မန္တလေးတိုင်း အယူသည်းမှုတိုက်ဖျက်ရေးခရီးစဉ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၁၃၊ ၂၀၁၃
၂၀၁၃ ခုနှစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ အယူသည်းမှုတိုက်ဖျက်ရေး (1st Break Out လူမှုရေးဟောပြောပွဲ) ခရီးစဉ်အဖြစ် အထက်မြန်မာပြည် မန္တလေးတိုင်းအတွင်းရှိ ရွှေဘို ခရိုင် ဆိပ်ခွန်ကျေးရွာ၊ ကျောက်ဆည်မြို့၊ မြစ်လောင်းမြို့၊ မဟာအောင်မြေမြို့နယ်၊ အမရပူရမြို့နယ် (အရှေ့ခြမ်း)၊ ရွှေကြက်ယက်ကျေးရွာ၊ ချမ်းမြသာစည်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ငန်းဇွန်းမြို့နယ်ရှိ မြို့သာ အစရှိသည့် မြို့/ကျေးရွာအသီးသီးရှိ နာရေးကူညီမှုအသင်းများ၊ လူမှုကူညီရေးအသင်းများတို့၏ ဖိတ်ကြား ချက်အရ ၅.၁.၂၀၁၃ (စနေနေ့) နံနက် (၈း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှ ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ အသင်းသူ/ သားတို့ စတင်ခရီးနှင်ခဲ့သည်။
မန္တလေးမြို့သို့ ည (၆း၀၀) နာရီအချိန်တွင် ၀င်ရောက်ခဲ့ရာ “နိဗ္ဗာန်ရွှေပြည် နာမှုလူမှုကူညီရေး အသင်း”မှ ခရီးဦးကြိုခဲ့ပြီး “တောင်စလင်းတိုက်သစ်ကျောင်း”သို့ ဆက်လက်သွားရောက်ပြီး တိုက်အုပ် ဆရာတော် ဘဒ္ဒန္တနေမိန္ဒ ကိုယ်တိုင်ကြိုဆို၍ အနားယူရန်အတွက် နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက် ပေးခဲ့သည်။ ခရီးဦးဆိုက်သည်နှင့် တောင်းစလင်းတိုက်သစ်၏ ကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အား ဦးခိုက်ကန်တော့ကာ တစ်နေ့တာခရီး၏ ပင်ပန်းနွမ်းနယ်မှုအား အိပ်စက်အနားယူခဲ့ကြသည်။
၆.၁.၂၀၁၃ (တနင်္ဂနွေနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် လူမှုရေးဟောပြောပွဲအဖြစ် ဦးစွာ ပထမအဖြစ် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်မြို့ရှိ “စိတ္တသုခ နာရေးကူညီမှုအသင်း”၌၄င်း၊ ည (၈း၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်း၊ ငန်းဇွန်မြို့နယ်၊ မြို့သာမြို့ရှိ “ယသကုလပုတ္တ လူမှုကူညီရေးအသင်း”၌၄င်း၊ ၇.၁.၂၀၁၃ (တနင်္လာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျောက်ဆည်မြို့၊ အနောက်သာဂရမြို့ရှိ “အကြင်နာ လူမှုကူညီရေးအသင်း”၏ ရုံးခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အလှူငွေ ၃၀၀၀၀၀ိ/- (သုံးသိန်း) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး ဆက်လက်၍ ညနေ (၃း၀၀) နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်ရှိ “ဒေ၀ယာနိက နာမှုကူညီရေးအသင်း”၌၄င်း၊ ညနေ (၄း၀၀) နာရီအချိန်တွင် ကံတက်ကုန်း မစိုးရိမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/ သူများနှင့် တွေ့ဆုံခဲ့ပြီးနောက် ည (၈း၀၀) နာရီအချိန်တွင် မြစ်လောင်းမြို့ရှိ “အဖြူရောင်လွင်ပြင် လူမှု ကူညီရေးအသင်း” တစ်နှစ်ပြည့်အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်သူသည် ဦးဘုန်း(ဓါတု)၊ ကိုလေး(အင်းဝ ဂုဏ်ရည်) တို့နှင့်အတူ၎င်း၊ ၈.၁.၂၀၁၃ (အင်္ဂါနေ့) နံနက် (၉း၀၀) နာရီအချိန်တွင် အမရပူရမြို့နယ် (အရှေ့ခြမ်း)၊ ရေဘုတ်ကျေးရွာ၊ ကံဦးဘုန်းကြီးကျောင်းအတွင်းရှိ “ဘ၀အလင်း” အခမဲ့စာဖတ်ခန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသော မန္တလေးမြို့ဒေသခံ အလှူရှင်များတို့မှ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ စုစုပေါင်းအလှူငွေ ၁၁၁၀၀၀၀ိ/- (တစ်ဆယ့်တစ်သိန်းတစ်သောင်း) ကျပ်တိတိအား ပေးအပ် လှူဒါန်းခဲ့ပြီး နံနက် (၁၁း၄၅) နာရီအချိန်တွင် အမရပူရမြို့နယ်(အနောက်ခြမ်း)၊ ရွှေကြက်ယက်ကျေးရွာရှိ “သံဝေဂဉာဏ လူမှုကူညီရေးအသင်း”၏ တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် ခဲ့ကြပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ ၂၀၀၀၀၀ိ/- (နှစ်သိန်း) ကျပ်တိတိအား ပေးအပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ ည(၈း၀၀) နာရီ အချိန်တွင် ချမ်းမြသာစည်မြို့၊ ထွန်တုံးရပ်ရှိ “နိဗ္ဗန်ရွှေပြည် နာမှုလူမှုကူညီရေးအသင်း” (၂) နှစ်ပြည့် အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်သူသည် ဦးထွန်းလွင် (မိုးလေ ၀သ)နှင့် ဟာသသရုပ်ဆောင် ဗေလုဝ တို့နှင့်အတူ ဟောပြောခဲ့သည်။
မန္တလေးတိုင်းအတွင်းရှိ လူမှုရေးခရီးစဉ် ဟောပြောပွဲတစ်လျှောက် အစစ အရာရာ ကူညီပံ့ပိုး ပေးခဲ့ ကြသော ဒေသခံလူမှုရေးအသင်းအဖွဲ့များမှ လူမှုရေးသမားများ၊ ဒေသခံပြည်သူလူထုများ၊ ခရီးစဉ်အား အဆင်ပြေချောမောစွာဖြင့် သွားလာနိုင်ရန်အတွက် ပို့ဆောင်ကူညီပေးခဲ့သော ရွှေစင်စင်္ကြာ အဆင့်မြင့် ခရီးသွားလုပ်ငန်းနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးတို့အား ကျေးဇူးတင်ရှိပါကြောင်းနှင့် Kyaw Thu 1st Break Out လူမှုရေးဟောပြောပွဲ အထက်မြန်မာပြည် ခရီးစဉ်အား အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။
Comments