“ပွား”
စရာတွေ တပုံကြီး ရှိသေးတယ်
ဖိုးထက်၊
ဧပြီ ၂၈၊ ၂၀၁၂
ကြီးတော်ကြီး
ဒေါ်မာမာအေးရဲ့ “ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” ဆိုတဲ့ အစီအစဉ်တွေကို လူတိုင်း
သိကြမှာပါ။ ကြီးတော် မာအေးက ဖြူစင် သန့်ရှင်းတဲ့ အနုပညာရှင်ကြီး ဆိုတော့ သူပြောသမျှ
စကားလုံးတိုင်းက မှတ်သားစရာတွေ၊ ဗဟုသုတရစရာတွေ ချည်းဘဲ မို့လား။ ကျနော်လို ဘာမှမဟုတ်တဲ့
အကောင်က ပြောစရာတွေ ရှိလာတော့ သူ့လိုမျိုး ပြောစရာတွေ တပုံကြီး ရှိသေးတယ် လုပ်လို့
မရဘူးလေဗျာ။ ဒီတော့ ကျနော်တို့ လူငယ်တွေ ကြားထဲမှာ လူတစ်ယောက်ယောက်က အရေမရ အဖတ်မရတွေ
အများကြီး လာပြောနေရင် “ဒီဘဲ အရမ်းပွားတယ်ကွာ” လို့ ပြောသလိုမျိုးပေါ့။ ကျနော်လဲ ပွားပါရစေ။
ဖိုးထက်ရဲ့ “ပွားစရာတွေ တပုံကြီး ရှိသေးတယ်” ပေါ့ ဗျာ။ “ပွား” စမ်းပါရစေ။
ဒီလိုဗျ။
ကျနော်က နိုင်ငံရေး လုပ်တဲ့ သူလဲ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံ့အရေး၊ အမျိုးသားရေးကိုတော့
စိတ်ဝင်စားတယ်ဗျ။ ရွှေနိုင်ငံကြီးနဲ့ ပါတ်သက်သမျှ လူတွေ၊ ခေါင်းဆောင်တွေ၊ သူခိုး ဂျပိုးတွေ၊
အကြောင်းအရာတွေကို မလွတ်တမ်းနီးပါးလောက် သိရအောင် အချိန်ပေးမိပါတယ်။ အင်တာနက်ပေါ်မှာ
တွေ့ရတဲ့ သတင်းတွေ၊ အသံတွေ၊ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို နေ့တိုင်း ဖတ်၊ကြည့် ဖြစ်တယ်။
ထူးထူးခြားခြား အခုတစ်လောမှာ စိတ်ခံစားမှုကို ဟိုဘက်၊ ဒီဘက် အစွန်းနှစ်ဘက်ကို စွဲစွဲခေါ်သွားတဲ့
အကြောင်းအရာတွေကို တွေ့လာရတော့ ပွားချင်စိတ်က များသထက်များ လာတယ်။
ဟို
မင်းသမီး သင်္ကြန်မှာ ၀တ်စားဆင်ယင်ပုံကို ရှုထောင့် အမျိုးမျိုး၊ လူအမျိုးမျိုးက ဝေဖန်ကြ၊
လေကန်ကြ တာကိုလဲ သတိထားမိပါတယ်။ ဆရာမ တစ်ယောက်ကဆို လေ၀င်၊ လက်ဝင်လွယ်တဲ့ အ၀တ်အစားလို့
ပြောတာလဲ သဘောကျမိတယ်။ မမြင်ချင် မကြည့်နဲ့ပေါ့လို့ ပြောကြတာလဲ ဟုတ်သားဟလို့ တွေးမိတာဘဲ။
ကိုသွန်းနေစိုးရဲ့ ဆောင်းပါးလေးကို ဖတ်ပြီးမှာတော့ ကျနော် ပြောစရာ၊ တွေးစရာ စကားလုံးတွေတောင်
မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ကိုသွန်းနေစိုးရဲ့ အတွေး၊ အရေးတွေက ပြည့်စုံ၊ လှပလွန်းလို့ပါ။
ဒီကိစ္စအတွက် ပွားချင်တာတွေ များနေတဲ့ ကျနော့်အတွက် ဆရာက ဟာကွက်၊ လိုကွက် မရှိအောင်
တွေးပြ၊ ရေးပြမှတော့ ကျနော်က ဘာဝင်ပွားစရာလိုသလဲဗျာ။ ဒါပေမမယ့် မိန်းကလေးတစ်ယောက်ရဲ့
ဝတ်စားဆင်ယင်မှုက အဲဒီမိန်းကလေးရဲ့ ဘယ်မျက်လုံးမျိုးကို ကြိုက်သလဲဆိုတဲ့ မေးခွန်းလေးကိုတော့
မေးပြီးတော့ ၀င်ပွားချင်သား။ ဘလောင်ဆူနေကြတဲ့ တဏှာခိုး မျက်လုံးမျိုးတွေကို သဘောကျသလား။
ကျက်သရေရှိလိုက်တာ၊ သူ့မိဘတွေ ဆုံးမတတ်လိုက်တာ ဆိုတဲ့ မျက်လုံးမျိုးနဲ့ ကြည့်တာ သဘောကျသလား။
သူတို့ သဘောပေါ့။ သူ့ဘာသာ ပြချင်လို့ သူ့ထမင်း သူရှာစားပြီး သူ့သဘောနဲ့ သူဝတ်တာ ကျနော်ကတော့
ဘာမှ မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော့်ရဲ့ ရွှင်းလဲ့ ပြူးကျယ် ပွယောင်းယောင်း မျက်လုံးဒဏ်တော့
ခံပေါ့။ ရစရာမရှိအောင် မှတ်ချက်တွေ ရေးထားကြတာလဲ တွေ့ရပါရဲ့။ ဒါလဲ ပြောကြပေါ့။ လူတစ်ကိုယ်စိတ်တစ်မျိုးမို့လား။
ဒါပေသိပေါ့ဗျာ။ အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး အင်တာနက်ပေါ်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ သူတစ်ဖက်သားကို မကောင်းတဲ့ မိန်းမတွေနဲ့ ခိုင်းနှိုင်းပြီး ဆရာမကြီး လေသံတွေနဲ့ ပြောထားတဲ့ ဗွီဒီယို ကလစ်လေးကိုတော့ ပွားချင်လာပြီဗျာ။ ဒီမင်းသမီး ၀တ်စားထားတာ လွန်တာလဲ ကျနော်သိသလို လူတိုင်းသိကြပါတယ်။ အတော်ကြီး နာ အောင် ဝေဖန်ကြတာလဲ သူခံရပါပြီ။ အရမ်းကြီး ကို ဆဲချင်လာရင် မှတ်ချက်လေး တစ်ခု၊ နှစ်ခုလောက် ၀င်ရေးပြီး စိတ်ကို ထွက်ပေါက်ပေးရင်း ဖွင့်ထုတ်လိုက်ပေါ့။ အဲဒီအမျိုးသမီးရဲ့ ပြောပုံ၊ ဆိုပုံ၊ ခိုင်းနှိုင်းပုံတွေ၊ ဆရာမကြီးလေသံတွေကတော့ ကာယကံရှင်တောင် မသိဘူး။ ဓာတ်ပုံတွေ့ပြီး ဘာဂလိုတိုတို ဗူးထချင်တဲ့ ကျနော်တောင် အခံရ ခက်ပါတယ်။ ဆရာမကြီးရဲ့ အင်္ဂလိပ်စာသုံးနှုံးပုံ၊ ပြောပုံ ဆိုပေါက်တွေက မညံ့မှန်း ကျနော်သိပါတယ်။ မိန်းကလေးတွေ လျှပ်ပေါ်လော်လီနေတာကို ဟိုး ဟိုး ရှေး ရှေးကတည်းက ရေးကြ၊ ဝေဖန်ကြတာပါဘဲ။ ဒါပေမယ့် နားဝင်အောင်၊ ခံသာအောင် ဘယ်လိုပြောရမယ်ဆိုတဲ့ အရည်အချင်း ကျနော်နည်းသလို အဲဒီ အမျိုးသမီးလဲ မရှိဘူးလို့ ပွားမယ်ဗျာ။ ကြုံကြိုက်လို့များ အဲဒီအမျိုးသမီးနဲ့ တွေ့ရရင် အမေလူထုဒေါ်အမာရဲ့ စာအုပ်တွေ ၀ယ်ပေးပြီး “ရော့ အင့် ဖတ်” ဆိုပြီး ပွားချင်ပါရဲ့။ ပြောလို့သာ ပြောရတယ်။ “ကျမကတော့ ရှင်းရှင်းဘဲ ပြောတတ် တယ် ကိုဖိုးထက်။ နားမထောင်ချင် ထွက်သွားပါ။ ကျမကတော့ ဘယ်လို၊ ဘယ်ညာ” ဆိုပြီး လာပွားနေလို့ နားဘဲ ပိတ်ထားရမလား။ ပြေးဘဲ ပြေးရမလား မသိတတ်ပါဘူး။ “ဆရာမကြီးရယ် ပွားဘဲ ပွားနိုင်လွန်းတယ်” လို့ ပြောပြီး ဖနှောင့်နှင့် တင်ပါး တစ်သားထဲ ကျမှာပါ။
နောက်တစ်ခု
ပွားစရာရှိသေးသဗျ။ အကောင်း ပွား မှာပါဗျ။ အနုပညာခံစားမှု နိမ့်တဲ့ ကျနော်က နိမိတ်ပုံတွေ၊
အရောင်တွေ များလှတဲ့ ကဗျာတွေ မကြိုက်ဘူးဗျ။ နိမ့်တယ်ပြောပြော မခံစားတတ်ဘူးဗျ။ ဒါပေမယ့်
(ဆရာ) မင်းသုဝဏ်၊ (ဆရာ) ဇော်ဂျီ တို့လို ကဗျာတွေကအစ မောင်ချောနွယ်၊ မောင်ခိုင်မာတို့လို
ကဗျာတွေကိုတော့ ခံစားတတ်ပါတယ်။ ဆရာမောင်ချောနွယ်ပြောသလို ရင်ဘတ်ချင်း ဂျက်ပင်တပ်ပြီး
ကြိုက်တယ်ပေါ့ဗျာ။ ဟိုတစ်လောက ကံကောင်းပြီး ကိုမားဆိုးရဲ့အရှေ့အလယ်ပိုင်းနိုင်ငံကို
ပုံဖော်ပြီး ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ် ဖတ်ခွင့်ရလိုက်တယ်။ ကောင်းလှပါလား ဆိုတဲ့ အသိနဲ့
ရေးဖွဲ့သူ ကိုမားဆိုး ဆိုတဲ့ အသိကတော့ စိတ်ထဲကို စွဲရော့ဘဲ။ တစ်နေ့ကလဲ “ရန်ကုန်” ဆိုတဲ့
သူရေးဖွဲ့တဲ့ ကဗျာကို ဧရာဝတီရဲ့ Blog မှာ ဖတ်လိုက်ရတော့ မနာလိုစိတ်တောင် ၀င်ပါတယ်။
ဒီဘဲကြီးနှယ် ပွားဘဲ ပွားတတ်ပလေလို့ တွေးမိတယ်ဗျ။ သူ့ ကဗျာ ကောင်းကြောင်းကျနော်က အကျယ်
ဝင်ပွားနေရင် ဒုတိယ မြင်းထိန်း ငတာ ဖြစ်သွားပါအုံးမယ်။ ရှာသာ ဖတ်ကြည့်တော့လို့ ပွားချင်ပါတယ်။
