တူမောင်ညို ။ ဇန်န၀ါရီ ၁၄၊ ၂၀၁၂
လူ့နှလုံးသားခံစားချက်အရပြောရရင်
နှစ်ပေါင်းများစွာပြစ်ဒဏ်တွေချမှတ်ခဲ့ပြီး “ထောင်” ပေါင်းများစွာမှာ မိသားစုတွေနဲ့ ရှင်ကွဲ သေကွဲ ခွဲခြားထားခြင်းခံကြရသူတွေ
ပြန်လည်ဆုံဆည်းကြရတဲ့ အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ အမေနဲ့သား၊ လင်နဲ့မယား၊ မောင်နဲ့
နှမ မိသားစုတွေ ပြန်လည်ဆုံတွေ့ကြရပြီ။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ
၄၀၁၊ ပုဒ်မခွဲ (၁)အရ “ပြန်ထုတ်ပေး”လိုက်တဲ့ “အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦး ” ထဲမှာ ထင်ရှားကျော်ကြားသူတွေအားလုံးနီးပါး
ပါဝင်ပါတယ်။
သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ
(သမ္မတ+အကလ)က “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုင်းဘုတ်နဲ့ အကျဉ်းသားတွေ လွှတ်ပေး တာ ၃ ကြိမ်ရှိပါပြီ။
ပထမအကြိမ်နဲ့ဒုတိယအကြိမ်ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က
ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် (၄၉/၂၀၁၁) နဲ့ ဇန်နဝါရီ လ ၂ ရက်က ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ်
(၁/၂၀၁၂) တို့ဟာ “(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ပုဒ်မ ၂၀၄(ခ)” အရ ဖြစ်တယ်။ တတိယအကြိမ်
ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ “ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ
ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)” အရ ဖြစ်တယ်။ ၃ ကြိမ်စလုံး (သမ္မတ+အကလ) ကလွှတ်ပေးတာဖြစ်တယ်။
လူတစ်ဦးချင်းစီနဲ့
စနစ်ကို ကြည့်မြင်သုံးသပ်ကြရာမှာ ကိုယ့်ဆန္ဒစွဲပေါ်အခြေခံပြီး ခွဲခြားကြည့်မြင်လို့မဖြစ်နိုင်ပါဘူး။
လူတစ်ဦးချင်းစီဟာစနစ်ကို
ဘယ်လို ချမှတ်၊ လိုက်နာ၊ ကျင့်သုံး၊ အကောင်အထည်ဖေါ်နေကြသလဲဆိုတဲ့ ရှုဒေါင့်ကနေကြည့် သင့်ပါတယ်။
ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့က ပျော့ပျောင်းတယ်/ခေါင်းမာတယ်စသဖြင့်
တစ်ဖက်သတ်ကြည့်မြင်လို့မဖြစ်ပါဘူး။ သူတို့အားလုံး (အကလ) အဖွဲ့ဝင်တွေဖြစ်ပါတယ်။ သူတို့ကြားမှာ
သဘာဝကျကျပဲ တစ်ဦးနဲ့တစ်ဦး အမြင်ကွဲလွဲတာလေးတွေရှိမှာပါ။
၃ ကြိမ် စလုံးမှာ “ပြစ်ဒဏ်ကျ အကျဉ်းသား၊
အကျဉ်းသူ”လို့ပဲသုံးတယ်။ “နိုင်ငံရေးအကျဉ်းသား” ဆိုတဲ့ စကားလုံးကို လုံးဝ မသုံးဘူး၊
မဖေါ်ပြဘူး။ ဒီအချက်ဟာ သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ (သမ္မတ+အကလ) ရဲ့ သဘောထားဖြစ်တယ်။
ရပ်တည် ချက်ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ (သမ္မတ+အကလ) ရဲ့ မလိုက်လျောနိုင်တဲ့/
အလျော့မပေးနိုင်တဲ့ သဘောထားနဲ့ တင်းမာတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ
၄၀၁၊ ပုဒ်မခွဲ (၁)အရ လွှတ်ပေးတာကို လေ့လာစိစစ်ကြည့်တဲ့အခါ အောက်ပါအချက်တွေ အထင်အရှားတွေ့ရတယ်။
