Tu Maung Nyo - Health Question for Kyaw Swa Khaing and U Khin Zaw


ဦးကျော်စွာခိုင် ဦးခင်ဇော် တို့ ရဲ့ “ကျန်းမာရေး ပုစ္ဆာ”
တူမောင်ညို
ဇန်န၀ါရီ ၈၊ ၂၀၁၂

ဝန်ကြီး ၂ ပါး “ကျန်းမာရေး အခြေအနေအရ ” ဆိုတဲ့ အကြောင်းပြချက်နဲ့စုတေ သွားပြီဆိုတဲ့ ကြေညာချက် ဖတ်ရတယ်။ ဘယ်လို ကျန်းမာရေးအခြေအနေမျိုးကြောင့်ပါလိမ့်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ အကျင့်ပျက်လာဘ်စားမှုသတင်း ဆိုတာတွေ ဟိုတလောလေးတုန်းက “ပုပ်လို့ပေါ် ဟုတ်လို့ ကျော်” ဆိုသလို အနံ့တွေထွက်ခဲ့တယ်။ မီးရှိလို့မီးခိုးထွက်တာပဲ၊ မီးခိုးတွေ၊ အနံ့တွေ ထွက်ပေမယ့် သူရာထူးက မထွက်ပါဘူး၊ နေမြဲပဲ။
၂၀၁၂နှစ်၊ နှစ်ဆန်းခါမှ “ကျန်းမာရေး အခြေအနေအရ” နုတ်ထွက်တယ် ဆိုတော့ ထွက်တဲ့အနံ့တွေနဲ့ ကျန်းမာရေးဘယ်လို ဆက်စပ်နေသလဲ၊ အနံ့တွေထွက်လာလို့ ကျန်းမာရေး ဆိုးဝါးလာရတာလား၊ အနံ့တွေ မထွက်ခင်ကတည်းက ကျန်းမာရေး ဆိုးဝါး နေတာ လား။ ရာထူးကနေနုတ်ထွက်ရလောက်တဲ့ “ကျန်းမာရေးအခြေအနေ” ဆိုတော့ တော်တော် ဆိုးဆိုးဝါးဝါးဖြစ်နေသလား စသဖြင့်မေးခွန်းတွေ တန်းစီပြီးပေါ်လာတယ်။ တနင်္သာရီတိုင်းဒေသကြီး ပြည်သူပြည်သားတွေကတော့ တိကျသေချာစွာ သိကြလိမ့်မယ်လို့ ထင်ပါတယ်။
ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရပြောနေတာက “ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance)၊ သန့်ရှင်းသော အစိုးရ (Clean Government)” ဆိုတာတွေဖြစ်ပါတယ်။ “ပါးစပ်ကပြောပဲ ပြောနေတာတွေပါ” လို့ အများပြည်သူက ဝေဖန်ပြောဆိုနေကြပါတယ်။
သမ္မတဦးသိန်းစိန် က ဒီလိုစကားမျိုးတွေလည်းပြောခဲ့ဖူးတယ်။
“ပြည်သူ့အစိုးရ ဖြစ်နေပြီ ဖြစ်တဲ့အတွက် ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားရပါ့မယ်။ ပြည်သူလူထု စိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ကြတဲ့၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစား အားထားမှုကို ခံယူထိုက်တဲ့ပြည်သူ့ ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ခေတ်ပြောင်းနေပြီ ဖြစ်တဲ့အတွက် စနစ်ကိုပါ ပြောင်းလဲနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရာမှာ လုပ်နည်း လုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက်ဆွဲကိုင် ထားသူတွေ၊ တာဝန်သိမှု၊ တာဝန်ယူမှု ကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”
အဲဒီလိုသာပြောနေသော်လည်း ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအနေနဲ့ ပြည်ထောင်စုအဆင့် ကနေ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးအဆင့် အထိ အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်းမှာ “ ကြိုးနီစနစ်တွေ ဆက်လက် စွဲကိုင်ထားသူတွေ၊ တာဝန်သိမှု၊ တာဝန်ယူမှု ကင်းမဲ့ပြီး အဂတိလိုက်စားမှုတွေနဲ့ အဂတိလိုက်စားသူတွေ”ကို အခုချိန်အထိ စံနမူနာပြ အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။
