဲ။ သမ္မတရွေးပွဲတို့၊ ဒီတခါ အော်စကာမှာဆို ဘားမားဗီဂျေမရလိုက်တော့ စိတ်က ထိခိုက်ရတာ။ အခု သည်ပွဲထဲမှာ ပျော်လာတာလေ။ ဆုက ဘယ်သူရရ ပျော်မှာ။ ကိုကျော်သူ ဆိုတော့လည်း အရမ်းပျော်သွားတာပဲ။ အဲသလို …”
ဟု အခမ်းအနားတက်ရောက်သူ မြန်မာလူငယ်တဦးက မိုးမခသို့ ၎င်းခံစားချက်ကို ပြောပြသည်။
ဆုပေးပွဲကျင်းပပြီး နောက် ရက်များအတွင် ပြည်ပရောက် မြန်မာတို့၏ ထင်ရှားသော အင်တာနက်သတင်းဝက်ဆိုက်များတွင် ပြည်သူ့ဂုဏ်ရည်သတင်းများကို ဖော်ပြရာတွင် မြန်မာပြည်တွင်းရှိ ဆုချီးမြှင့်ခြင်းခံရသူ ကိုကျော်သူ၏ ခံစားချက်နှင့် သဘောထားကို အကျယ်တ၀င့် မေးမြန်းဖော်ပြကြသည်ကို တွေ့ရသည်။ သို့ဖြစ်သည့်အတွက် ပြည်သူ့ဂုဏ်ရည်အစီအစဉ်အတွက် ရပ်နီး ရပ်ဝေးက အားပေး ကူညီ ထောက်ခံကြသူ အလှူရှင်များ၊ စေတနာရှင်များ နှင့် လုပ်အားပေးတို့မှာ ၎င်းတို့၏ စေတနာနှင့် မေတ္တာကို ၎င်းတို့ လေးစားကြည်ညိုသူတို့၏ အသိအမှတ်ပြုမှုကို ခံကြရသဖြင့် ပီတိဖြစ်ကြရ၊ အားတက်မိကြရသည်ဟု ဆိုသည်။
“ဒါလေးက သူတို့တတွေရဲ့ စွန့်လွှတ်မှုတွေ၊ စွန့်စားမှုတွေ၊ လုပ်ဆောင်ချက်တွေနဲ့ နှိုင်းရင် ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်ပက ၀ိုင်းဝန်းပြီး သူတို့လုပ်ရပ်တွေကို သာဓုခေါ်ကြတယ်ဆိုတဲ့ အသံကို သူတို့က ကြားတယ်ဆိုတော့ ပီတိဖြစ်တာပေါ့။ အများနည်းတူ ပီတိဖြစ်ရတာလေ။ ကိုယ်တယောက်တည်း ဖြစ်ရတဲ့ ပီတိမဟုတ်ဘူး” ဟု မိုးမခမိတ်ဆွေတဦး မှတ်ချက်ပေးသည်။
“ဟိုး အော်ရီဂွန်က ကလေးတွေက ကား ၂ စီးနဲ့ တက်လာတယ်။ ပွဲအစမှာလည်း မင်္ဂလာရှိတဲ့ မြန်မာသီချင်းနဲ့ အက၊ နောက် အန်တီမာမာအေးရဲ့ သီချင်းနဲ့ ဓာတ်ပုံတွေ၊ ပြီင်္းတော့ ပွဲအပြီးမှာ ဗွေးတုပ်ယိမ်း ကတယ်။ ၅ ဦးစလုံးအကြောင်းကို ဆလိုက်ရှိုးတွေနဲ့ လူငယ်တွေက ဖတ်ပြကြတာကလည်း အလွန်စိတ်တက်ကြွစရာ ဖြစ်ပါတယ်။ မဲပေးတဲ့ စနစ်ကို မြန်မာပရော်ဖက်ဆာကြီးက ရှင်းပြတယ်။ ဟေတီကတောင် လှမ်း မဲပေးတယ်ဆိုတော့ ပျော်တာပေါ့။ ငွေစာရင်း ရှင်းတာ ဖတ်ပြတာလဲ ပျော်စရာကြီး။ အယ်လ်အေက ဒေါ်လာ ၇ ထောင်၊ နောက်မြို့တွေက ဒေါ်လာ ၂ ထောင်၊ ၁ ထောင်၊ ၅၀၀၊ ၆၀၀ အစရှိသဖြင့် ကောက်ခံရရှိတယ် ဆိုတော့ ပရိသတ်က လက်ခုပ်သံ တဖြောင်းဖြောင်းပဲ။ ပြီးတော့ ရတဲ့ ၁ သောင်းခွဲမှာ ၁ သောင်း ၁ ထောင်ကို ဆုပေးတယ်ဆိုတော့ ရှင်းရော။ စေတနာ သန့်တယ်။ လုပ်အားတွေ သန့်တယ်လို့ မြင်ပါတယ်။” ဟု ၎င်းက ပြောသည်။
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အခမ်းအနား ဓာတ်ပုံမှတ်တမ်းများ မကြည့်လိုက်ရသူများ သည်က ဖေ့စ်ဘွတ် စာမျက်နှာတွေမှာ သွားကြည့်နိုင်ပါသည်။ မျိုးချစ်မြန်မာ၊ ဘိုဘိုနဲ့ အောင်မိုးဝင်း (BGAN) တို့၏ စာမျက်နှာတွေမှာ ကြည့်နိုင်ပြီ ဖြစ်သည်။
ပြည်သူ့ဂုဏ်ရည်၏ ဖေ့စ်ဘွတ် စာမျက်နှာမှာ အောက်ပါအတိုင်းဖြစ်သည်။

Comments