Pan Phyu sues her old flame

ရည်းစားဟောင်း ကိုဇော်ဝင်းရှိန်ကို မင်းသမီး ပန်းဖြူ တရားစွဲသည့် သတင်း အင်တာနက်တွင် ပျံ့နှံ့
မိုးမခအထောက်တော် အမှတ် ၀၀၅
ဇူလိုင် ၁၄၊ ၂၀၁၀

ပန်းဖြူနှင့် ရည်းစားဟောင်းတို့၏ ဓာတ်ပုံများကို အီးမေးသုံးသူအချင်းချင်း အဆင့်ဆင့် ဖြန့်ဝေနေကြသည်

အကယ်ဒမီ ပန်းဖြူက ရည်းစားဟောင်း ဖြစ်သူကို ပုဒ်မ ၄၁၇ (ကာမ လိမ်လည်မှု) ဖြင့် တရားစွဲထားကြောင်း ရှည်လျားစွာ ရေးသားထားသော အီးမေးတစောင်မှာ အင်တာနက် အသုံးပြုသူ အများအပြားထံသို့ ရောက်ရှိနေသည်။

ရည်းစားဟောင်းမှာ ဧရာဟင်္သာကုမ္ပဏီ ပိုင်ရှင် ကိုဇော်ဝင်း၇ှိန် (အသက် ၃၂နှစ်) ဖြစ်သည်။

၎င်းတို့၏ အချစ်ဇာတ်လမ်း ၂၀၀၂ ခုနှစ်တွင် စတင် ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အတူနေအဆင့်သို့ ရောက်ခဲ့သည်ဟု ထိုအီးမေးတွင် ဖော်ပြထားသည်။ သို့သော်လည်း နောက်ပိုင်းတွင် ကိုဇော်ဝင်းရှိန်က လက်ထပ်ရန် ငြင်းဆိုပြီး ကွယ်ရာတွင်လည်း မင်းသမီး သိက္ခာကျစေမည့် အပြောအဆိုမျိုး ပြောဆိုခဲ့သောကြောင့် တရားစွဲခဲ့ခြင်း ဖြစ်သည်ဟု ထိုအီးမေးတွင် ရေးထားသည်။

မြို့နယ် နှင့် ခရိုင်အဆင့် တရားရုံးများတွင် တရားစွဲခဲ့သော်လည်း ကိုဇော်ဝင်းရှိန်က ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူ ဖြစ်သောကြောင့် မင်းသမီး ပန်းဖြူက အမှု နိုင်ခဲ့ခြင်း မရှိဟု ထိုအီးမေးက ဆိုသည်။

သို့သော်လည်း မင်းသမီးက ဇွဲမလျှော့ဘဲ တိုင်း နှင့် ဗဟိုတရားရုံး အဆင့်ဆင့်ကို တက်မည်ဟု ထိုင်းအခြေစိုက် ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ဒီအမှုကို ပြီးဆုံးအောင်လုပ်မှလည်း ကျခဲ့ရတဲ့ သိက္ခာတွေက အနည်းငယ် ပြန်တက်လာမှာပါ။ ဒီလိုမျိုး ဒီအတိုင်း ရပ်လိုက်ရင် သူတို့ပြောသလို ထင်သလိုကြီးက ဟုတ်တယ်ဆိုတာကြီး ဖြစ်သွားမှာ။ အဲဒီတော့ ပြီးဆုံးအောင် ဆက်လုပ်မှာပါ”ဟုလည်း ပန်းဖြူက ဧရာဝတီကို ပြောသည်။

ပန်းဖြူက သူ့ကို အချိန်မပေးနိုင်တော့သည့် နောက်ပိုင်း ညှိနှိုင်းရ ခက်ခဲပြီး လမ်းခွဲခဲ့ခြင်း ဖြစ်သည်ဟု ယမန်နှစ်က ဂျာနယ်တစောင်သို့ ပြောခဲ့သည်။

“ပန်းဖြူ ကိုယ်တိုင် သူ့ကို နားလည်မပေးနိုင်ဘူး ။ သူ့အတွက် အချိန် မပေးနိုင်ဘူး။ ဒီအနုပညာ အလုပ် ကိုပဲ ဦးစား ပေးချင်တယ်။ သူကလည်း အနုပညာဆို နား မလည်ဘူး။ အဲဒီ အခါ ညှိ မရတာတွေ ဖြစ်လာခဲ့တယ်။ နောင်တလည်း ရမိသလိုပဲ။ သူနဲ့ ပတ်သက်ပြီး အချိန်တွေ ဖြုန်းခဲ့ သလို ဖြစ်သွားလား လို့လည်း အခါခါ တွေးမိပါတယ်” ဟု ရန်ကုန်အခြေစိုက် မောနင်းပို့ စ် ဂျာနယ် (၂၀၀၉ အောက်တိုဘာ ၂၁ ) တွင် ပန်းဖြူ၏ ပြောကြားချက်များကို ဖော်ပြထားသည်။

မင်းသမီး ရည်းစားဟောင်းကမူ မီဒီယာများသို့ ပြောဆိုခြင်း မရှိသေးပေ။






Comments