ကျနော် ဖတ်ဖြစ်သော စာအုပ်တစ်အုပ်
ဖိုးထက်
မတ်လ ၇၊ ၂၀၁၂
ဖိုးထက်
မတ်လ ၇၊ ၂၀၁၂
အချိန်အားလေးများလဲ ရှိ။ စိတ်ကောင်းလေးများလဲ မွေးမြူလို့ရစဉ်မှာ ကျနော် အများဆုံး လုပ်ဖြစ်တာက စာဖတ်ခြင်းပါဘဲ။ တစ်နှစ်ကို စာအုပ် ၄၀၀ လောက် အနည်းဆုံး ဖတ်သင့်တယ်လို့ ဆရာများက ပြောကြပေမယ့် အုပ် လေးဆယ် ပြည့်အောင်ဘဲ ဖတ်ဖြစ်ရဲ့လားတောင် မသိပါဘူး။ စာဖတ်ဖို့ စာအုပ်ဆိုင်ကိုသွားမွှေရင် ဈေးတွေက အရမ်းကြီးလွန်းနေတယ်ထင်တာဘဲ။ တန်ဖိုးမကြည့်ဘဲ ကြိုက်လွန်းလို့ ကျနော်က ၀ယ်ဖတ်နိုင်တယ်ဘဲ ထားပါတော့ သာမန်လက်လုပ်လက်စားတွေ ဘယ်မှာ လက်လှမ်းမှီတဲ့ဈေးတွေ ဖြစပါ့မလဲ။
စင်္ကာပူမှာ စာကြည့်တိုက်ကြီးတွေ ဘယ်လို ရှိတယ်ဆိုတာ ဆရာဖေမြင့်ရေးတဲ့စာအုပ်ကမ္ဘာမှာ ဖတ်လိုက်ရဖူးတယ်။ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်ကြီးတွေ ရှိတယ်။ နိုင်ငံခြားသားတောင် စာအုပ်ငှားပြီးဖတ်လို့ရတယ်။ ကိုယ်ဖတ်ချင်တဲ့စာအုပ်က ကိုယ့်ရပ်ကွက်က စာကြည့် တိုက်မှာမရှိရင် ရှိတဲ့ဆီကို လှမ်းမှာပြီး ရအောင် လုပ်ပေးတယ်။ စာဖတ်ချင်တဲ့လူတစ်ယောက် က စာကြည့်တိုက်ကိုသွားပြီး စာဖတ်ချင်တယ်။ ဘာစာအုပ်တွေ ဖတ်ရင်ကောင်းမလဲဆိုပြီး စာကြည့်တိုက် ၀န်ထမ်းကို မေးလိုက်ရင် နိုင်ငံခြားသားဖြစ်ဖြစ်၊ နိုင်ငံသားဖြစ်ဖြစ် အင်တာဗျူးလိုမျိုး ခဏထိုင်တယ်။ နောက် အဲဒီလူရဲ့ အင်္ဂလိပ်စာအရည်အသွေးကိုအကဲခတ်ပြီး သူစိတ်ဝင်စားတဲ့ဘာသာရပ်ထဲက အသင့်တော်ဆုံး စာအုပ်ကို ရွေးထုတ်ပေးဖတ်လိုက်တာဘဲ။ အိမ်ကို ငှားသွားချင်ရင်လဲရတယ်။ စာကြည့်တိုက်ကဒ်က မဖြစ်စလောက် ပိုက်ဆံလေးပါဘဲ။
မတန်မရာ၊ မအပ်မစပ် ကျနော်သွားကြည့်ဘူးတယ်။ ဆရာဖေမြင့်ညွှန်းလို့ ဖတ်ချင်လွန်းလို့ Animal Farm ဖတ်ချင်တယ်လို့ ကျနော်ပြော တော့ကျနော့် အင်္ဂလိပ်စာ အဆင့်မမှီသေးတာကို သတိထားမိပုံရပါတယ်။ ဒါပေမယ့် ဖတ်ချင်တဲ့Animal Farm စာအုပ်ကိုလဲ ထုတ်ပေး လိုက်တယ်။ နောက် Animal Farm ကို ပြန်ပြီး အတိုချုံ့ထားတဲ့ ရိုးရိုးရှင်းရှင်း အင်္ဂလိပ်စာနဲ့ရေးထားတဲ့စာအုပ် အပါးလေးကိုလဲ ထုတ်ပေးလိုက်တယ်။ ဒါလေး အရင်ဖတ်ရင် ပိုကောင်းမယ်ဆိုပြီး ချိုနေတဲ့အပြုံးနဲ့ ကျနော့်ကို အဲဒီဦးလေးကြီးက ညွှန်းလိုက်တယ်။ အမြဲ လာဖို့၊ အခက်အခဲရှိရင် ပြောဖို့၊ volunteer လိုရင် အချိန်ပိုင်း လုပ်အားပေးလို့ ရ၊ မရ ပြောတယ်။ မေးတယ်။ တစ်ခေါက်ထဲသွားကြည့်ရုံနဲ့ အဲဒီစာကြည့်တိုက်အကြီးကြီးကို ကျနော် မကြောက်တော့ဘူး။
