အကြို
အကြား သို့ အတွေး လမ်းလျှောက်ခြင်း..
ဖိုးထက်၊
မတ် ၁၊ ၂၀၁၃
ကြားသုံးကြား မ၀င်ကောင်းဘူးဟု အဆိုရှိသည်။
ဘယ်သုံးကြားကို ပြောသလဲ ကျွန်တော်မသိ။ အသေအချာ မ၀င်ကောင်းသော ကြားကတော့ ဘာသာရေး ပဋိပက္ခကြားထဲကို
ဝင်ပါခြင်းဖြစ်နိုင်သည်။ ခရစ်ယာန်နှင့် မူဆလင်၊ မူဆင်လင်နှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့်
အိန္ဒူ၊ အိန္ဒူနှင့် ဂျိမ်းစ် ဘာသာ အမျိုးမျိုး အထွေထွေ ငြင်းကြ၊ ခုံကြသော ကြားထဲကို
ဝင်ရောက်ပါဝင်ပါတ်သက်ခြင်းသည် အလွန် အန္တရာယ် ကြီးလှသည်။ လူ့သက်တမ်း တစ်လျှောက်လုံး
ကောင်းကျိုးတွေ တဝေေ၀ အလုပ် လုပ်လာခဲ့ကြသော သူများပင်လျှင် ဘာသာရေးနှင့် ပါတ်သက်ပြီး
ပြောတော့လဲ ပြောပြန်ပြီ၊ မပြောတော့လဲ မပြောဘူး…အမျိုးမျိုး မရိုးနိုင်အောင် အပြောခံရ၏။
ကျွန်တော်လို အကောင်မျိုး ၀င်ပြီး လက်လျှိုလျှင် ပြတ်ရုံသာမက အမှုန့်ပါ ဖြစ်သွားနိုင်သည်။
တစ်မြန်မနေ့က အင်တာနက်ကျေးဇူးကြောင့် ဦးဖိုးကျား၏
“ကိုယ်တွေ့ ၀တ္ထုများ” ကို ပြန်ဖတ်လိုက်ရသည်။ အခမဲ့ ကူလီထမ်းခြင်း၏ အကျိုးကျေးဇူး၊ မိတဆိုးရှင်ပြု
စသည့် တစ်ခါဖတ်မိရုံနဲ့ တစ်သက်လုံး စွဲနေစေသည့် ဆရာကြီး၏ စာများကို ပြန်ဖတ်ရင်း အရင်က
သတိမပြုမိသော စာတစ်ကြောင်းကို သတိပြုမိသည်။ “ဘုရားဖူးသွားခြင်း” ဆိုသည့် ၀တ္ထုလေးကို
မှတ်မိကြလိမ့်မည် ထင်သည်။ ကျိုက်ထီးရိုး ဘုရားဖူးသွားကြသော ဆရာကြီးနှင့် သူ့သူငယ်ချင်း
အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ ကျိုက်ထီးရိုး တောင်ခြေမှာ ဒုက္ခရောက်နေသော အဘိုးကြီး
အဘွားကြီးနှင့် မြေးနှစ်ယောက် တို့ မိသားစုကို မိမိတတ်နိုင်သမျှ အကုန်ပုံအောပြီး အကူညီပေးသည့်
ဆရာကြီး၏ သူငယ်ချင်း လူသူတော်ကောင်းကြီး အကြောင်းဖြစ်သည်။ ဆရာကြီးက စာဖတ်သူကို ပေးချင်သည့်
Message က အတုံးလိုက် အတစ်လိုက် အီစိမ့်နေအာင် ပြည့်စုံလွန်းလှသည်။ ထိုဝတ္ထုကို အရင်က
ဖတ်ဘူးခဲ့သည်။ အခု ပြန်ဖတ်တော့ ၀တ္ထုနောက်ဆုံးမှာ အမှာစာတိုလေး ရေးခဲ့ကြောင်းကို သတိထားမိသည်။
ဆရာကြီးက
“မှတ်ချက်။ ။ ဤ၀တ္ထုတွင် ဘုရားကြည်ညိုနည်း၌ ဗုဒ္ဓဘာသာကို အရင်းတည်၍ပြခြင်းမှာ မြန်မာနိုင်ငံတွင်
