Maung Yit - Editor's Hand Written Notes -3

အယ်ဒီတာ့လက်ရေး (၃)
မောင်ရစ်၊ အောက်တိုဘာ ၂၃၊ ၂၀၁၁
အယ်ဒီတာလက်ရေးကို လွန်ခဲ့တဲ့စက်တင်ဘာ ၂၂ မှာ နောက်ဆုံးရေးခဲ့တယ်။ နောက်မရေးဖြစ်တော့တာက မိုးမခဒေါ့ကွန်ကို ၀က်ဆိုက် အိမ်ပြောင်းတယ်၊ ၀က်ခြံရဲ့ ပရိဘောဂအသစ်တွေ လဲတယ်။ အဲဒါနဲ့ အလုပ်များနေလို့ပါ။

မိုးမခဒေါ့ကွန် ဂျွန်းလားမှသည် ၀ဒ်ပရက်စ်ဆီသို့ -
မိုးမခ၀က်ဆိုက်ကို လွန်ခဲ့တဲ့ ၂၀၀၃ က ၂၀၀၄ မှာ phpnuke နဲ့ ပြီးတော့ ၂၀၀၅ ကတည်းက Joomla CMS ကို သုံးခဲ့တယ်။ နောက်တော့ ၂၀၀၆ မှာ blogspot ပေါ်မှာ ကလုံးလုပ်တယ်။ အခုတော့ မိုးမခ၀က်ဆိုက်ရဲ့ application ကို Wordpress ပေါ်မှာ ပြောင်းဆောက်လိုက်ပါပြီ။ ၂၀၀၇ ကတည်းက wordpress.com မှာ မိုးမခကို မိတ္တူပွားတခု ထားခဲ့ပြီးသား၊ ဂျွန်းလားကို မကြိုက်တော့ရင် ရွေးစရာ ဘလော့စပေါ့နဲ့ ဝေါ့ဒ်ပရက် တခုခုတော့ ပြောင်းမယ်လို့ တွေးထားတာ နောက်တော့ wordpress script set  တွေနဲ့ ပြောင်းဆောက်လိုက်တယ်။
ဘာတွေ ကောင်းလို့လဲ မေးချင်ကြမယ်။ ဖောင့်ပြောင်းဖို့၊ ဖော်မက်တွေ ပြင်ဖို့၊ ၀က်ဆိုက်ရဲ့ အမြန်နှုန်းတွေက အတော်ကို ကျေနပ်ဖွယ်ရာ ရှိပါတယ်။ အခမဲ့ဆော့ဝဲတွေနဲ့ ရပ်တည်ရသူ မိုးမခ၀က်ဆိုက်လိုမျိုးတွေအတွက်ကတော့ joomla, blogspot, wordpress နဲ့ drupal တို့လို web CMS application တွေဟာ မရှိမဖြစ် ၀က်တွေပါပဲ။ နောင်လည်း အဲသည် ၀က်ခြံတွေအကြောင်း ရေးပါဦးမယ်။

