Much excited news on dead of Bin Ladin finally splashed on state controlled newspapers in Burma

ဘင်လာဒင် သေဆုံးသည့် သတင်းဂျာနယ်နှင့် မြ၀တီသတင်းစာတွင်ပြည့်စုံစွာဖေါ်ပြ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၅၊ ၂၀၁၁
          အယ်ကေးဒါး အကြမ်းဖက်အုပ်စု၏ ခေါင်းဆောင် အိုစမာ ဘင်လာဒင် အသေဖမ်းဆီးရမိသည့် သတင်းအား အစိုးရပိုင် သတင်းစာများတွင် ယမန်နေ့က ခပ်မှိန်မှိန်သာဖေါ်ပြခဲ့သော်လည်း ယနေ့ထုတ် မြ၀တီသတင်းစာ၊ ပုဂ္ဂလိကပိုင်  အပတ်စဉ်ဂျာနယ်များတွင် ပြည့်ပြည့်စုံစုံဖေါ်ပြကြသည်ကို တွေ့ရသည်။
          ယနေ့ထုတ် မြ၀တီသတင်းစာတွင် ဘင်လာဒင်အားဘယ်လို အသေဖမ်းမိခဲ့သလဲ ဆိုသည့်ခေါင်းစဉ်ဖြင့် တစ်မျက်နှာပြည့် သတင်းဆောင်းပါး ဖေါ်ပြခဲ့ပြီး အတွင်းစာမျက်နှာများတွင်လည်း ဘင်လာဒင် အားအသေဖမ်းမိသည့် စစ်ဆင်ရေးနှင့် ပတ်သက်သည့် သတင်းများအား ဖေါ်ပြထားသည်ကိုတွေ့ရသည်။ ပြန်ကြားရေးဝန်ကြီးဌာနထုတ် အစိုးရပိုင် သတင်းစာတွင် ယမန်နေ့က သတင်းဓါတ်ပုံမပါပဲ သာမန်သတင်းအဖြစ် သာဖေါ်ပြခဲ့သော်လည်း ကာကွယ်ရေး ၀န်ကြီးဌာနမှထုတ်ဝေသည့် မြ၀တီသတင်းစာတွင်မူ အထက်ဖေါ်ပြပါအတိုင်း ပြည့်စုံစွာဖေါ်ပြထားသည်ကိုတွေ့ရသည်။ 
မြန်မာနိုင်ငံ စာဖတ်ပရိတ်သတ်များ အထူးစိတ်ဝင်စားသည့် ဘင်လာဒင်အား အသေဖမ်းမိသည့် သတင်းကို အစိုးရပိုင် သတင်းစာတွင် မည်သည့်အကြောင်းကြောင့်  ပြည့်စုံစွာမဖေါ်ပြရသည့် အကြောင်းကို တိတိကျကျ မသိရှိနိုင်သော်လည်း နိုင်ငံတကာ ပုလိပ်သဖွယ်ဖြစ်နေသော အမေရိကန် အစိုးရ၏ အခန်းကဏ္ဍကို မှေးမှိန်စေလိုသည့် ရည်ရွယ်ချက်ရှိလိမ့်မည်ဟု ပြည်တွင်း သတင်းအယ်ဒီတာ တစ်ဦးကသုံးသပ်ပြောဆိုသည်။
နအဖ စစ်အစိုးရမှ အရပ်သား အမည်ခံထားသည့် သမ္မတအစိုးရအဖွဲ့သစ် အာဏာရယူပြီး တစ်လပြည့်သော်လည်း မီဒီယာ လွတ်လပ်ခွင့်ပိုမိုရလာသည့် လက္ခဏာများ ယခုအချိန်ထိ မတွေ့ရသေးကြောင်း ပြည်တွင်း သတင်းစာသမားများက ပြောသည်။
အပတ်စဉ် သတင်းဂျာနယ်များ အနေဖြင့် သတင်းဖေါ်ပြခွင့် ယခင်နအဖ လက်ထက်နှင့် မကွာခြားလှဟုလည်း သတင်းအယ်ဒီတာများက ပြောသည်။

Comments