အများအားဖြင့် ကိုးကွယ်သော ဘာသာကြီးဖြစ်၍ ပုံစံအနေဖြင့်သာ ပြခြင်းဖြစ်သည်။ အခြား ဘာသာဝင်တို့
အတွက်ကား သဘောတရားမျှသာ ယူရန်ဖြစ်၏။” ဟု အဆုံးပိတ် အမှာစာလေး ရေးခဲ့သည်။
ဆရာကြီး ဆိုလိုရင်းကို ကျွန်တော် ဆပွားတွေးကြည့်မိသည်။
လူပီသဖို့သာ အဓိက၊ မေတ္တာဂရုဏာသည်သာလျှင် ဘာသာတရားတွေထက် အလျင်ဦးစားပေး စဉ်းစားသင့်သော
အရာလို့ ပြောချင်တာ ထင်သည်။
အခုတစ်လောမှာ၊ ပါတ်ဝန်းကျင်မှာ၊ အင်တာနက်မှာ
ဘင်္ဂလီအရေးနှင့် မွတ်ဆလင်အရေးကို မခွဲခြားနိုင်သူများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို တောင်းစားသူသာသာ
ပြောချင်ကြသော မွတ်ဆလင်များ၊ မွတ်ဆလင်တွေဆိုရင် တစ်ယောက်မှ မကောင်းဘူး ဟု လုပ်လာကြသူ
ဘော်ဒါ အရင်းကြီးတွေ တွေ့လာရသည်။ စိတ်မကောင်းဖြစ်ရသည်။
မြန်မာနိုင်ငံနှင့် မွတ်ဆလင်ဘာသာ ဆက်စပ်ပါတ်သက်မှုတွေကို
ကျွန်တော် ဥာဏ်မှီသလောက် စဉ်းစားကြည့်မိသည်။ ဗျဝွိ ဗျတ္တ ညီအစ်ကိုသည် မူဆလင် ညီနောင်ဟု
အဆိုရှိကြသည်။ ဒီညီအစ်ကိုနှစ်ယောက်နှင့် ပါတ်သက်ပြီး ပုဂံ၏ လွမ်းမောဖွယ် ဇာတ်လမ်းတွေ
တစ်ပုံတစ်ခေါင်းကြီးရှိသည်။ ရွှေအိမ်စည်ဆိုသည့် ဘုရင့်သမီးတော်လေးက မွတ်ဆလင် ဘာသာဝင်
ပရိက္ခရားနှင့် လိုက်ပြေးတော့ ကျန်စစ်သားကြီး မကြိုက်သလို ကျွန်တော်တို့လဲ မကြိုက်။
ကိုယ့်ဘာသာဝင်ကို ကိုယ့်ဘာသာဝင် အချင်း ချင်း လက်ဆက်စေချင်ကြတာ ဘယ်သူကမှ ဘယ်သူ့ထက်
မသာသော စိတ်ဆန္ဒဇောများရှိကြမည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာအဖြစ်
သတ်မှတ်ကြဖို့ ဗိုလ်ချုပ်ကိုယ်တိုင် လေးစား ကြည်ညိုသည့် စွယ်စုံရ ပညာရှင် ဆရာကြီး
ဒီးဒုတ်ဦးဘချိုက တိုက်တွန်း အဆိုပြုသောအခါ ဗိုလ်ချုပ် ပြန်ပြောသော စကားကို လူအများစု
ကြားဘူးကြပါလိမ့်မည်။ ဗိုလ်ချုပ်ကတော့ ဆရာကြီးကို ကန့်ကွက်သွားခဲ့သည်။ ဗိုလ်ချုပ်ဘာသာ
သူ့ဆရာကြီးကို ခံငြင်းလို့သာ ငြင်းခဲ့သည်။ ဦးနုတို့၏ “နိုင်ငံတော် ဘာသာသည် ဗုဒ္ဓဘာသာဖြစ်သည်။”
ဟူသည့် ပြန်တမ်း မထုတ်ပြန်ခင်ကတည်းက ဗုဒ္ဓဘာသာဝင် အများစုရှိသော နိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ဟုလည်း
တစ်ကမ္ဘာလုံးက သိပြီး ဖြစ်ကြသည်။ ရွှေရောင်တ၀င်းဝင်း ကျောင်း၊ ကန်၊ စေတီ၊ ပုထိုးများ
