မျက်ရည်တေး


အောင်ဝေး
ဇန်န၀ါရီ ၈၊ ၂၀၁၂


ကျွန်တော့်သားကပြောတယ်။
"ဖေဖေ ...
ခွေးကလေး သေသွားပြီ ..." တဲ့။

ခါတိုင်းညနေခင်းနဲ့ မတူ
ကျွန်တော့်သားရဲ့ မျက်ဝန်းမှာ
တိမ်တွေနိမ့်ဆင်းသွားပြီ။

ကျွန်တော် ...
အမှောင်ထဲ တွားဝင်လာတဲ့မြစ်ကို
အတောင်ပံ တပ်ပေးမိတယ်။

ပန်းတွေ လှပနေခဲ့သလား
ပြောပါ ...။

လေညင်းတွေ ဝင်းပနေခဲ့သလား
ပြောပါ ...။

နှလုံးအိမ်အတွင်းမှာ
ငှက်တစ်ကောင် စီးဆင်းနေပုံ
မမြင်ရ ...။

ကမ်းပါးနှစ်ဖက်နဲ့ မြွေကို ...
မမြင်ရ ...။

ကြယ်တွေနဲ့အတူ
ပျံသန်းနေတဲ့ညသာ
သူ့အလိုလို
ကြွေကျလာတယ်။

တစ်ချိန်လုံး
နို့ပိန်တွယ်စို့နေတဲ့
စာသင်ကျောင်းလေးဘေးမှာ
အဲဒီ ... နှင်းတွေပေါ့ ...။

အောင်ဝေး
သရဖူ (၁၉၉၈ ဒီဇင်ဘာ)

http://shwewarpyi.blogspot.com/2010/07/blog-post_26.html တွင် ဖော်ပြထားသော ကဗျာ

Comments

နှင်း said…
ဆရာအောင်ဝေးက ကဗျာမှာ အရမ်းသက်ဝင်တယ်ဆိုတာကို ဆရာ့ကဗျာဝေဖန်ရေးတွေ၊ ဆရာ့ကဗျာတွေကနေ သိရတယ်။ ဒီကဗျာလေးလည်း တစ်ခေါက်ပြီးတစ်ခေါက်ဖတ်၊ ဖတ်လိုက်တိုင်း ရင်ထဲမှာ တစ်မျိုးလေး... နင့်ခနဲ...

ဆရာ့ကိုလေးစားလျက်...
ဆရာနဲ့အခိုက်အတန့်ခင်မင်ခွင့်ရခဲ့တာကို တန်ဖိုးထားလျက်...