ကျနော်တို့ အမိမြေကြီးမှာက စာကြည့်တိုက်တွေ မရှိသလောက်ရှားပါတယ်။ ရပ်ကွက် စာကြည့်တိုက် သေးသေးလေးတွေ တွေ့ရဘူးတယ်။ စာအုပ်တွေ စုံစုံလင်လင်နဲ့ စာဖတ်ဖို့ လူတွေကို စွဲဆောင်မှု မရှိဘူးထင်တာဘဲ။ ကျေးရွာတွေ ဘက်က စာကြည့်တိုက်လေးတွေလဲ ကြုံရင် စပ်စုကြည့်ဘူးတယ်။ ပိတ်ထားတာက ခပ်များများ တွေ့နေရတယ်။ ရန်ကုန်က အမျိုးသားစာကြည့်တိုက်ကြီးတောင် နေရာနဲ့ စာအုပ်တွေ အများကြီး ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်း မသိ ဖြစ်နေသလားလို့။ ဟိုနေရာ ပြောင်းမှာလိုလို၊ ဒီနေရာ ရွှေ့မှာလိုလိုနဲ့ အခုအချိန်ထိ ကျနော်တို့လို သာမန်ပြည်သူတွေ လက်လှမ်းမှီတဲ့စာကြည့်တိုက်ကြီး အဖြစ်ကို ပြောင်းလဲမလာသေးဘူး။
တနေ့က လူကြုံလေးလဲရှိစဉ်မှာ အိမ်က စာအုပ် တစ်အုပ် ထည့်ပေးလိုက်တယ်။ Christopher Andrew ရေးတဲ့For the President’s Eyes Only စာအုပ်ကို ဆရာနေဇင်လတ်ဘာသာပြန်ထားတဲ့စာအုပ်။ စာမျက်နှာ ၅၀၀ နီးပါးလောက်နဲ့ မထူမပါး သပ်သပ်ရပ်ရပ်ချုပ်ထားတဲ့စာအုပ်လေးပါ။ စာအုပ် တန်ဖိုးကိုကြည့်လိုက်တော့မြန်မာငွေ ကျပ် ၅၀၀၀။ တိုင်ရီက ကျနော်တို့ သွေး၊သား ညီ၊ ညီမတွေ လုပ်အားခနဲ့ သာဆို ဘယ်လိုလုပ် ၀ယ်ဖတ်နိုင်မလဲလို့တောင် တွေးမိတယ်။
ဒေါက်တာသန်းထွန်းပြောတဲ့“ သမိုင်းကို သင်တာ မအအောင်ပေါ့” ဆိုတဲ့မှတ်ချက်ကို ကျနော် သိပ်သဘောကျတယ်။ ဒါကြောင့် အ မကျန်ရစ်ခဲ့အောင် သမိုင်းစာအုပ်တွေ ဖတ်ဖြစ်တယ်။ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ သမိုင်း အမြင်တွေဆိုရင် ခေတ်စကားနဲ့ ပြောရရင် ခိုက်တယ်။ ကျနော် ဖြတ်သန်းခဲ့တဲ့စာသင်ခန်းတွေထဲက သမိုင်းဖတ်စာအုပ်တွေမှာ မတွေ့ရ၊ မမြင်ရတဲ့အမြင်တွေ။ အခုလဲ ဆရာနေဇင်လတ်ဘာသာပြန်ထားတဲ့“ သမ္မတကြီး တစ်ဦးတည်း အတွက်သာ” ဆိုတဲ့စာအုပ်ကို ကျနော် အချိန်အားရင် အားသလို ဖတ်တယ်။
