Maung Swan Yi - 88-25 Years Message

ရှစ်လေးလုံး ငွေရတု သ၀ဏ်လွှာ
မောင်စွမ်းရည်၊ သြဂုတ် ၇၊ ၂၀၁၃
ရဲဘော်များ မိတ်ဆွေများ ခင်ဗျား
ကျနော် ကဗျာဆရာ မောင်စွမ်းရည်ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ရဲဘော်တို့နှင့်အတူ မြို့လုံးပတ်လည် ချီတက်လိုက်၊ ဟောလိုက် ပြောလိုက်၊ နေ့ရော ညပါ ပါဝင်ဆင်နွှဲခဲ့သူတဦး ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ၂၅ နှစ် ကြာခဲ့ပြီး ငွေရတုအခါသမယကို ရောက်ရှိနေပေမယ့် မနေ့တနေ့ကလိုပဲ လွမ်းဆွတ်၊ လတ်ဆတ်၊ အမှတ်တရနဲ့ စိတ်လှုပ်ရှားဖွယ် ကောင်းတုန်းပဲ ရှိသေးတယ်။
ခေတ်သစ်မြန်မာသမိုင်းတလျောက်မှာ အထင်ကရ မှတ်တိုင်ထူတဲ့ သမိုင်းဝင်လှုပ်ရှားမှုကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျောင်းသားအရေးတော်ပုံ၊ အလုပ်သမားအရေးတော်ပုံ၊ တောင်သူလယ်သမားအရေးတော်ပုံ စသည်ဖြင့် အရေးတော်ပုံတွေ ဖြစ်ပွားခဲ့ရာမှာ ကျောင်းသားတွေဟာ အခါများစွာ ဆိုသလိုပဲ အရေးတော်ပုံကြီးများ ပါဝင်ဆင်နွှဲပြီး တခါတရံမှာဆိုရင် အရေးတော်ပုံကြီး မီးလျှံကြီးတွေကို စတင်ထွန်းညှိသူတွေ ဖြစ်နေတတ်ပါသေးတယ်။
ကိုလိုနီခေတ်မှာ ၁၉ ၂၀ ပြည့် ကျောင်းသားအရေးတော်ပုံ၊ ၁၉ ၃၆ အရေးတော်ပုံ၊ ၁၉ ၃၈ ကျောင်းသားအရေးတော်ပုံတို့ဟာ ကိုလိုနီခေတ်ဗြိတိသျှအစိုးရကို အာဏာဖီဆန်ရာမှာ အထူးထင်ရှားခဲ့တဲ့ ကျောင်းသားအရေးတော်ပုံကြီးတွေဖြစ်ပြီး ၁၉ ၃၈ အရေးတော်ပုံဟာဆိုရင် ရေနံမြေအလုပ်သမား အရေးတော်ပုံနဲ့ပေါင်းစပ်သွားပြီး အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြည်သူတွေ ပေါင်းစည်းလှုပ်ရှားတဲ့ ပြည်သူ့အရေးတော်ပုံကြီး ဖြစ်သွားခဲ့ပါတယ်။
နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆက်ဂျပန်တို့ကို လက်နက်ကိုင်တော်လှန်ခဲ့ကြတဲ့ အရေးတော်ပုံကြီးတွေကလွဲရင် မတရားဖိနှိပ်အုပ်စိုးသူတွေကို တွန်းလှန်ကြရာမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ကျောင်းသားများနဲ့တကွ လူထုလူတန်းစား မျိုးစုံ ပါဝင်တဲ့ လက်နက်မဲ့ လူထုပုန်ကန်ခြားနားမှုကြီးအဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။