ပြည်တွင်း/ပြည်ပက တောင်းဆိုနေတဲ့ ထင်ရှားကျော်ကြားသူတွေအားလုံးနီးပါး
ပါဝင်တယ်။
အဆစ်အနေနဲ့နာမည်ဆိုးနဲ့ လူသိများခဲ့တဲ့ ဗိုလ်ခင်ညွန့်နဲ့
သူရဲ့မိုက်ဖော်ဆိုးဖက် တပည့်တပန်းအချို့ရယ်၊ သွားလေသူ စစ်အာ ဏာရှင် ဗိုလ်နေဝင်းရဲ့
သားသမက်နဲ့ မြေး ပါလာတယ်။
လွတ်လာသူတွေထဲမှာ အများစုက နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်။
ဒါပေမယ့် အခုလို နိုင်ငံရေးအကျဉ်းသားအများစု ပါဝင်တဲ့လွှတ်ပေးမှုက ပြည်တွင်းပြည်ပကတောင်းဆိုနေတဲ့
“အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်” (General Amnesty) ကြေညာပြီး လွှတ် ပေးတာမျိုးမဟုတ်ဘူး
ဆိုတဲ့အချက်ဖြစ်တယ်။
နိုင်ငံရေးအကျဉ်းသားတွေအပေါ်
သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ (သမ္မတ+အကလ)က “ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်”
မပေးလိုဘူးဆိုတဲ့ အချက် ပေါ်လွင်ထင်ရှားနေပါတယ်။
“အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်”ဆိုတာ စွဲဆိုချမှတ်ထားတဲ့ပြစ်မှုပြစ်ဒဏ်
အားလုံးကနေ မည့်သည့်ခြွင်းချက်/ စည်းကမ်းချက် မျှ မထားရှိဘဲ၊ လုံးဝလွတ်လပ်ခွင့်ပေးတာဖြစ်ပါတယ်။
ဒီလိုစိတ်ကောင်းစေတနာ
သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ(သမ္မတ+အကလ)မှာ မရှိဘူးဆိုတာလည်း ဖေါ်ပြနေပါတယ်။
အကျဉ်းသား/သူ (၆၅၁)ဦး ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ
ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွှတ်ပေးတယ်ဆိုတာ ပြစ်မှုအကြွေး ချန်ပြီး“ပြန်ထုတ်”ပေးလိုက်တာဖြစ်တယ်။
သဘောက နောင်မှာ လှုပ်ရှားတစ်စုံတစ်ရာမှာပါဝင်ဆောင်ရွက်လို့ရှိရင် မည်သည့် ဝရမ်းမျှ မလိုဘဲဖမ်းနိုင်ခွင့်ရှိပြီး၊
ပြစ်ဒဏ်စီရင်ခြင်းခံရတဲ့အခါမှာလည်း ယခင်ကကြွေးချန်ထားတဲ့ ပြစ်ဒဏ်ကိုပါ ပေါင်းထည့်ပြီး
ကျခံစေရမှာ ဖြစ်ပါ တယ်။
ဒါကြောင့်
၈၈မျိုးဆက်များကိုပဲ ဥပမာထားပြောရရင် နောင်မှာလှုပ်ရှားမှုလုပ်လို့၊ လှုပ်ရှားမှုမှာပါဝင်ဆောင်ရွက်လို့
သူတို့ ဖမ်းဆီးခံရပြီ၊ ပြစ်ဒဏ်ချမှတ်ခံရပြီ ဆိုရင် (လက်ရှိပြစ်ဒဏ်+ ယခင်ကြွေးကျန်ပြစ်ဒဏ်)
ပေါင်းပြီး အနည်းဆုံး ထောင်ဒဏ် နှစ် ၅၀ ခန့်ချ မှတ်ခံရမှာဖြစ်ပါတယ်။
ဒီလို ပြစ်မှုကြွေးချန်၊ နှောင်ကြိုးတည်းပြီး ပြန်ထုတ်ပေးတာကိုက
သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်း အစိုးရ (သမ္မတ+အကလ)ရဲ့ အခဲမကျေမှုကို အထင်အရှား ဖေါ်ပြနေတာဖြစ်ပါတယ်။
အခဲမကျေမှုကို ပုံစံ ၂ မျိုးနဲ့တွေ့ရတယ်။
ပထမတစ်ခုက မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ စတဲ့
၈၈မျိုးဆက်နဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ ဆန့်ကျင်တော်လှန်မှုကို အခဲမကျေမှုဖြစ်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်မပေးနိုင်တဲ့