ဆရာဘာသာပြန်ထားတဲ့စာအုပ်ဖတ်ရတာ ကျနော့် မှတ်ဥာဏ်တွေက သင်္ဘောနောက်က ရေလမ်းကြောင်းလို ဖြစ်ဖြစ်နေတယ်။ ရှေ့က ဖတ်သွား နောက်က မေ့မေ့သွားလို့ ရပ်လိုက်၊ ပြန်ဖတ်လိုက် ၊ ပြန်စဉ်းစားလိုက်နဲ့ သမ္မတ မဟုတ်တဲ့ကျနော်က အချိန်ပေးပြီးကို ဖတ်ဖြစ်တယ်။ ဆရာဘာသာပြန်တာ မကောင်းလို့ မဟုတ်ပါဘူး။ စာအုပ်ထဲမှာ အချက်အလက်တွေ၊ နာမည်တွေ၊ နေရာတွေ၊ အချိန်တွေ သိပ်များလွန်းနေတော့အရမ်းအားစိုက်ဖတ်နေရတယ်။ ဆရာက သမ္မကြီး တစ်ဦးတည်း တစ်ယောက်သာ လို့ ဘာသာပြန်ထားရဲ့ နဲ့ ကျနော်က ကြားထဲက ခေါင်းဝင်ရှိုပြီး ဖတ်နေတာလဲ ဖြစ်မှာပေါ့လေ။
စာအုပ်က အမေရိကန် ထောက်လှမ်းရေးနဲ့ အင်္ဂလန်ထောက်လှမ်းရေး အဆင့်ဆင့်ဖြစ်လာပုံ။ အလုပ် လုပ်ကြပုံ။ အမေရိကန် သမ္မတကြီးတွေ ထောက်လှမ်းရေး ကိစ္စတွေကို ကိုင်တွယ်ပုံတွေကို အမေရိကန်တွေရဲ့ ပထမဆုံး သမ္မကြီး ဂျော့ဝါရှင်တန်လက်ထက်က စပြီး အခု ခေတ်အထိ ထောက်လှမ်းရေး စနစ်ကြီးရဲ့ သမိုင်းကို ပြန်ပြောထားတာပါ။ စာအုပ်က နှစ်ပိုင်း ထုတ်မယ်လို့ ဆရာနေဇင်လတ်က ပြောထားပေမယ့် ကျနော့်မှာ ဒီပထမပိုင်းတောင် အတော် အားစိုက်ဖတ်နေရတယ်။
စာကို ဖတ်ရင်း ဖတ်ရင်း ကျနော့်ကို ကျနော် ပြန်ပြောမိလာတယ်။ အရင်က နိုင်ငံအုပ်ချုပ်တာများကွာ ခက်လွန်လွန်းလို့။ စေတနာပါမယ်၊ လာဘ်မစားဘူး။ မခိုး မ၀ှက်ဘူး။ ဒါဆို အောင်မြင်ပြီလို့ ထင်ထားခဲ့တာပါ။ ဒီစာအုပ်ကို ဖတ်မိမှ ကျနော် ထင်သလို မဟုတ်ဘဲ “ အယ်..ရှုပ်နေတာဘဲ” လို့တောင် ပါးစပ်က ခဏ ခဏ ထွက်မိတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန်ထောက်လှမ်းကြပုံ။ ကိုယ့်ရန်သူတွေထက်၊ ကိုယ့် မဟာမိတ်တွေထက် ခြေတစ်လှမ်းဦးဖို့ ကြိုးစားရသည်။ ကိုယ့်ထက် ခြေလှမ်းဦးနေသော နိုင်ငံခြား တိုင်းပြည်တွေရဲ့ ခြေလှမ်းတွေကို သိအောင် ကြိုးစားရသည်။
ဒုတိယ ကမ္ဘာစစ်ကြီးမှာ ဂျပန်တွေက အမေရိကန် ရေတပ်စခန်း ပုလဲဆိပ်ကမ်းကို ဗုန်းကြဲတာ ကျနော်တို့ သိထားတာက သတင်းကြိုမသိလို့။ တကယ့် တကယ်ကျတော့ကျနော်လို သာမန်လူတွေ မသိတဲ့ထောက်လှမ်းရေး သတင်းတွေက ရှုပ်ရှက်ခပ်နေအောင် နောက်ကွယ်မှာ ရှိနေကြတယ်။ ပုလဲဆိပ်ကမ်းကို အလစ်ဝင်တိုက်မယ့် ဂျပန်သဘောင်္အုပ်စုကြီးအကြီးကြီးက ရေဒီယိုတွေပိတ်ပြီး သက်မှတ်နေရာကို တိတ်တိတ်လေး သွားနေကြတာ ထောက်လှမ်းရေး သတင်းရတယ်။ ဒါပေမယ့် ဂျပန်တွေက တစ်ခြား ထောက်လှမ်းရေး သတင်းတွေကို ရန်သူတွေကို ပေးကျွေးပြီး ပုလဲဆိပ်ကမ်းကြီးကို ၀င်တိုက်ဖို့ သတင်းကို ဖုံးဖိထားတာ ဖတ်မိတော့သိပ်ကြောက်ဖို့ ကောင်းပါလားလို့လဲ တွေးမိပါတယ်။