“ဆက်လုပ်ပါမယ်၊ ကျွန်တော်တို့ဘယ်တော့မှ နောက်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခု မေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်”လို့ ကြမ်းခဲ့၊ရမ်းခဲ့တဲ့ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ကို ဘယ်လို အရေးယူဆောင်ရွက်တာမျှ မရှိခဲ့ပါဘူး။
စစ်တိုင်းမှူးတချို့သတင်းပုပ်လည်း သိုးသိုးသန့်သန့် ကြားရပါတယ်။ အပြောင်းအရွှေ့တွေလည်း တွေ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်ရယ်လို့တော့ တိတိကျကျ ထုတ်ပြန်တာ၊အသိပေးပေးတာမရှိပါဘူး။ အားလုံးအမှောင်ချထားတယ်။
အခုလည်း “ကျန်းမာရေးအခြေအနေအရ ”ဆိုပြီး လုံးချလိုက်တော့“ပွင့်လင်းမြင်သာမှု” မရှိဘူးဖြစ်နေပါတယ်။
နောင်မှာ ရိုးရိုးသားသား ကျန်းမာရေးမကောင်းလို့ အနားယူကြ/နုတ်ထွက်ကြတဲ့သူတွေကို “အများပြည်သူက၊ ပတ်ဝန်းကျင်က သို့လော သို့လော စဉ်းစားကြမယ်/ ဟိုတွေး ဒီထင်ဖြစ်ကြမယ်” ဆိုရင်ဖြင့်သက်ဆိုင်ရာ ကာယကံရှင်တွေအတွက် အကျိုးသက်ရောက်မှု ကောင်းနိုင်လိမ့်မယ် မထင်ပါဘူး။
ဒီတော့ ပြည်ထောင်စုအစိုးရနဲ့သမ္မတရဲ့ အရေးယူဆောင်ရွက်မှုတွေဟာ “ပွင့်လင်းမြင်သာမှု” ရှိဖို့ အထူး လိုအပ်ပါတယ်။
ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မပေါ့၊ “ကျောသား၊ ရင်သား၊ စစ်သား” ခွဲခြားနေဖို့ မသင့်ပါဘူး။ စစ်အုပ်စုဝင် အချင်းချင်း ၊ စစ်သားအချင်းချင်း “ဝံသာနု”နေတာကြလား ။ဖေးဖေးမမ၊ ထောက်ထောက်ကူကူ၊ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာလား။
ညောင်မြစ်တူးရင် ပုတ်သင်ဥတွေပေါ်မှာ ကြောင့်လား၊ မီးခိုးကြွက်လျှောက်ဖြစ်မှာစိုးရိမ်လို့လား။
ပြည်သူ့အကျိုးတိုင်းပြည်အကျိုး လုပ်ဆောင်တာတွေမှာ “ပွင့်လင်းမြင်သာမှု” ရှိရမယ်။
ဗိုလ်ချုပ်ဟောင်း၊ အမှတ်၂စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နောင်မှာ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင် ဟာ နေပြည်တော်၊(ဥတ္တရသီရိမြို့နယ် )ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကြံ့ဖွံပါတီက ဖြစ်ပါတယ်။
တိုင်းမှူးဟောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊(ကစထ)မှူးဟောင်း၊တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော် ဟာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ကြံ့ဖွံ့ပါတီက ဖြစ်ပါတယ်။
ဒီတော့ ဝန်ကြီး ၂ ဦးနုတ်ထွက်တာဟာ “ကျန်းမာရေးအခြေအနေအရ” လက်ရှိရာထူးကနေ နုတ်ထွက်တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေ အဖြစ်ကပါ နုတ်ထွက်ပါသလား။
ကြံ့ဖွံ့ပါတီ(USDP) ကနေရော နုတ်ထွက်ပါသလား။

ညွန်း
- ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည့်နိုင်ငံတော်သမ္မတ မိန့်ခွန်း(၂၀၁၁ခုနှစ်၊ သြဂုတ်လ ၂၂ ရက်)

Comments