အစားကောင်း အသောက်ကောင်းစားရရင် ချစ်ခင်တဲ့ သူတွေ သတိရသလိုမျိုး ခင်ဗျားကို ဖတ်စေချင်တယ်လေ။
အကောင်းဘက်က ပွားချင်တာဗျ။ ခင်ဗျား ကြိုက်မှာ သေချာလို့ ပွားတာပါဗျ။
ဒါက ကိုမားဆိုးရဲ့ ကဗျာလင့်ခ်ပါ။ http://www.irrawaddyblog.com/ 2012/04/blog-post_26.html
ဒါက ကိုမားဆိုးရဲ့ ကဗျာလင့်ခ်ပါ။ http://www.irrawaddyblog.com/
နောက်တစ်ခုအနနဲ့
ပွားချင်တာ တစ်ခုရှိသေးတယ်ဗျ။ ကျနော်က ဟိုမကျ ဒီမကျ အရွယ်ဆိုတော့ ကျနော့် အကြိုက်၊
အစွဲအလမ်းတွေကလဲ ဟိုမရောက်၊ ဒီမရောက်တွေပါဘဲ။ ဥပမာအားဖြင့် နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း
တို့လို ဆရာကြီးတွေရဲ့ သီချင်းတွေဆို ကြိုက်မှကြိုက်။ ပြီးတော့ ကိုနေ၀င်း၊ စိုးလွင်လွင်၊
မွန်းအောင်တို့လို သီချင်းရေးဆရာတွေလဲ ကြိုက်တာဘဲ။ ကို အယ်လ်ဖြူ၊ ကိုထူးအိမ်သင်တို့လို
ဆရာတွေရဲ့ သီချင်းလဲ ခံစားတတ်တာပါဘဲ။ ဆရာလေး လင်းလင်းဆိုရင် ကျနော့် အသဲစွဲ။ ဒါပေမယ့်
ဟိုလူ့ငေါက်တာလိုလို၊ ဒီလူ့ ဆူတာလိုလို၊ ဘောင်းဘီဂွကြား ကိုင်ပြီး သီချင်းဆိုတဲ့
Rap၊ Hip hop သီချင်းတွေကိုတော့ သူတို့ အဆူအငေါက် ခံချင်လဲ ခံရပါစေ။ မကြိုက်တတ်၊ မခံစားတတ်တာများပါတယ်။
အက်ဆစ်အဖွဲ့ပေါ်ခါစကဆို သီချင်းသံကြားတာနဲ့ နေစရာမရှိလောက်အောင် ကြောက်နေတတ်သေးတာဗျ။
လုံးဝမကြိုက်ဘူးလို့လဲ မဆိုလိုပါဘူး။ စိုင်းစိုင်းရဲ့ တော်ဂေါ်လီဆိုရင် အတော်ကြီး ကြိုက်ပါတယ်။
ကြက်ဖ၊ ဂျေးမီတို့ရဲ့ “မိုက်ခဲမယ်” ဆိုတဲ့သီချင်းတစ်ပုဒ်လဲ ကြိုက်သားလား။ “ဘော်ဒါတွေ
ဆုံလာပြီဆို မိုက်ခဲမယ်” ဆိုတဲ့ သီချင်းကတော့ သေရာပါအောင် ကြိုက်မယ့် စာသားဘဲဗျာ။
ဟိုတစ်နေ့က
Facebookမှာ သူငယ်ချင်းတွေ မျှဝေလို့ ကြည့်လိုက်ရတယ်။ ချာတိတ်မတစ်ယောက် ပေါက်တတ်ကရလုပ်ပြီး
Rap (ထင်တာဘဲ) သီချင်းလေးပါ။ “ အို ပြဿနာတွေ တက်၊ အို ပြဿနာတွေတက်၊ ခံစားချက်တွေ ကုန်ခန်းလို့
အို…” ဆိုပြီး အမူအရာတွေ၊ အဆိုတွေနဲ့ ပေါင်းစပ်ထားတဲ့ သူ့ရဲ့ ဖန်တီးမှုကို လေးစားသွားတယ်။