နောက် ဂျပန်တွေကြောက်တဲ့လင်းနို့တွေနဲ့ ဂျပန်ပြည်ပေါ်ကိုကြဲချပြီး ဂျပန်တွေ စိတ်ဓာတ်ပျက်ပြားအောင် လုပ်ဖို့ကြံခဲ့တာလဲ ဖတ်ရတော့ပြုံး စိစိတောင် ဖြစ်ရသည်။ ကြောက်စရာ အကောင်းဆုံးက အဲဒီ နိုင်ငံကြီးတွေရဲ့ ထောက်လှမ်းရေးတွေက သူတို့နိုင်ငံအကျိုးအတွက် သက်ဆိုင် ရာ နိုင်ငံတစ်ခုလုံးကို လှည့်စား ကစားခြင်း ဖြစ်သည်။ ပနားမား တူးမြောင်း အရေးအတွက် ကိုလံဘီယာ အစိုးရ လက်မှတ်မထိုးဘဲ အမေရိကန်တို့ကို အာခံနေခြင်း ကိစ္စ။ ပနားမား တူးမြောင်း တူးရန်ပေးရမည့် နယ်မြေကို မပေးဘဲ ငြင်းဆန်ခြင်းဖြစ်သည်။ ဒီနေရာမှာ အမေရိကန်ဘက်က ကြည့်လျှင်လဲ သူတို့မှန်သည် ပြောကြသည်။ ရေလမ်းကြောင်းပေါက်သွားရင် ပိုက်ဆံရမယ့် ကိစ္စ။ ကမ္ဘာကြီး တစ်ခုလုံး ကောင်းကျိုးလို့ ပြောသည်။ ကိုလံဘီယာ အစိုးရကလဲ သူ့နိုင်ငံ၊ သူ့မြေ၊ သူ့ရေကို သူတို့ စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ဘယ်သူမှား၊ ဘယ်သူမှန် ကျနော် မသိပေမယ့် အမေရိကန် ထောက်လှမ်းရေး အဖွဲ့က ကိုလံဘီယာ သူပုန်တွေကို လက်နက်တပ်၊ ထောက်ခံလိုက်သည်။ နောက်တော့ကိုလံဘီယာ အစိုးရသစ်ပေါ်လာပြီး အမေရိကန်ုတို့ အလိုရှိတာ ရသွားသည်။
သံခင်း တမံခင်းမှာ ငြိမ်းချမ်းရေးလိုအပ်တယ်။ ခင်ဗျားတို့ ကျုပ်တို့လုပ်မှ ငြိမ်းချမ်းရေး ရမှာဟု ပြောနေကြသော်လည်း ကိုယ့်ရုံးခန်း စီးဝေးပွဲခန်းမမှာ အကောက်ကြံဖို့ ကြံစည်ကြသည်။ အမိန့်တွေ ပေးကြသည်။ မသိချင်ယောင်ဆောင်လိုက်သည်။ သက်ဆိုင်ရာ သံမှုးများ၏ အစီရင်ခံစားတွေကို ကြားဖြတ်နားထောင် ခိုးယူကြသည်။ “သိပ်ကြောက်စရာကောင်းတယ်” ဆိုပြီး ကိုဂျက်သီချင်းတောင် ဆိုချင်စိတ် ပေါက်လာသည်။ စာတစ်ကြောင်း အသစ်တိုးဖတ်လိုက်လျှင် အကြောင်းအရာ အသစ်ဖြစ်နေတတ်တာများသည်။ လူ့လောကကြီးများ သိပ်ရှုပ်တယ်ဟယ်လို့ လူကြီးသူမတွေ ညည်းတာကို ကျနော်ညည်းရတော့မယ် ထင်ပါရဲ့။
