တိုင်းတရားရုံးအား တိုင်းတရားလွှတ်တော်ရုံး အဖြစ်သတ်မှတ်ပြီ၊ အထက်တန်းရှေ့နေများ အမှုလိုက်ခွင့် မရှိ
ခင်နှင်းလွင်၊ ရန်ကုန်
မေ ၄၊ ၂၀၁၁
အထက်တန်းရှေ့နေများအနေဖြင့် တိုင်းတရားရုံးများတွင် ယခင်က အမှုလိုက်ခွင့်ရှိခဲ့သော်လည်း သင်္ကြန်အပြီး အမှုလိုက်ခွင့် တရားခွင်တွင်ပင် ရပ်ခွင့် မရှိတော့သဖြင့် အခက်ကြုံနေရကြောင်း ရန်ကုန်မြို့မှ အထက်တန်းရှေ့နေများကပြောသည်။
`သင်္ကြန်အပြီး ရုံးပြန်တက်တော့မှ ကြားရတာ ။ အထက်တန်းရှေ့နေတွေ တိုင်းတရားရုံး တရားခွင်ထဲ ၀င်မရပ်ရတော့ဘူးလို့ ရုံးကပဲပြောလိုက်တာ။ အရင်ကဆို တရားရုံးချုပ်ရှေ့နေ ဆရာနဲ့ တွဲအမှုတင်ပြီး အတူအမှုလိုက်လို့ရပေမဲ့ အခုတော့ မရတော့ဘူး။ တရားဝင် စာနဲ့ထုတ်ပြန်တာတော့ မဟုတ်ဘူး။ သူတို့ဘာသာ စာပို့ရင်တော့မပြောတတ်ဘူး´
ဟု အထက်တန်းရှေ့နေတစ်ဦးက ပြောပြသည်။
၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် အခြေခံဥပဒေ သစ်ဖြင့် တက်လာသည့် အစိုးရအဖွဲ့သစ်အရ ရန်ကုန်တိုင်းကို ရန်ကုန်တိုင်း ဒေသကြီးအဖြစ် အမည်ပြောင်းခြင်းနှင့် အတူ၊ တိုင်းနှင့် ပြည်နယ်အလိုက် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ ခန့်အပ်ခြင်းတို့ ပြုလုပ်ပြီးနောက် တိုင်းတရားရုံးကို အဆင့်မြှင့်တင်လိုက်သကဲ့သို့ ဖြစ်သွားသည်ဟု ရန်ကုန်မြို့မှ အထက်တန်းရှေ့နေတဦးက ပြောသည်။
ထိုသို့ ရန်ကုန်တိုင်း တရားရုံးကို ရန်ကုန်တိုင်း တရားလွှတ်တော်အဖြစ် အမည်နှင့် အဆင့်မြှင့်လိုက် သော်လည်း အဆိုပါ တရားလွှတ်တော်တွင်မှ စီရင်သည့် အမှုကို နောက်တဆင့်အယူခံဝင်မည်ဆိုလျင် ပြည်ထောင်စုတရားလွှတ်တော်သို့ တက်ရမည် ဖြစ်ပြီး ယခင်စနစ်နှင့် အနှစ်သာရအားဖြင့် ကွာခြားမှု မရှိဟုလည်း အဆိုပါရှေ့နေက ပြောသည်။
ဥပဒေဘာသာရပ်ဖြင့် ဘွဲ့ရသူများအနေဖြင့် ကျွမ်းကျင်ရာ ချိန်ဘာမာစတာ ခေါ် တရားရုံးချုပ်ရှေ့နေ တစ်ဦးထံတွင် ချိန်ဘာ တစ်နှစ်ဆင်းပြီးနောက် အထက်တန်းရှေ့နေလိုင်စင် လျှောက်ထားခွင့် ရှိသည်။ ထိုသို့ အထက်တန်းရှေ့နေ လိုင်စင်လျှောက်ထားသူများမှာ အထက်တန်းရှေ့နေ အဖြစ်လုပ်သက် ငါးနှစ်လုပ်ကိုင်ပြီးပါက တရားရုံးချုပ်တွင် အမှုလိုက်ခွင့်ရရှိကြမည့် တရားရုံးချုပ် ရှေ့နေလိုင်စင်ကို လျှောက်ထားနိုင်သည်။
အထက်တန်းရှေ့နေ တစ်ဦးသည် မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးနှင့် တိုင်းတရားရုံးများတွင် ၀င်ရောက်ရှေ့နေလိုက်ခွင့်ရှိသည်။ သို့ရာတွင် တိုင်းအဆင့်မှ ရှုံးသောအမှုများကို တရားရုံးချုပ်သို့ အယူခံဝင်သည့်အခါတွင် တရားရုံးချုပ်ရှေ့နေများသာ အမှုလိုက်ခွင့်ရှိသည်။
တရားရုံးချုပ် ရှေ့နေလိုင်စင် ချထားပေးမှုမှာ တစ်နှစ်လျှင် အယောက် ၄၀မှ ၅၀ ၀န်းကျင်မျှသာ ချထားပေးမှုကြောင့် အထက်တန်း ရှေ့နေတစ်ချို့ အခက်ကြုံနေရခြင်းဖြစ်သည်။
မကြာမီက အစိုးရအဖွဲ့သစ်ဖွဲ့စည်းလိုက်သည့်အခါ ယခင်တိုင်းရုံးအဆင့်မှာ ယခုတိုင်းဒေသကြီးအဆင့်အဖြင့် အမည်ပြောင်းလဲသွားပြီး တိုင်းတရားရုံးကိုလည်း တိုင်းဒေသကြီးလွှတ်တော်ဟု အမည်ပြောင်းလွဲလိုက်သောကြောင့် ယခုအခါ တိုင်းတရားရုံးချုပ်များတွင် တရားရုံးချုပ်ရှေ့နေလိုင်စင် ကိုင်ဆောင်ထားသူများသာ လိုက်ခွင့်ရှိသဖြင့် အထက်တန်းရှေ့နေ လိုင်စင်ကိုင်ဆောင်ထားသူ ရှေ့နေများအနေနဲ့ ယခင်လို အမှုတွဲဖက် လိုက်ပါခွင့် လျော့နည်းခဲ့သည်ဟု သိရသည်။
`၀င်ငွေလဲလျော့တာပေါ့။ တိုင်းအဆင့်မှာပဲအမှုကများတော့ အထက်တန်းရှေ့နေ တပည့်တွေက တရားရုံးချုပ်ရှေ့နေ ဆရာကို အရင်လိုကူပြီး မလိုက်နိုင်တော့ဘူး။ အမှုသည်ကတော့ ရေဆုံးရေဖျားလိုက်နိုင်မဲ့ ရှေ့နေပဲငှားတော့မှာပေါ့´
လို့ ရန်ကုန်မှ အထက်တန်းရှေ့နေတစ်ဦးက ပြောပြသည်။
Comments