နှင့် မြန်မာနိုင်ငံသည် ချစ်စရာနိုင်ငံ။ ယဉ်ကျေးပျူငှာ ဖော်ရွှေသောနိုင်ငံ။
ဒီမိုကရေစီ ထိပ်တန်းကျလှပါပေ့ဆိုသည့် အမေရိကန်နိုင်ငံမှာ
ဗုဒ္ဓရှင်တော်မြတ်၊ အလ္လာရှင်တော်မြတ်၊ မယ်တော်ကာလီ တို့သည် ယေရှုခရစ်လောက် ရေပန်းမစားတာ
သေချာသည်။ ကောင်းကင်ဘုံကို မယုံကြည်သူ လူနည်းစုကို ကြည့်သော အကြည့်များက တစ်မျိုးဖြစ်နေနိုင်ပါသည်။
လူများစုကိုးကွယ်သည့် ဘာသာသည် ထိုတိုင်းနိုင်ငံအတွက် အလိုလို ရှေ့ရောက်လာတာ ဘာကြောင့်ပါလိမ့်ဟု
ခေါင်းခြောက်အောင် စဉ်းစားစရာမလိုဘူး ထင်ပါသည်။ ဆော်ဒီနိုင်ငံနှင့် အရှေ့အလယ်ပိုင်း
နိုင်ငံတွေမှာ မွတ်ဆလင် ဘာသာသည် ထိပ်တန်းဖြစ်သည်။ ထိုနိုင်ငံတွေမှာ တစ်ခြားဘာသာဝင်တွေ၏
ဘုရား၊ ကျောင်း၊ ကန်၊ စေတီ၊ ပုထိုး၊ ဘုရားရှစ်ခိုးကျောင်းတို့ အခြေချ တည်ဆောက်ဖို့
ဆိုသည်မှာ အန္တရာယ် အလွန်များလှသည်။ မွတ်ဆလင်ဘာသာကို ကိုးကွယ်သည့် အစိုးရအုပ်ချုပ်သည့်
လူကြီးများအောက်မှာ ဒီမိုကရေစီတွေ၊ တန်းတူညီမျှတွေ၊ လူ့အခွင့်အရေးတွေ သွားအော်နေသော်လည်း
အာခြောက်ရုံသာ ရှိပါလိမ့်မည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၊ ခရစ်ယာန်ဘုန်းတော်ကြီးတို့
ဆော်ဒီနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရရှိဖို့ မဖြစ်နိုင်ဟု ဆိုကြသည်။ ဘာသာရေး ခွဲခြားမှု။
ဆတ်ဆတ်ထိမခံ ဘာသာဘဲဟု မမြင်ဘဲ ပြည်ဝင်ခွင့်ပေးလိုက်သော တစ်ခြားဘာသာဝင် ဘုန်းတော်ကြီးများ
သူတို့နိုင်ငံထဲမှာ မြင်မကောင်း၊ ရှုမကောင်းအောင် အန္တရာယ်ကျရောက်နိုင်တာကို ကြိုတင်ကာကွယ်သည်ဟုဘဲ
မြင်သည်။ ထို့အတူ ဗုဒ္ဓဘာသာဝင် အများစုအုပ်ချုပ်သော၊ ဗုဒ္ဓဘာသာဝင် အများစုရှိသော နိုင်ငံထဲမှာ
ဥပဒေလက်တစ်လုံးခြား လုပ်ပြီးသော်လည်းကောင်း၊ ပွင့်လင်းမြင်သာမှု မရှိဘဲသော် လည်းကောင်း၊
လူအများစု၏ စိတ်ဇောတွေကို မျက်ကွယ်ပြုပြီးသော် လည်းကောင်း ဗုဒ္ဓဘာသာအဆောက်အဦးမဟုတ်ဘဲ
ဘာသာခြား အဆောက်အဦးတို့ မပြီးနိုင် မစီးနိုင် တစ်ခုပြီး တစ်ခု တည်ဆောက်လိုလာလျှင်
အမုန်းတွေ၊ သံသယတွေသာ များလာမှာ သေချာပါသည်။
တစ်ခါတစ်ရံ ကျွန်တော်တို့က မဖြစ်နိုင်သော
ကိစ္စများအတွက် အမှန်တရားကို မျက်ကွယ်ပြုပြီး ဇွတ်အတင်းကာရော မိမိတို့ ဖြစ်ချင်တာကို
