Twilight over Burma by Inge Sargent ကို မှုန်ရီဆိုင်း တိုင်းမြန်မာ အမည်ဖြင့် ဒါရိုက်တာဦးဝင်းဖေ ဘာသာပြန်ခဲ့ဖူး
မိုးမခစာဖတ်သူတဦး (အရှေ့ဖက်ကမ်းခြေ)
ဧပြီ ၉ ၊ ၂၀၁၁
မိုးမခ၀ိုင်းတော်သားများ ခင်ဗျား
မိုးမခရဲ့ အခန်းဆက်အစီအစဉ် မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး ကို ကျနော်တို့ ဖတ်ရတာ အလွန်ကြိုက်နှစ်သက်မိပါတယ်။ ဘာသာပြန်သူ စာရေးဆရာ မေခကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ။ အဲသည်မှာ တခုဖြည့်ပြောချင်တာက အဲသည် သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ကိုယ်တွေ့ဇာတ်လမ်းကို ရေးသားခဲ့သူ Inge Sarget ရဲ့ စာအုပ်ကို ၁၉၉၅ ခုနှစ် ၀န်းကျင်က အမေရိကန်ရောက် ဒါရိုက်တာဦးဝင်းဖေက အမည်မခံဘဲ တိုက်ရိုက်ဘာသာပြန်ခဲ့ဖူးပါတယ်။
မြန်မာပြည် ပြင်ပမှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိပြီးတော့ မြန်မာပြည်တွင်းကိုလည်း တင်သွင်း ဖြန့်ချိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ စာအုပ်အမည်က မှုန်ရီဆိုင်း တိုင်းမြန်မာ ဖြစ်ပါတယ်။ အဲသည်စာအုပ်ကို ဒုတိယနှိပ်ခြင်းအဖြစ် သပြေညိုစာပေက ထိုင်းနိုင်ငံမှာ ၂၀၁၀ နိုဝင်ဘာ နေ့စွဲနဲ့ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
စာအုပ်ကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်ပါတယ်။
( မိုးမခ၀ိုင်းတော်သားများ ပြန်စာ - ဟုတ်ကဲ့ပါ။ ပြောပြတာကို ကျေးဇူးတင်ပါတယ်။ အခု မိုးမခမှာ ဘာသာပြန်အခန်းဆက်ပါလာတော့ ရှမ်းပြည်နယ်က မိုးမခစာဖတ်သူတွေက စိတ်ဝင်တစား အားပေးဖတ်ရှုတယ်လို့ သိရပါတယ်။ အဲသည်နယ်က အချို့ တိုင်းရင်းသား အိမ်တွေ၊ ဈေးဆိုင်တွေမှာ သီပေါစော်ဘွား စပ်ကြာဆိုင်နဲ့ စော်ဘွားကတော်တို့ ဓာတ်ပုံတွေကို ခုချိန်အထိ ချိတ်ဆွဲထားဆဲ၊ သိမ်းဆည်းထားဆဲလို့ သိရပါတယ်။ နယ်မြေတိုးတက်ရေးအတွက် စော်ဘွားကလေး ဆောင်ရွက်ခဲ့တာကို သိမှီလိုက်သူတွေက ပြောနေကြဆဲလို့ ဆိုပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား)
Comments