စာအုပ်ကို ဖတ်နေရင်း ကျနော့် ရွှေပြည်ကြီးသတင်း တစ်ပုဒ်ကို သတိရမိလိုက်သည်။ အမေရိကန် CIA ညွှန်မှူး မြန်မာနိုင်ငံကို လာမည်ဆိုသော ကိစ္စ။ နိုင်ငံခြား တိုင်းပြည်အရေးတွေမှာ သြချယူရလောက်အောင် လုပ်နိုင်စွမ်းရှိသော၊ လက်တံရှည်သော အဖွဲ့အစည်းကြီး ၏ ညွှန်မှုး လာတာ အလည်သက်သက်တော့မဖြစ်နိုင်။ သတင်းတွေမှာ ဖတ်ရသလို ကျနော်တို့ မြန်မာပြည်က သက်ဆိုင်ရာ ထောက်လှမ်းရေး ၀န်ထမ်းတွေကို သင်တန်းပေးဖို့ဆိုလျှင် ကောင်းလေစွ ဟု ပြောရမည်။ သို့သော် ကျနော်တို့ အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်ကြီးကကို တန်ပြန်ဖို့ ဘာတွေ ရနိုင်မလဲ လာကြည့်တယ်ဆိုလျှင်ကော။ ကျနော့် အတွေးတွေ ချော်နေတာလဲ ဖြစ်နိုင်ပါသည်။
ကျနော်တို့အပေါ် ဂုပ်သွေးစုပ်လွန်းသောတရုတ်ကြီး ဖြစ်သည်။ အဆင့်အတန်းမရှိ နို့မှုန့်တွေတောင် သွင်းပြီး ကောက်ကြစ်လွန်းသော တရုတ်ကြီးကို ကျနော် ရွံ့မုန်း မုန်းသည်။ တရုတ်တွေရဲ့ ငွေတစ်မျက်နှာတည်း ကြည့်ချင်သော စိတ်ကို ကျနော် မကြိုက်။ ကျနော်တို့လို အကျင့်ပျက် ချစား ၀န်ထမ်းတွေ ကြီးစိုးသော လိုတစ်မျိုး ၊ မလိုတစ်မျိုး ဥပဒေ မဆိုထားဘိ၊ အမေရိကန်လို ပြည့်စုံလုံခြုံပါသည်ဆိုသော နိုင်ငံကိုပင် တရုတ်လုပ် ပစ္စည်းအတုတွေ မှောင်ခို သွင်းတာ ဖမ်းမိသည်ဆိုသည့် သတင်းကို ဖတ်ရတော့လက်ဖျားခါသည်။ ကျနော်တို့သာ ဆိုလျှင်တော့သူတို့စိတ်ကြိုက် လုပ်လာတာ နှစ်အတော်ကြာနေပြီ။
ကျနော့်စိတ်ကူးထဲမှာ လျို့ဝှက်သဲဖို ဇတ်လမ်းတွေ ဆင်ကြည့်သည်။ နေပြည်တော် သမ္မတရုံးမှာ တရုတ် သတင်းပေး အထောက်တော်တွေ ရှိနိုင်သည်။ သူတို့ လိုချင်တာရဖို့ နဂိုကမှ ကိုယ်ခံအား မကောင်းသည့် လူအကြီး ကြီးတွေကို ငွေနှင့် ပေါက်ပြီး သတင်းယူမည်။ တိုင်းပြည်နှင့် ငွေနှင့် လဲလှယ်ခဲ့ကြသော လူတွေရှိခဲ့ကြသည်။ ရှိနေကြသည်။ လာတွေ့သည့် နိုင်ငံခြားတိုင်းပြည် ခေါင်းဆောင်တွေ မြန်မာပြည်တွင်းကမှ ပြန်မထွက်သေးခင် တရုတ်ကြီးတွေက စည်းဝေးပွဲ မှတ်တမ်းတွေ ဖတ်ပြီးပြီ။ စာတစ်အုပ်၊ သတင်း တစ်ပုဒ်နှင့် ကျနော့်မှာ ရင်မောလာရသည်။
ဘိုးတော် ဦးရွှေမန်းတို့ တရုတ်ကို သွားတော့ကျနော် စိတ်ဝင်စားမိသည်။ ဘိုးတော်က အနောက်နိုင်ငံတွေကြောင့် တရုတ်နိုင်ငံကြီးနဲ့လဲ ဆက်ဆံရေး မပျက်စေရပါဘူးဆိုသည့် ပြောကြားချက်ကို ဖတ်ရတော့အားရသည်။ ဟုတ်တာပေါ့လို့တောင် တွေးမိသည်။ ပ၀ိတ္တိသားတို့က ကျနော်တို့ အိမ်နီးနားချင်း။ စူပါပါဝါ အကြီးကြီး။ နယ်စပ်က ကိုးကန့်တွေ၊၀တွေကို သူတို့ လွယ်လွယ်လေး မွေးထားသည်။ မန္တလေး မြို့လည်က တရုတ်ကြီးတွေကို သူတို့ လိုချင်တာ ခိုင်းဖို့ သိပ်အားစိုက်ရမည်မထင်။ သူတို့ကို မကြိုက်လို့ အခုထွက်၊ အခုပြန်ဆိုပြီး လုပ်လို့လဲ ဖြစ်သော ကိစ္စမဟုတ်။ ဆရာဦးအောင်သင်း ပြောနေကြစကားတစ်ခွန်းရှိသည်။ “ သစ်သားထဲကို သံရိုက်ထည့်လိုက်ရင် သံဝင်သွားတာ သစ်သားက သံထက် ပျော့လို့။ ကျောက်တုံးပေါ် သံရိုက်ကြည့်ပါ့လား။ သံကွေးသွားမှာပေါ့။ ကျောက်တုံးက I am sorry. လို့တောင် ပြောမယ်။ “ ဆိုသည့် စကားသည် ယခု အချိန် ရွှေမန္တလေးကြီးကို ကြည့်ကာ ခံစားမိသည်။
မပြောကောင်း မဆိုကောင်း သူတို့နှင့် စစ်မက်ဖြစ်ပြီဘဲထားပါတော့။ တစ်နိုင်ငံလုံး ဂျီဒီပီ ပုံအောထည့်သုံးပြီး ကျနော်တို့ စစ်တပ်ကြီးကို ခေတ်မှီအောင် လုပ်ထားစေအုံးတော့ဘယ်လိုမှ မနိုင် နိုင်။ အနောက်နိုင်ငံတွေ အကူအညီယူမှာပေါ့ဟု တွေးမိသလိုရှိသည်။ သို့သော် သေရမှာက ကျနော်တို့အရင်။ စစ်တလင်း ဖြစ်မှာက အမိမြေပေါ်မှာ။
ကြားထဲကမှ ရှမ်းက တစ်မျိုး။ ကချင်က တပူပူ။ ချင်းက တစ်ဖုံ။ ဗမာက သောက်တလွဲ။ စစ်တပ်က ငြိမ်ငြိမ်မနေ။ အစိုးရက အသုံးမကျ။ ကျနော်တို့က အကျင့်တွေ မပြင်ဆိုလျှင် ထင်းစီးပုံပြင်ကို သတိရမိသည်။ အခုတောင် တရုတ်ဆိုင်ကယ် အဆင့်မမှီတာတွေနှင့် ကျနော်တို့ ကျွန်းသစ်၊ ဓာတ်ငွေ့တွေကို အောက်ကြေးနှင့် လဲစားခဲ့ကြပြီးပြီ။ အဆင့်မမှီ တရုတ် တိုက်လေယာဉ်တွေနှင့် ကျနော်တို့ ရေ၊ မြေတွေ မဟားဒယား အလုပ်ခံခဲရသည်။
အစည်းပြေနေသော ထင်းစီးကြီးလိုဖြစ်နေသည့် ကျနော်တို့ ရွှေပြည်ကြီးမှာ လိုအပ်တာက သာတူညီမျှဘဲဖြစ်မည်ထင်သည်။ “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ။ တန်းတူညီမျှ ၀ါဒဖြူစင်တဲ့မြေ” ဆိုသည့် နိုင်ငံတော် သီချင်း ရှိခဲ့ပြီးကြပြီ။ ကျနော်တို့သာ စည်းလုံး ညီညွတ်ကြလျှင် ပေါက်ဖော်ကြီးတို့သည် ကျနော်တို့ ရန်သူမဟုတ်။ ယန်းကြီးကြီးတို့သည်လဲ မယုံချင်စရာမဟုတ်။ ကိုယ့်လမ်းကိုယ်လျှောက် ဘသာတရား အဆုံးအမတွေနဲ့ ကမ္ဘာကြီးကို ကောင်းကျိုးပေးသော နိုင်ငံတစ်ခု ဖြစ်လာမှာ အသေအချာဘဲဖြစ်မည်။
ဆရာနေဇင်လတ်က သမ္မကြီး တစ်ဦးတည်းလို့ ပြောထားပါရဲ့နဲ့ ကျနော်ကိုက ကြားထဲက မဆီမဆိုင် ၀င်ပြီး အတွေးနယ်ချဲ့နေမိတော့သည်။
Comments