ရှေ့တန်း တင်တတ်ကြတာ လူ့သဘာဝလို့သာ ဆိုရမည်လား မသိ။ ဟိုး ပဝေသဏီကတည်းက မြန်မာနိုင်ငံထဲမှာ
မွတ်ဆလင်ဘာသာဝင်တို့ ရှိနေကြတာ၊ မွတ်ဆလင် ဘာသာဝင်တို့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိနေကြတာကို
မေ့ထားချင်ကြသည်။ မွတ်ဆလင်တွေ ဘာလုပ်ပြစ်၊ ညာလုပ်ပြစ် စသည့် အကျိုးမရှိသော စကားများဖြင့်
အချိန်ကုန်ကြ၏။ မွတ်ဆလင်ဘာသာဝင် တို့ ရှိနေခြင်းကို မကြိုက်ဘူးဟုဆိုလျှင် တူရကီကြေးစား
စစ်သားတွေကို အသုံးပြုခဲ့သော ဘုရင့်နောင်ကို ပြန်ခေါ်မေးရမည်။ ဗုံးအိုး၊ လက်ပံလှ စသည့်
ကျောက်ဆည်နားမှာ မွတ်ဆလင်ရွာတွေ တည်ထောင်ပြီး အခြေချ နေထိုင်ခွင့် ပြုခဲ့သည့် မင်းတုန်းမင်း
တရားကြီးကို ကော်မတီဖွဲ့ပြီး စစ်ဖို့သာ ရှိသည်။ ဒီအချိန်အခါကြီးကျမှ ၁၀၀% ဗုဒ္ဓဘာသာဝင်
နိုင်ငံဖြစ်ဖို့ ဆိုသည်မှာ ကယောင်ကတန်း အိပ်မက် ထမက်ခြင်းသာ ဖြစ်မည်။
ဘင်္ဂလီအရေးနှင့် မွတ်ဆလင်ဘာသာဝင်တို့ကို ရောထွေးပြီး
အတွေးမပြတ်သားသူများလဲ တွေ့ရ၏။ ဘင်္ဂလီအရေးသည် နပ်စပ်မလုံခြုံခဲ့သော နှစ်ရှည်လများ ကိစ္စကြီးသာဖြစ်သည်။
ပညာရည် နိမ့်ပါးသော လူအုပ်စုကြီးကို ဒီအတိုင်းတိုင်း နှစ်ရှည်လများ ပြစ်ထားသော အခါ
မွေးဖွားနှုန်း ကြောက်ခမန်းလိလိဖြစ်လာသည်ဟု ပညာရှင်များက ဆိုကြ၏။ သြော် ဒါဘဲ
Entertainment ရှိကြတာ တူပါရဲ့ဟု တွေးမိသည်။ ဘင်္ဂလီတွေကို အများသူငှာ မနှစ်သက်သလို ကျွန်တော်ကိုယ်တိုင်လဲ
လုံးဝကိုယ်ချင်းစာပေးလို့မရ။ သို့သော် နာဇီတွေကျူးလွန်ကြသလို လုပ်ကြပါတော့လားဟု ကြွေးကြော်သည့်
လူတွေကို အော့နှလုံး နာဖွယ် တွေ့ရသည်။ ဘင်္ဂလီအရေးအတွက် အနာသိပြီး ဖြစ်သည်။ ဆေးဘယ်လို
ကုရမယ်ဆိုတာ ဘဲ အဖြေရှာကြဖို့ လိုမည်။ ဘင်္ဂလီတွေ စည်းမရှိ၊ ကမ်းမရှိ မခန့်လေးစားလုပ်တိုင်း
မွတ်ဆလင်တွေအကုန်ကို မုန်းကြကြေးဆိုလျှင် နိုင်ငံအတွက် အသက်ပေးသွားသော ဗုဒ္ဓဘာသာ ကျောင်းအုပ်ဆရာ ကြီး မွတ်ဆလင်ဘာသာဝင် ဦးရာဇာတ်ကြီးကို
အားနာစရာ။
အတွေးတွေ
ကန့်ထုတ်ဖို့ လိုပါလိမ့်မည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံဆိုတာကို ကြိုက်ကြိုက်
မကြိုက်ကြိုက် လက်ခံဖို့ လိုပါလိမ့်မည်။ ထို့အတူ မွတ်ဆလင် ဘာသာဝင်တိုင်း ဘင်္ဂလီတွေနဲ့