အခဲမကျေမှုဖြစ်တယ်။ ဒါကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)နဲ့
နှောင်ကြိုးတည်းလိုက်တာဖြစ်တယ်။
ဒုတိယတစ်ခုက စစ်အာဏာရှင်စနစ်ကို စားခွက်လု ခွာရာတိုင်းကြတဲ့
ဗိုလ်ခင်ညွန့်နဲ့ သူရဲ့မိုက်ဖော်ဆိုးဖက်တပည့်တပန်းများနဲ့ ဗိုလ်နေဝင်းရဲ့သားသမက်နဲ့မြေးတွေအပေါ်အခဲမကျေမှုဖြစ်ပါတယ်။
ဒါကလည်း လွတ်ငြိမ်းချမ်းသာခွင့်မပေးနိုင်တဲ့ အခဲမကျေမှုဖြစ်တယ်။
လူထုအုံကြွမှုနည်းလမ်းနဲ့ တော်လှန်ဆန့်ကျင်သူပဲဖြစ်ဖြစ်၊
အာဏာရှင်စနစ် အတွင်းစည်းထဲကနေ ဗိုလ်လုတဲ့ သူကိုပဲဖြစ်ဖြစ် “ ရန်- ငါ ” စည်း ပြတ်တယ်ဆိုတာ ဖေါ်ပြတာဖြစ်တယ်။
ဒီလိုသဘောထားရပ်တည်ချက်နဲ့ဒီလို အခဲမကျေမှုတွေဟာ စစ်အာဏာရှင်စနစ်ကို
ကိုယ်စားပြုနေတဲ့အချက်တွေပဲ ဖြစ်တယ်။ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ လူတိုင်းရဲ့နှစ်သက်ရာယုံကြည်မှုနဲ့မတူညီတဲ့သဘောထားအမြင်တွေကိုလက်ခံတည်ရှိခွင့်နဲ့စည်းရုံး
လှုပ်ရှား ဆောင်ရွက်ခွင့်ပေးရမှာဖြစ်တယ်။
ပြည်တွင်းပြည်ပက တစ်လျှောက်လုံး တောင်းဆိုခဲ့ကြတာက
“နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေး ရေး” ဖြစ်ပါတယ်။
“နိုင်ငံရေးအကျဉ်းသား” လို့လည်း လုံးဝ အသိအမှတ်မပြုဘူး။
“ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး” ကို အချိန်ဆွဲခဲ့ပြီး ပြစ်မှု ကြွေးကျန်အဖြစ် ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ
(၁)အရ “ပြန်ထုတ်ပေး” ပေးတယ်။ အားလုံးလွှတ်မပေးဘူး။ အကျဉ်းထောင်တွေထဲမှာ ကျန်နေရစ် သူ
တွေလည်း တစ်ပုံကြီးရှိသေးတယ်။
သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ (သမ္မတ+အကလ) ရဲ့ ပျော့ပျောင်းမှုမရှိချက်ကတော့
ကမ်းကုန်ပါတယ်။ အားနာပါးနာ နဲ့ “ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ” လို့တောင် မသုံးနှုန်းပါ။
အခဲမကျေမှု၊ ပြစ်မှုကြွေးချန်ထားမှုဆိုတာ မယုံကြည်မှုဖြစ်တယ်၊
ကြောက်ရွံ့မှုဖြစ်တယ်၊ လူထုအုံကြွမှုကို ထိပ်လန့်ကြောက်ရွံ့ နေတာဖြစ်တယ်။
သမ္မတဦးသိန်းစိန် စစ်တစ်ပိုင်း အစိုးရ (သမ္မတ+အကလ)ရဲ့
မယုံကြည်မှုကို အဘယ်သူတစ်ဦးတစ်ယောက်ကမှ ကြားဝင်ပြီး အာမခံချက်ပေးလို့ မရနိုင်ပါဘူး၊
ပြည်သူတွေနဲ့ကျောင်းသားတွေကလည်း စစ်အာဏာရှင်စနစ်၊ စစ်တစ်ပိုင်းအာဏာရှင်စနစ်၊
အခြေခံဥပဒေနဲ့ ဖုံးကွယ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ကမ္ဘာမကြေပါဘူး။ မယုံကြည်ပါဘူး။ တော်လှန်ဆန့်ကျင်ဖြိုဖျက်သွားရမှာပဲဖြစ်တယ်။
ဒါဟာ
“၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး” ရဲ့ စွဲမြဲခိုင်မာတဲ့ သံန္နိဋ္ဌာန်ဖြစ်ပါတယ်။
ကိုးကား
ပုဒ်မ
၄၀၁ (၁) နှင့် ဆက်စပ်ပုဒ်မများ -
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ စာမျက်နှာ ၁၄၆ (The Code of Criminal Procedure . p 146)
Photo - 7 Day News Journal
Comments