စစ်အစိုးရပြုတ်ကျတဲ့အပြင် မဆလတပါတီ အာဏာရှင်စနစ်ကြီး ပျက်သုဉ်းသွားခဲ့ပြီး လူထုခေါင်းဆောင် ကြီးငယ်တွေကို မွေးထုတ်ခဲ့ပါတယ်။ ပါတီစုံစနစ်ကြီးလည်း ပြန်လည် ဖြစ်ပေါ်လာခဲ့ပါတယ်။ သမ္မတတွေ ရက်ပိုင်း လပိုင်းအတွင်း အကြိမ်ကြိမ် ဖြုတ်ချနိုင်ခဲ့တဲ့အပြင် တပါတီအာဏာရှင်စနစ်ဆိုးရဲ့ မဏ္ဍိုင်တွေဖြစ်တဲ့ ၁၉ ၇၄ အခြေခံဥပဒေကြီးကိုလည်း ဆုတ်ဖြဲပစ်လိုက်နိုင်ခဲ့ပါတယ်။ အဲသလို လူထုအောင်ပွဲတွေ ရရှိခဲ့ပေမယ့် ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကတော့ဖြင့် အပြည့်အ၀မရရှိသေးဘဲ စစ်အစိုးရဦးဆောင်ရေးဆွဲခဲ့တဲ့ စစ်ဗိုလ်တမတ်သား ၂၀၀၈ အခြေခံဥပဒေကြီးနဲ့ တစ်ဆို့ကျန်ရစ်နေပါသေးတယ်။
ပါတီစုံစနစ်ဆိုတာဟာ အစိုးရတဖွဲ့လုံးကို ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့ ရွေးကောက်တဲံ ပြည်သူ့ကိုယ်စားလှယ်များသာ ဖွဲ့စည်းရရိုး ထုံးစံဖြစ်ပေမယ့် ပြည်သူလွှတ်တော်ထဲမှာ ဆွမ်းဆန်ထဲ ကြက်ချေးရောသလို မဲဆန္ဒနဲ့ မရွေးကောက်တဲ့ စစ်ဗိုလ်အမတ်တွေတမတ်သား ပါနေသေးတဲ့အပြင် သမ္မတ၊ ဒုသမ္မတ စတဲ့ ထိပ်ဆုံးကနေရာတွေကို စစ်ဗိုလ်တွေကပဲ ရွေးချယ်ခွင့်ကို ယူထားပါတယ်။
ဒါကြောင့် လက်ရှိအစိုးရဟာ ဘောင်းဘီချွတ်ပုဆိုးဝတ်ထားပေမယ့် သေနတ်မချွတ်တဲ့ စစ်အစိုးရတပိုင်းသာ ဖြစ်နေပါသေးတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို၊ လေယာဉ်ကွင်းမှာ ဘိုးအင်းလေယာဉ်ဆင်းသလို အထင်းသား မြင်သာ ထင်သာ ရှိနေပါတယ်။
ဒါကြောင့် ၈လေးလုံးအရေးတော်ပုံဟာ လုံးဝပြီးဆုံးခြင်း မရှိသေးပါဘူး။ ရဲဘော်တို့နဲ့အတူ ပြည်သူလူထုက ဒီမိုကရေစီအပြည့်အ၀ ရသည်အထိ ရဲဘော်တို့နဲ့အတူ နည်းမျိုးစုံနဲ့ မျက်ခြေမပြတ်တမ်း တိုက်ပွဲဝင်ကြပါဦးစို့လို့ နှိုးဆော်လိုက်ရပါတယ်။
အပ္ဗမာ ဒေန သမ္ဗာဒေထ၊ လုံးဝ မပြတ်သတိချပ်နိုင်ကြပါစေသတည်း။        
ကျနော် မောင်စွမ်းရည်ပါ ခင်ဗျား၊ အားလုံးကို ကျေးဇူးတင်ပါတယ်။
အရေးတော်ပုံ အောင်ပါစေ။       

(မောင်စွမ်းရည်၊ သြဂုတ် ၃၊ ၂၀၁၃၊ အမေရိကန်မှာ ဖတ်ကြားတဲ့ သ၀ဏ်လွှာမိတ္တူ)


Comments