တန်း မတူတာ လက်ခံရပါလိမ့်မည်။ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်၊ မွေးချင်တိုင်းမွေး၊
ဖြစ်ချင်တိုင်း ဖြစ်နေသော လူများကို ကင်တန်းနားကြီးလောက် ကျွန်တော် သဘောထား မကြီးနိုင်ပါ။
မွတ်ဆလင် ဘာသာဝင်တို့ ဘုရား ၀တ်ပြုဖို့ ဗလီကျောင်းတော် ၃၀၀၀ ကျော်ခန့် ရှိသော မြန်မာနိုင်ငံကို
ဘာသာရေး လွတ်လပ်ခွင့် မရှိဘူးဟု ဖင်ပိတ်ပြီး မအော်ကြဖို့ လိုပါမည်။ အမျိုးသားရေး ပြင်းထန်ကြတာ
ကောင်းပါ၏။ သို့သော်လည်း အနာကြီး ဗန်းတပြပြနှင့် လုပ်စားသွားသော ဟစ်တလာကြီးကို မမေ့ကြဖို့
လိုပါလိမ့်မည်။
တစ်ဖစ်နှင့် တစ်ဖက် လေစစ်ပွဲများ၊ ကီးဘုတ်တိုက်ပွဲများ၊
ဘလော့ခ်တိုက်ပွဲများမှသည် အမုန်းတွေက အပြင်ဘက်ကို အံ့ထွက်ကျလာမှာစိုးရိမ်မိသည်။ အမုန်းတရားတွေ
နှစ်ဦးနှစ်ဖက် ၀င်လာကြလျှင် အာဏာရူးတွေအတွက် လုပ်စား ၊ကိုင်စားရတာ အလွန်လွယ်ကူသွားမည်။
အားကြီးသူက အားနည်းသူကို နိုင်စတမ်း၊ အားနည်းသူက အားကြီးသူကို ချောက်တွန်းဖို့ စောင့်နေကြစတမ်းသာဆိုလျှင်
ဘယ်တော့မှ မပြီးဆုံးသော ၀မ်းနည်းစရာ ဇာတ်လမ်းများ…အဖြစ်အပျက်များ…မကြားဝံ မမြင်ရက်စရာများ..။
ဒီမိုကရေစီဆိုသည့် တန်းတူညီမျှစနစ်ကို ဘယ်ဘာသာဝင်တိုင်းမဆို နှစ်သက်ကြပါလိမ့်မည်။ ဒီမိုကရေစီ၏
နောက်တွင် ကပ်ပါလာသည့် ကိုယ့်တာဝန်ကိုယ်ယူသူတွေ၊ လူ့ယဉ်ကျေးမှု ရှိလူတွေ၊ နိုင်ငံတော်အပေါ်
သစ္စာဖောက်သူတွေ မဖြစ်ကြဖို့လဲ လိုပါလိမ့်မည်။
ကိုယ်ကြိုက်တဲ့ ဘာသာ ကိုယ်ကိုးကွယ်ကြစမ်းပါလေ့။
မြန်မာနိုင်ငံသားစစ်စစ်ဆိုသည့် အမိုးကြီး အောက်မှာ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာတွေ၊ မွတ်ဆလင်တွေဘဲဟု
ခွဲခြားပြီး အချင်းချင်း မေတ္တာတရား မထားနိုင်ကြဘဲ သတ်ကြ၊ ဖြတ်ကြဖြစ်နေကြလျှင် ကျွန်တော်တို့
ဗုဒ္ဓရှင်တော်မြတ်ကလဲ ကြိုက်မှာ မဟုတ်။ အလ္လာရှင်တော်မြတ်လဲ စိတ်ချမ်းသာမည် မထင်။ ဦးဖိုးကျားကြီးလဲ
စိတ်မကောင်းဖြစ်မှာ သေချာပါ၏။ ကျွန်တော်ကတော့ မရိုးမသား စိတ်များဖြင့် ဘာသာရေး မှိုင်းတိုက်ဖို့ ကြံစည်နေကြသော ဘယ်သူ့ကိုမဆို
ဆန့်ကျင်ဖို့ ၀န်မလေးလှပါ။
ဖိုးထက်
(Photo
Credit - http://www.yogapeace.com/Images/religions_wheel_crimson.png
)
Comments