မိုးမခမှာ ကွန်မင့်ပေးကြတဲ့ကိစ္စ -
မိုးမခ၀က်ခြံသစ်မှာ ထူးခြားတာကတော့ စာဖတ်သူတွေ ကွန်မင့်ပေးလို့ရတဲ့ ကိစ္စပါ။ အတော်လည်း ကွန်မင့်တွေ ပေးကြတယ်။ အများကြီး နားထောင် စဉ်းစားစရာတွေ ရတယ်။ အတော်လည်း အသားလွတ် ဆဲကြ၊ ဆိုကြ၊ ကန်ကြ ကျောက်ကြတာတွေလည်း တွေ့ရတယ်။
ကွန်မင့်မှာ စာကို ဝေဖန်ရန်၊ စာရေးသူကို ပြောဆိုရန်၊ အဲသည်ထက် ကျော်ပြီး မရေးကြရန်။ နောက်ပြီးတော့ ကွန်မင့်ရေးသူအချင်းချင်း အလွန်အကျူး ပြောဆိုခြင်းများ မပြုကြရန်။ မဆိုင်တဲ့ ကိစ္စတွေ ဆွဲမသွင်းကြရန်။ ကွန်မင့်ပေး ဆွေးနွေးခြင်းများဖြင့် အမြင် တူသူ၊ မတူသူတို့ သာတူညီမျှ လေးစားမှု ထူထောင်ပြီး တွေ့ဆုံ ဆွေးနွေးခြင်း အလေ့အထ ထွန်းကားရန်။ မိတ်ဆွေကွန်ယက် ကျယ့်ပြန့်နိုင်ရန်တို့ကို ရည်ရွယ်ချင်ပါတယ်။ တချို့ကတော့ စာဖတ်သူတွေနဲ့ ပရိသတ်ကို ဆူပူလှုံဆော်မှုတွေ လုပ်လာတာတွေ တမင်ရေးတာမျိုး တွေ့ရပါတယ်။
ဥပမာပြောရရင်တော့ သည်လိုကွန်မင့်တွေကို မကြိုဆိုပါဘူး။
“ဟိုကောင်ရေးတာ ဘာမှ မကောင်းဘူး”
“ဘာတွေ ရေးထားတာလဲ၊ ငါ ရေးရင် ပိုကောင်းတယ်”
“ရေးတဲ့ကောင်ရဲ့ ညီမတွေက ချောတယ်ဟေ့”
“မင်း မိုက်ရင် ထွက်ခဲ့ကွာ။ စာထဲက မရေးနဲ့၊ အပြင်မှာ ချမယ်”
“သူရေးတာတွေဟာ စံပါနဂိုက နွားမကြီး ခြေကျိုးစေပါတယ် ခင်ဗျား”
“ကုလားဆိုတာ ကမ္ဘာပေါ်မှာ လူမျိုးတမျိုး မဟုတ်ပါဘူး။ ဟိုကောင်တွေ တမင် နံမယ်ပျက်အောင် လုပ်နေတာ။ ”
စသည့် ကွန်မင့်အမျိုးအစားတွေကို ဖျက်ပစ်ပါတယ်။ ဖေ့စ်ဘွတ်က အောင်မော့်ကာတွန်းလိုပေါ့ခင်ဗျာ။ မှန်ဘီလူးကြီးနဲ့ အတင်းကို ပုံကြီးချဲ့နေတာ ဘာကြောင့်လဲလို့ မေးတော့၊ “ဘာမှမဟုတ်လို့ ပေါ့ကွာ” တဲ့။ အဲသည်လိုတော့ မလုပ်ချင်။ (ဒါကို ကွန်မင့်တွေ အရှည်ကြီး မပေးကြပါနှင့်)

၂၁ ရာစုမှာ အာဏာရှင်တွေအတွက် နေရာ မရှိတော့ပါ
ကဒါဖီ ခွေးသေ ၀က်သေ သေသွားတော့ ပိုသေချာသွားတယ်။ ၂၁ ရာစုမှာ ဟိုကောင်တွေအတွက် နေရာ မရှိတော့ဘူး။ အာဏာရှင်အောက်ဆွဲတွေအတွက်လည်း နေရာမရှိတော့ဘူး။ သူတို့လည်း မြန်မြန် ဘက်ပြောင်းမှ ဖြစ်တော့မယ်။
ပြည်သူတွေကိုယ်တိုင်ကလည်း အရှေ့ အနောက်က နိုင်ငံရေးစနစ်တွေကို အယုံအကြည် မရှိတော့ဘူး။ အကုန်လုံးက အုံကြွသူတွေ လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်သူ သူပုန်တွေ ဖြစ်ကုန်တယ်။
ဒါနဲ့ ကျနော်တို့လည်း စဉ်းစားတယ်။ လောကကြီးမှာ ဟိုကောင်တွေလည်း မကောင်းဘူး၊ ဒီကောင်တွေလည်း မကောင်းဘူး၊ ငါတို့ကို်ယ်တိုင်လည်း မကောင်းဘူးဆိုပြီး လက်ညိုးတွေ အကုန်လုံးကို ထိုးနေရတဲ့ အဖြစ်။ ဒါဆိုရင် လူတွေအားလုံး တယောက်တပေါက်နဲ့ တပြေးညီ လှုပ်ရှား လုပ်ကိုင်ကြတဲ့ anarchy တွေ မင်းမဲ့ဝါဒီတွေ ဖြစ်ကုန်ကြတော့မှာလား လို့ပါ။
ဆရာကြီးတွေအားလုံးက လူထုကို ကျောခိုင်းနေမှတော့၊ လူထုတွေအားလုံးက ငါ့တို့အားလုံး ဆရာကြီးပဲကွ ဆိုပြီး ထကြွအုံကြွတာကပဲ ကောင်းလိမ့်မယ် ထင်တယ်။  မင်းမှ မကောင်းတာ၊ မင်းလောင်းလဲ မျှော်မနေနဲ့ပေါ့။ မင်းမဲ့ဝါဒီပဲ မကောင်းလား။
ကဒါဖီမရှိတဲ့နောက် လစ်ဗျားမှာ မင်းမဲ့စရိုက်တွေနဲ့ တိုင်းပြည်ပျက်မယ်၊ သွေးချောင်းစီးမယ်တဲ့။ မင်းက ဒါမျိုးတွေ ဖြစ်စေချင်သလားတဲ့။ အခု တိုင်းပြည်အရပ်ရပ်မှာ ပစ္စည်းမဲ့တွေက အလုပ်ရုံ၊ စက်ရုံ၊ ကျောင်းတွေ၊ အိမ်တွေက ထွက်ပြီးတော့ လမ်းပေါ်ရောက်နေပြီ။ အာဏာရှင်၊ ဓနရှင်၊ အလုပ်ရှင်၊ ပညာရှင်တွေက ပစ္စည်းမဲ့ လက်မဲ့တွေအတွက် မရပ်တည်ဘဲ သူတို့အတွက် သူတို့ ရပ်တည်ကာကွယ်နေမှတော့ မင်းမဲ့ဝါဒီတွေရဲ့ အုံကြွမှုကပဲ အပြောင်းအလဲတွေကို တွန်းပို့လိမ့်မယ် ထင်တာပဲ။
ကဒါဖီလည်း လူသတ်တာပဲ။ လူတွေလည်း အချင်းချင်း အထိမ်းအကွပ်မဲ့ရင် သတ်ကြမှာပဲ။ ဘာများ ထူးလို့လဲ။ သွေးချောင်းတွေ မစီးစေချင်ရင် အခုကတည်းက ပြောင်းလဲမှုတွေကို လုပ်ကြရမယ် ထင်တယ်။ ဟိုလို မလုပ်နဲ့၊ ဒီလို မလုပ်နဲ့လို့ တားနေလို့တော့ မဖြစ်တော့ဘူး။ ကမ္ဘာကြီးဟာ အပြောင်းအလဲအတွက် အုံကြွနေပြီ။

