USDP get SPDC's women wing

ကြံ့ဖွံ့ပါတီက အမျိုးသမီးရေးရာကို သိမ်းပိုက်ကြောင်း BBC ကို သတင်းပေး
မိုးမခအထောက်တော် အမှတ် ၀၀၈
ဇူလိုင် ၂၃၊ ၂ဝ၁ဝ ၂၀၀၇ ခုနှစ်က ရွှေတိဂုံတွင် တွေ့ရသော စာရေးဆရာမ ဒေါက်တာ မတင်ဝင်း နှင့် အမျိုးသမီးရေးရာ အင်အားစု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မကြာသေးမီက ဖျက်သိမ်းလိုက်သည်ဟု ဆိုသော မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ အသင်းဝင်များ၊ အသင်းပိုင်ပစ္စည်းများကို ရရှိသွားသည်ဟု BBC မြန်မာဌာနက ကြာသပတေးနေ့ညတွင် ထုတ်လွှင့်သွားသည်။

အမျိုးသမီးရေးရာသည် ကြံ့ဖွံ့အသင်း နည်းတူ ယခုလ ၆ ရက်နေ့က လူမသိ သူမသိ ဖျက်သိမ်းခဲ့သည်ဟု BBC က ကြံ့ဖွံ့ပါတီလူကြီးတဦးကို ကိုးကားပြီး ထုတ်လွှင့်ခဲ့သည်။

ဤအသင်းကြီးများ ဖျက်သိမ်းသည့် သတင်းကို BBC သတင်းဌာနကသာ ဦးစွာ ရရှိခဲ့ကြောင်း တွေ့ရသည်။

ဗိုလ်ချုပ်ကြီးတို့သည် “BBC ရန်တိုက်ပေးနေသည်၊ - - လေလှိုင်းသံ လူသတ်သမား၊ နားမယောင်လေနဲ့ သတိထား” ဟု သတင်းစာမျက်နှာဖုံးတွင် နေ့စဉ် ကြွေးကြော်နေသော်လည်း ၎င်းတို့၏ ထူးခြားသည့်အပြောင်းအလဲကြီးများနှင့် ပတ်သက်၍ ပြန်ကြားရေးလုပ်ဆောင်ရာတွင် BBC သတင်းဌာနကိုသာ အားကိုးနေရကြောင်း တွေ့ရသည်။

ဗိုလ်ချုပ်ကြီးတို့၏ အသင်းကြီး ၂ ခု ပူးပေါင်းပြီး ကြံဖွံ့ပါတီကို တည်ထောင်လိုက်သဖြင့် ထိုပါတီသည် လူအင်အား၊ ပစ္စည်းပိုင်ဆိုင်မှု အင်အား မည်သူမျှ မယှဉ်နိုင်သည့် အခြေအနေသို့ ရောက်သွားသည်။

ကြံဖွံ့နှင့် ပူးပေါင်းလိုက်သည့် အမျိုးသမီးရေးရာတွင် ဥက္ကဋ္ဌမှာ ဒေါ်ခင်ခင်ဝင်း (၀န်ကြီးချုပ် ဦးသိန်းစိန်၏ ဇနီး) ဖြစ်သည်။ နာယကအဖွဲ့ ဝင် ၃ ဦးမှာ ဒေါ်ကြိုင်ကြိုင် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး)၊ ဒေါ်မြမြစန်း (ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဇနီး)၊ ဒေါ်ခင်လေးသက် (ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ဇနီး) တို့ ဖြစ်သည်။

ကြံ့ဖွံ့ပါတီသို့ ကူးပြောင်းရာတွင် ထို ထိပ်သီး အမျိုးသမီးများ ပါဝင်မည်မဟုတ်ဟု BBC က ဆိုသည်။ သို့သော်လည်း ဗိုလ်ချုပ်ကြီးများထံမှ သီးခြား အတည်ပြုချက် မရရှိသေးပေ။

ဤအသင်းသည် ၂၀၀၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်း တိုးမြှင့်ရန် တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှ ထွက်သွားရန် နိုင်ငံအနှံ့ ဆန္ဒပြပွဲများ ဦးဆောင်ပြုလုပ်ခဲ့သည်ဟု womenofburma.org ရှိ အစီရင်ခံစာ တစောင်က အစိုးရသတင်းစာများကို ကိုးကားပြီး ရေးထားသည်။

၂၀၀၃ တွင် တည်ထောင်ခဲ့သည်ဟူသော ဤအသင်းတွင် အသင်းဝင် အရေအတွက် ၃ သန်း နီးပါး ရှိသည်ဟု အသင်း၏ အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

ဗိုလ်ချုပ်ကြီးတို့၏ အမျိုးသမီးအဖွဲ့က ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြောင်း ယခင်နှစ် ဇွန်လက မိုးမခ၏သတင်းထောက်တဦး ရေးသား ပေးပို့ထားသည်ကို ဤနေရာတွင် ဖတ်ရှုနိုင်သည်။

http://moemaka.com/index.php?option=com_content&task=view&id=4188&Itemid=1

Comments

ကေရာဝတီ said…
မယားပစ္စည်း လင်ပိုင်တယ်လေ။ ဘာဖြစ်သေးတုံး။ မနာလိုမရှိကြနဲ့။ နောက်ပြီး ပြည်သူအားလုံးက အစိုး၇ပြောသမျှအကုန် ညာနေတယ်လို့သတ်မှတ်ပြီးသား။ ဒီတော့ ဟဲဟဲဟဲ…အစိုးရ က BBC ညာနေတယ်ဆိုတိုင်း တို့က မှန်တာသေချာတယ် လို့ ယုံကြည်ပြီးသား။