KIA နှင့် အစိုးရတို့ အင်တာနက်ကနေ ပြောကြပြီ
မိုးမခအထောက်တော် အမှတ် ဝဝ၉
ဇန်န၀ါရီ ၁၂၊ ၂၀၁၃
KIA နှင့် အစိုးရတို့ အင်တာနက်အွန်လိုင်းမှတဆင့် တင်ပြ ဆွေးနွေးကြသင့်ကြောင်း ပြည်သူ့လွှတ်တော်က တိုက်တွန်းအပြီး နောက်တစ်နေ့တွင် ဘက်နှစ်ဘက်၏ တင်ပြချက်များ အွန်လိုင်းတွင် ထွက်ပေါ်လာသည့် အနေအထားကို တွေ့ရှိရသည်။
အွန်လိုင်းတင်ကြသော အကြောင်းအရာမှာ ရဟတ်ယာဉ်တစ်စီးနှင့် ပတ်သက်နေသည်။
တိုက်ပွဲအရှိန်တက်နေသော သောကြာနေ့ နှောင်းပိုင်းတွင် ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်သည်ဟု ကချင်လက်နက်ကိုင် KIA တို့ထံမှ ထွက်လာသော အီးမေးတစ်စောင်တွင် ဖော်ပြထားကြောင်း AP သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ယနေ့ ရေးသားထားသည်။
သို့သော်လည်း မြန်မာသမ္မတ၏ အသစ်စက်စက် ပြောခွင့်ရ အရာရှိ ဦးရဲထွဋ်က ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို ၎င်း၏ facebook တွင် တင်ပြထားကြောင်း၊ အင်ဂျင် ချို့ယွင်းချက်ကြောင့် ရဟတ်ယာဉ် ပျက်ကျခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က ရေးကြောင်း အဆိုပါ AP သတင်းတွင် ရေးသားထားသည်။
အဆိုပါ AP သတင်းက ဆက်လက် ရေးသားရာတွင် တိုက်ပွဲနှင့် ပတ်သက်ပြီး ယခင်က အစိုးရနှင့် KIA နှစ်ဘက်စလုံးက အဓိပ္ပာယ်ကောက်ယူမှုလွဲချော်နိုင်သည့် ကြေညာချက်များ (misleading statements) ထုတ်ပြန်လေ့ရှိကြောင်း ရေးထားသည်။
မြန်မာအစိုးရတပ်၏ ကချင်ပြည်နယ် လေကြောင်းစစ်ဆင်ရေး ကာလအတွင်း ဤသို့သော ဖြစ်ရပ်မှာ ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပျက်သွားသည့် ရဟတ်ယာဉ်မှာ Mi-35 အမျိုးအစား ဖြစ်ကြောင်း ထိပ်တန်း အရာရှိတစ်ဦးကို ကိုးကားပြီး အဆိုပါ AP သတင်းတွင် ရေးသားထားသည်။
စစ်တပ်၏ မြ၀တီသတင်းဌာနကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ယနေ့ သတင်းထုတ်ပြန်ထားသည်။
မြ၀တီသတင်း
နေပြည်တော် ဇန်န၀ါရီ ၁၂
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ ပိုင်းတွင် မြစ်ကြီးနား လေတပ် စခန်းမှ နယ်မြေ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကိစ္စ ဆောင်ရွက်ရန် အတွက် ပျံသန်းလာသော တပ်မတော် ရဟတ်ယာဉ် တစ်စင်းသည် မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၂၀ အကွာ သစ်တောအုပ် အတွင်း ရုတ်တရက် စက်ချို့ယွင်း သဖြင့် အရေးပေါ် ဆင်းသက် ခဲ့ရပါသည်။
အခင်း ဖြစ်ပွားရာသို့ တပ်ဖွဲ့များအား အခြား ရဟတ်ယာဉ် များနှင့် ချက်ချင်း ပို့ဆောင် ပေးခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်အား ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်၌ ကယ်ဆယ်ရေး အဖွဲ့များမှ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီး ရဟတ်ယာဉ် အစိတ်အပိုင်း အချို့ ပျက်စီးသွား ခဲ့ကြောင်းနှင့် ရဟတ်ယာဉ် ပေါ်တွင် ပါရှိသည့် အရာရှိ လေသူရဲ နှစ်ဦးနှင့် ပျံသန်းရေး တပ်ကြပ်ကြီး တစ်ဦးတို့သည် နိုင်ငံတော် အတွက် အသက် စွန့်လွှတ် ခဲ့ရကြောင်း သတင်း ရရှိသည်။

Comments