မိုးမခ ဘာလဲ၊ ဘယ်လဲ
ဘာသာစကား၊ တိုင်းပြည် နဲ့ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်း တင်ဆက် ဖြန့်ချိဖို့ ဆက်လုပ်ပါ့မယ်။ နောက် အသစ် အသစ်တွေကို ဖန်တီးဖို့ ရှာဖွေ တင်ဆက်ပေးဖို့ ဆက်လုပ်ပါ့မယ်။ ငါတို့တုန်းက မလုပ်ခဲ့ရတာတွေ၊ မဖြစ်ခဲ့ရတာတွေကို တနုံ့နုံ့နဲ့ ဖရင်ကင်စတိန်းတွေလိုမျိုး၊ လူဝင်စားတွေလိုမျိုး ပြန်ပြီး အသက်သွင်းနေတာ၊ မကြီးရင့်တော့ဘဲ အတိတ်မှာဘဲ နေထိုင်တာမျိုးတွေကို ထားရစ်ခဲ့ဖို့ ကြိုးစားပါ့မယ်။ မိုးမခမိတ်ဆွေတွေ ပရိသတ်တွေဆီက စာမူတွေ၊ အကြံဥာဏ်တွေ၊ တီထွင် ဖန်ဆီးမှု အသစ်အသစ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။
အောက်တိုဘာ ၈၊ ဆန်ဖရန်ဘေးဧရိယာစာပေဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲက စာတွေကို တင်ဆက်ပေးပါဦးမယ်။ လစဉ်လည်း စာစီစာကုံးတွေ၊ ကဗျာ၊ ဓာတ်ပုံ တင်ဆက်တာတွေ လူသစ်တွေ မျိုးဆက်သစ်တွေဆီက ဖိတ်ခေါ်ပါတယ်။

Comments

မိုးမခ ၀က်ခြံသစ် ကို ကြိုဆိုပါတယ်။

အယ်ဒီတာ့လက်ရေး (၃) က မိုးမခအယ်ဒီတာ ရဲ့ အာဘော် ကို လည်း သဘောတူပါတယ်။

မိုးမခ ရဲ့ ခံယူချက်၊ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေနဲ့ ကြိုးစားမှုတွေကိုလည်း ထောက်ခံ အားပေးနေပါတယ်။