Youtube မှာ သူဖန်တီးထားတဲ့ သီချင်းကို စာကျက်သလို လုပ်တာကိုလဲ သဘောကျတယ်။ တေးသရုပ်ဖော်ကို
ကြည့်ပြီး ဟက်ဟက်ပက်ပက် ရီမိလို့ ကျေးဇူးတင်မိတယ်။ ငါ့ညီမလေးသာဖြစ်ရင် Eminem နဲ့ရအောင်ကို
ပေးစားပြစ်လိုက်အုံးမယ်လို့ တွေးမိသေးသဗျာ။ လူတွေရဲ့ ဘ၀အမောတွေကို ပြေစေတဲ့ ချာတိတ်မဆိုပြီး
ဘယ်ကမှန်းမသိ၊ ဘယ်သူမှန်းမသိတဲ့ ဒင်းလေးကို မေတ္တာတွေ ပို့လွတ်မိတဲ့ အကြောင်းလေး ပွားချင်တာပါ။
နောက်ဆုံး
ပွားချင်တာလေးက ကိုယ်ရည်သွေးတယ်လို့ ပြောချင်ပြောဗျာ။ ကြွားတာလို့ ဆိုချင်ဆို။ ကျနော့်ကွန်ပြူတာလေးထဲမှာ
Folder လေးတွေခွဲပြီး ကြိုက်တဲ့ သီချင်းတွေ၊ ဗွီဒီယိုတွေ၊ စာအုပ်တွေ၊ ဓာတ်ပုံတွေကို
သပ်သပ် သပ်သပ်စီခွဲပြီး သိမ်းထားတတ်တယ်။ Football ၊ Movies၊ Comedy ၊ Politics၊ IT
စသည် စသည်ဖြင့် ခွဲပြီး ထားတယ်။ Folder Lock ချပြီး သိမ်းထားရတဲ့ Folder လေးတွေလဲ ရှိသပေါ့လေ။
အဲဒီ Folder လေးတွေထဲကမှ ထူးထူးခြားခြား ရှားရှားပါးပါးလေးတွေသိမ်းဖို့ သပ်သပ်ခွဲထားတဲ့
Exquisite ဆိုတဲ့ Folder လေးလဲရှိပါတယ်။ အကြိုက်ဆုံးလေးတွေ၊ အမုန်းဆုံးလေးတွေ၊ အရီရဆုံးလေးတွေ
ကို သိမ်းဖို့ Exquisite အောက်မှာ Funny၊ Art၊ Poem ဆိုတဲ့ အခွဲလေးတွေလဲ ထားပါသေးတယ်။
ကိုမားဆိုးရဲ့
ရန်ကုန် ဆိုတဲ့ ကဗျာကို Exquisite အောက်က Poem ထဲကို ထည့်လိုက်တယ်။ ပေါက်တတ်ကရ လုပ်ထားတဲ့
ချာတိတ်မ ဗွီဒီယို ဖိုလ်လေးတွေကို တစ်ယောက်တည်း ဆုံးဖြတ်ပြီး Art အောက်မှာ သိမ်းလိုက်တယ်။
အဲ..ဆရာမကြီးရဲ့ ဗွီဒီယိုဖိုလ်ကိုတော့ Funny အောက်ကို ရွှေ့လိုက်တယ်။ ပွားခါမှ ပွားစေရော့။
နောက်တစ်ခေါက် ပြန်ကြည့်မိရင် ရီမိတော့မှာ သေချာလို့ပါဗျ။
ကိုင်း..ကျနော်
ပြောသားဘဲ။ ဖိုးထက်ကွာ အရေမရ အဖတ်မရ အရမ်းပွားတာဘဲလို့ သတ်မှတ်ချင် သတ်မှတ်။ ကျနော့်စာကို
Rubbish ထဲ သိမ်းချင်သိမ်း။ Shift+ Delete ခံပြီး ဖျက်ချင်ဖျက်။ ကျနော်ကတော့ ဆရာလိုလို
ဘာလိုလို လုပ်ပြီး ပွားရမှ နေကောင်းသာဗျ။


Comments